လုံခြုံရေးဆိုင်ရာ ဥပဒေများကို စိတ်ခံစားချက်ဖြင့် ပယ်ဖျက်နေခြင်းသည် ပြည်သူလူထု လုံခြုံရေးကို မျက်ကွယ်ပြု ဆုံးဖြတ်နေခြင်းဖြစ်သည်ကို သတိပြုသင့်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

လုံခြုံရေးဆိုင်ရာ ဥပဒေများကို စိတ်ခံစားချက်ဖြင့် ပယ်ဖျက်နေခြင်းသည် ပြည်သူလူထု လုံခြုံရေးကို မျက်ကွယ်ပြု ဆုံးဖြတ်နေခြင်းဖြစ်သည်ကို သတိပြုသင့်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
Published 28 September 2016
စိုးမင်းထိုက်

ဧည့်စာရင်းတိုင်ကြားခြင်း၊ စစ်ဆေးခြင်းသည် ပြည်သူလူထု အသက်အိုးအိမ် လုံခြုံရေး၊ နိုင်ငံတော်လုံခြုံရေးအတွက် အရေးပါသည့် ခြံစည်းရိုးဖြစ်ပြီး လုံခြုံရေးဆိုင်ရာ ဥပဒများကို စိတ်ခံစားချက်ဖြင့် ပယ်ဖျက်နေခြင်းသည် ပြည်သူလူထု လုံခြုံရေးကို မျက်ကွယ်ပြု ဆုံးဖြတ်နေခြင်းဖြစ်သည်ကို သတိပြုသင့်ကြောင်း တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး အောင်ကျော်ဇောက ဆွေးနွေးသည်။
 
စက်တင်ဘာ ၂၇ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်များဖြင့် ပြန်လည်ပေးပို့လာသည့် ရပ်ကွက် သို့ မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် ဆွေးနွေးစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
 
တပ်မတော်သား ကိုယ်စားလှယ်က ဥပဒေကြမ်း၏ ပုဒ်မ ၁၇ အား အမျိုးသားလွှတ်တော်က ပယ်ဖျက်ထားကြောင်း၊ အဆိုပါ ပုဒ်မအား ပြည်သူ့လွှတ်တော်က “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း တစ်လနှင့်အထက်ကျော်လွန်၍ လာရောက်တည်းခို နေထိုင်သူများရှိပါက လူမှုထောက်ကူပြုနိုင်ရန်အတွက် သတ်မှတ်နည်းလမ်းများနှင့်အညီ အသိပေး အကြောင်းကြားရမည်ဟု ပြင်ဆင်ထားကြောင်း၊ ၎င်းအနေဖြင့် ပုဒ်မ ၁၇ အား ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း ပြင်ပမှ လာရောက်တည်းခို နေထိုင်သူများရှိပါက လုံခြုံရေး၊လူမှုရေးအရ လိုအပ်ခဲ့လျှင် မှတ်တမ်းအဖြစ် အထောက်အထားရယူနိုင်ရန်နှင့် လူမှုထောက်ကူပြုနိုင်ရန်အတွက် သတ်မှတ် နည်းလမ်းများနှင့်အညီ အသိပေး အကြောင်းကြားရမည်” ဟု ပြင်ဆင်သင့်ကြောင်း အကြံပြုဆွေးနွေးသည်။
 
