သမ္မတဦးထင်ကျော်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း နေပြည်တော်တွင် တွေ့ဆုံ

သမ္မတဦးထင်ကျော်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း နေပြည်တော်တွင် တွေ့ဆုံ
Published 31 August 2016
ကျော်ဇင်ဝင်း

သမ္မတဦးထင်ကျော်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းတို့သည် သြဂုတ် ၃၁ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ထို့အတူ ပြည်ထောင်စု လွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား  ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်တွင် တွေ့ဆုံခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်က သတင်းထုတ်ပြန်သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ လွှတ်တော်ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသော ဦးသိန်းဆွေ၊ ဦးမင်းဦး၊ ကော်မတီအဖွဲ့ဝင် ဦးစောဗစ်တာခလိုက်၊ ဒေါ်နီရွှေလျန်းနှင့် လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းသည် သြဂုတ် ၃၁ ရက်က နေပြည်တော်၌ ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် နှုတ်ခွန်းဆက်စကား ပြောကြားရန် မြန်မာနိုင်ငံသို့ သြဂုတ် ၃၀ ရက်က ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
မစ္စတာဘန်ကီမွန်းသည် သြဂုတ် ၃၀ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံမှု၌ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်အား ထောက်ခံလျက်ရှိကြောင်း ပြသရန်အတွက် လာရောက်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အစိုးရသစ် အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဒီမိုကရေစီလူ့ဘောင် တည်ဆောက်ရေး အပါအဝင် ကိစ္စရပ်များအား ကုလသမဂ္ဂမှ ဆက်လက်ထောက်ခံ ပံ့ပိုးသွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
တွေ့ဆုံမှုအပြီး မစ္စတာဘန်ကီမွန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်မှ နောက်ဆုံးအခြေအနေများနှင့် ပတ်သက်၍လည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း၊ ရခိုင်ပြည်နယ် အခြေအနေမှာ ရှုပ်ထွေးသည့် ကိစ္စရပ်တစ်ခုဖြစ်ပြီး အစိုးရအနေဖြင့် ဦးစားပေး ဖြေရှင်းရမည့် ပြဿနာဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများတွင် ဘင်္ဂါလီများ ထောင်နှင့်ချီ၍ ဆင်းရဲပင်ပန်းစွာ နေထိုင်နေရသည်မှာ လေးနှစ်ကျော် ကြာလာခဲ့ပြီဖြစ်၍ နိုင်ငံတကာ အဖွဲ့အစည်းများ ပံ့ပိုးပေးမှုကိုလည်း ၎င်းအနေဖြင့် အားပေးခဲ့ကြောင်း၊ လက်ရှိရခိုင်ပြည်နယ်တွင် နိုင်ငံသားစိစစ်မှု ပြုလုပ်နေသည့် လုပ်ငန်းများနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အား ဖွဲ့စည်းခြင်းကို ကုလသမဂ္ဂမှ အပြည့်အ၀ ထောက်ခံကြောင်း၊ မစ္စတာကိုဖီအာနန် ကိုလည်း တွေ့ဆုံဆွေးနွေးသင့်သူ အားလုံးနှင့် ဆွေးနွေးမှုပြုလုပ်ရန်လည်း တိုက်တွန်းခဲ့ကြောင်း ပြောကြားသည်။
 

Most Read

Most Recent