နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခရီးပန်း၍ ခေတ္တအနားယူခြင်းသာဖြစ်ပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း NLD နာယက သူရဦးတင်ဦး ပြောကြား

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခရီးပန်း၍ ခေတ္တအနားယူခြင်းသာဖြစ်ပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း NLD နာယက သူရဦးတင်ဦး ပြောကြား
Published 28 September 2016
ကျော်ဇင်ဝင်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ခရီးပန်း၍ ခေတ္တအနားယူခြင်းဖြစ်ပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ နာယက သူရဦးတင်ဦးက စက်တင်ဘာ  ၂၇ ရက်တွင် ပြောကြားသည်။
 
ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဌာနချုပ်တွင် စက်တင်ဘာ ၂၇ ရက်က ကျင်းပသည့် ပါတီတည်ထောင်ခြင်း ၂၈ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ နာယက သူရဦးတင်ဦးက ထိုသို့ပြောကြားခြင်း ဖြစ်သည်။
 
“ဒေါ်အောင်ဆန်းစုကြည်ဆီကလည်း တစ်ဆင့် သတင်းစကားရပါတယ်။ သူ အင်မတန် ကျန်းမာရေး ကောင်းမွန်လျက် ရှိပါတယ်။ ခရီးပန်းတဲ့အတွက်ကြောင့်မို့ ရာသီဥတုအပြောင်းအလွှဲ၊ အချိန်အခါ အပြောင်းအလွှဲကြောင့် ဆက်တိုက် ပင်ပန်းနွမ်းနယ်မှုကြောင့်သာလျှင် ခေတ္တအနားယူခြင်း ဖြစ်တယ်ဆိုတာကိုလည်း သတင်းကောင်း ပါးလိုက်ပါလို့ မှာကြားတဲ့အတွက် ပဏာမအားဖြင့် သူ့ကိုယ်စား ကျန်းမာလျက်ရှိကြောင်း ပန်ကြားအပ်ပါတယ်” ဟု ပြောကြားသည်။
 
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံခရီးစဉ်နှင့် အမေရိကန်နိုင်ငံခရီးစဉ်များအား စက်တင်ဘာ ၁၀ ရက်က စတင်သွားရောက်ခဲ့ပြီး စက်တင်ဘာ ၂၅ ရက် ညပိုင်းက မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။
 
ထိုသို့ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံး ဖေ့စ်ဘွတ်စာမျက်နှာမှ တစ်ဆင့် စက်တင်ဘာ ၂၆ ရက်၌ သတင်းထုတ်ပြန်ထားရာတွင် ဒေါ်အောင်ဆန်းစုကြည်အား ကျွမ်းကျင်သူ ဆရာဝန်ကြီးများဖြင့် စစ်ဆေးရာတွင် အမေရိကန်ပြည်ထောင်စုခရီးစဉ်အတွင်း အစီအစဉ်များ များပြားလွန်းပြီး နားချိန်နည်းပါးသဖြင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ခရီးစဉ်အတွင်း စားချိန်သောက်ချိန် မမှန်သဖြင့် အစာအိမ်ရောင်ရမ်းခြင်းနှင့် ကွန်ပျူတာ အကြည့်များသဖြင့် အရိုးကျီးပေါင်းတက်ခြင်းတို့အား တွေ့ရှိရကြောင်း နှင့် ကျန်းမာရေးအခြေအနေမှာ အထူးစိုးရိမ်ဖွယ်ရာ မရှိဘဲ ကောင်းမွန်လျက်ရှိပြီး အချိန်အနည်းငယ် အနားယူရန် လိုအပ်ကြောင်းဖော်ပြ ရေးသားထားသည်။
 
အမေရိကန်ပြည်ထောင်စုခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည်  အမေရိကန်သမ္မတ အိုဘားမား၊ ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်၊ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့ နှင့်တွေ့ဆုံခြင်း၊ အမေရိကန်ကွန်ဂရက်သို့ သွားရောက်ခဲ့ပြီး အောက်လွှတ်တော်ခေါင်းဆောင် နန်စီပယ်လိုစီ၊ ရီပက်ဘလီကင်အမတ် ဂျိုးဇက်ခရော်လီတို့နှင့် တွေ့ဆုံခဲ့သည်။
 
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်  အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပသည့် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်၍ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားခြင်း၊ နိုင်ငံအချို့မှ ခေါင်းဆောင်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ အကြီးအကဲများအား လက်ခံတွေ့ဆုံခြင်းနှင့် Asia Society မှ ကျင်းပသည့် လူထုတွေ့ဆုံပွဲသို့ တက်ရောက် မိန့်ခွန်းပြောကြားခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့သည်။                        

Most Read

Most Recent