ဒုတိယဗိုလ်မှူးကြီး အောင်ကျော်ဇော က “မူလဥပဒေပြဋ္ဌာန်းချက်ပါ ဧည့်စာရင်းတိုင်ကြားခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်းဟာ ပြည်သူလူထု အသက်အိုးအိမ်လုံခြုံရေး၊ နိုင်ငံတော်လုံခြုံရေးအတွက် အရေးပါတဲ့ ခြံစည်းရိုးနဲ့ တံခါးပဲ ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားပြည်သူလူထု လုံခြုံရေးအတွက် အရေးပါတဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေတွေ၊ ဥပဒေပါ အချက်တွေကို စိတ်ခံစားချက်နဲ့ ပယ်ဖျက်နေခြင်းဟာ ပြည်သူလူထုလုံခြုံရေးကို မျက်ကွယ်ပြု ဆုံးဖြတ်နေခြင်း ဖြစ်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ထာဝရငြိမ်းချမ်းရေးကို ရရှိဖို့ ကြိုးပမ်းနေဆဲကာလ၊ အကြမ်းဖက်သမားတွေ အန္တရာယ်ကို ဂရုပြုနေရတဲ့ကာလမှာ ကိုယ့်အိမ် ကိုယ့်စည်းရိုးကို လုံခြုံဖို့ကို စဉ်းစားပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဆန္ဒမဲများရာနဲ့ ပယ်ဖျက်ခဲ့တဲ့ ပုဒ်မ ၁၇ ဟာ မရှိမဖြစ် လိုအပ်တဲ့ပုဒ်မဖြစ်တဲ့အတွက်  ပြည်သူ့လွှတ်တော်က ပြင်ဆင်ထည့်သွင်းခြင်းဟာ ပြည်သူလူထု လုံခြုံရေးအတွက် အထောက်အကူ ရနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆွေးနွေးသည်။
 
ဆက်လက်၍ “အသိပေး အကြောင်းကြားခြင်းဟာ ညအချိန်မတော် ဧည့်စာရင်းစစ်ဆေးခြင်းမျိုးကို ခွင့်ပြုထားတာ မဟုတ်ဘဲ ပြစ်မှုကျူးလွန်သူ တစ်ဦး သို့မဟုတ် ကြံစည်သူ တစ်ဦးဦး ရောက်ရှိနေတယ်လို့ ခိုင်လုံတဲ့ သတင်းရရှိတဲ့အခါ လုံခြုံရေးအရ အဖွဲ့အစည်းတွေနဲ့ စစ်ဆေးမှာဖြစ်တဲ့အတွက် သာမန်ပြည်သူတွေအနေနဲ့ အုပ်ချုပ်ရေးမှူးထံကို မိမိဧည့်သည်ရဲ့ အမည်စာရင်း ပေးပို့ထားပြီးဖြစ်လို့ ပူပင်ကြောင့်ကြစရာ မလိုတော့ပါဘူး။ မကြာသေးခင်က ရန်ကုန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုတွေဟာ သက်ဆိုင်ရာ ရပ်ကွက်အလိုက် အသိပေး မှတ်ပုံတင်ထားရှိပါက တရားခံတွေကို ရှာဖွေဖော်ထုတ်ရာမှာ အထောက်အကူပြုမှာ ဖြစ်ပါတယ်”ဟု ဒုတိယဗိုလ်မှူးကြီး အောင်ကျော်ဇောက ဆွေးနွေးသည်။
 
လွှတ်တော်ကိုယ်စားလှယ်များသည် ဥပဒေပြုအဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များဖြစ်သည့်အတွက် ပြဋ္ဌာန်းအတည်ပြုလိုက်သည့် ဥပဒေများသည် ကိုင်တွယ်ကျင့်သုံးမည့် အဖွဲ့အစည်းနှင့် ပြည်သူလူထုအတွက် မျှတမှုရှိရန် လိုအပ်ကြောင်း၊ ထို့အတွက် ဥပဒေတစ်ရပ်သည် အဘက်ဘက်မှ ရေရှည်မျှတ အကျိုးရှိလာစေမည့် ပြဋ္ဌာန်းချက်မျိုးဖြစ်ရန် အထူးအလေးထားသင့်ကြောင်း တပ်မတော်သား ကိုယ်စားလှယ်က ဆက်လက်ဆွေးနွေးသည်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေတွင် ပုဒ်မ ၁၇ အား ၎င်း၏ အကြံပြုတင်ပြချက်အတိုင်း အတည်ပြုပေးရန် တပ်မတော်သား ကိုယ်စားလှယ်က ဆွေးနွေးသည်။ 

Most Read

Most Recent