လက်ရှိဘဏ္ဍာနှစ် ဇူလိုင် ၈ ရက်အထိ ဆန်နှင့် ဆန်ကွဲ ပြည်ပတင်ပို့မှု တန်ချိန် နှစ်သိန်းခုနစ်သောင်းကျော် ရှိပြီး ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၀၀ ရာခိုင်နှုန်းဝန်းကျင် လျော့ကျ

လက်ရှိဘဏ္ဍာနှစ် ဇူလိုင် ၈ ရက်အထိ ဆန်နှင့် ဆန်ကွဲ ပြည်ပတင်ပို့မှု တန်ချိန် နှစ်သိန်းခုနစ်သောင်းကျော် ရှိပြီး ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၀၀ ရာခိုင်နှုန်းဝန်းကျင် လျော့ကျ
ရန်ကုန်မြို့ရှိ ဝါးတန်းဆိပ်ကမ်း၌ ဆန်ကုန်တင်ကုန်ချ ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
ရန်ကုန်မြို့ရှိ ဝါးတန်းဆိပ်ကမ်း၌ ဆန်ကုန်တင်ကုန်ချ ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
Published 20 July 2016
စည်သူအောင်

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဇူလိုင် ၈ ရက်အထိ ဆန်နှင့် ဆန်ကွဲ ပြည်ပတင်ပို့မှုမှာ တန်ချိန် နှစ်သိန်း ခုနစ်သောင်းကျော်ရှိပြီး ယခင်နှစ် ကာလတူထက် ၁၀၀ ရာခိုင်နှုန်း ဝန်းကျင်(တန်ချိန် နှစ်သိန်းခုနစ်သောင်းကျော်) လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။ဇူလိုင် ၈ ရက်အထိ ပြည်ပသို့ ဆန်တန်ချိန် ၂၀၅၂၃၆ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၃ ဒသမ ၅၇၆ သန်းရရှိပြီး ဆန်ကွဲတန်ချိန် ၇၁၈၁၉ တန်တင်ပို့မှုမှ ဒေါ်လာ ၂၁ ဒသမ ၃၃၅ သန်း ရရှိထားသည်။ စုစုပေါင်း ဆန်နှင့် ဆန်ကွဲ ပြည်ပ တင်ပို့မှုမှ ဒေါ်လာ ၉၅ သန်းခန့် ရရှိထားပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၉၅ သန်းခန့် (၁၀၀ ရာခိုင်နှုန်း) လျော့ကျနေခြင်းဖြစ်သည်။မြန်မာနိုင်ငံမှ ဆန်အများစုကို နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံကို တင်ပို့နေခြင်းဖြစ်ပြီး တရုတ်နိုင်ငံတွင်း အခြေအနေများကြောင့် ဆန်ဈေးကွက် အေးနေခြင်းဖြစ်သည်။ မြန်မာ-တရုတ် အဓိက နယ်စပ်စခန်းဖြစ်သော မူဆယ် ဆန်ဈေးကွက်တွင် ဇူလိုင် ၁၅ ရက် ဈေးနှုန်းအရ ဧည့်မထဆန် ၅ မှတ် မှော်ဘီတစ်အိတ်လျှင် ယွမ် ၁၄၃ မှ ၁၄၆၊ ဧည့်မထ ၅ မှတ် စူပါတစ်အိတ်လျှင် ယွမ် ၁၄၆ မှ ၁၄၉၊ ဧည့်မထ ၁၀ မှတ် စူပါတစ်အိတ်လျှင် ၁၄၄ မှ ၁၄၅၊ မနောသုခ ၂၅ မှတ်တစ်အိတ်လျှင် ယွမ် ၁၃၀ မှ ၁၃၄ ယွမ်၊ ငစိန် ၅ မှတ် တစ်အိတ်လျှင် ယွမ် ၁၄၀ မှ ၁၄၃ ယွမ်နှင့် ငစိန် ၂၅ မှတ်တစ်အိတ်လျှင် ယွမ် ၁၃၆ မှ ၁၃၈ ကြားရှိကြောင်း သိရသည်။ဇူလိုင် ၈ရက်မှ ၁၄ ရက်အထိ မူဆယ် ကုန်စည်ဒိုင်သို့ နယ်စုံမှ ပြည်တွင်းဆန် နေ့စဉ် ပျမ်းမျှတန်ချိန် ၆၀၀ ကျော် အဝင်ရှိပြီး ရက်သတ္တပတ်အတွင်း တန်ချိန် ၄၂၀၀ ကျော် ဝင်ရောက်ကာ ငွေလဲနှုန်း တစ်ယွမ်လျှင် ၁၇၄ ကျပ် ဝန်းကျင်ရှိကြောင်း သိရသည်။ ယခင် အပတ်များထက် မူဆယ်သို့ ဆန်ဝင်ရောက်မှု လျော့နည်းလာခြင်းဖြစ်သည်။ယခုနှစ်အတွင်း နယ်စပ်ကုန်သွယ်ရေးမှ ဆန်တင်ပို့မှုများ ကျဆင်းနေပြီး ဇူလိုင် ပထမပတ်အတွင်း ဒေါ်လာ ၄ ဒသမ ၉၆၅ တန်ဖိုးရှိ ဆန်တန်ချိန် ၁၃၅၄၅ တန်တင်ပို့နိုင်ခဲ့ပြီး ဒေါ်လာ ရှစ်သိန်းဝန်းကျင် တန်ဖိုးရှိ ဆန်ကွဲ တန်ချိန် ၁၅၈၀ တန်ခန့်သာ တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။ အနီးဆုံး ရက်သတ္တပတ်နှင့် နှိုင်းယှဉ်ပါက ဆန်တန်ချိန် ၁၅၂၀ ကျော်နှင့် ဆန်ကွဲတန်ချိန် ၁၃၀၀ ခန့် လျော့နည်းခဲ့သည်။ပင်လယ်ရေကြောင်း ကုန်သွယ်မှု အနေဖြင့် ဇူလိုင် ၃ ရက်မှ ၉ ရက်အထိ ဒေါ်လာ ငါးသိန်းခုနစ်သောင်းကျော်ဖိုးရှိ ဆန်ဖြူနှင့် ပေါင်းဆန်တန်ချိန် ၁၅၅၀ တင်ပို့နိုင်ခဲ့ပြီး ယခင်တစ်ပတ်ထက် တန်ချိန် ၆၅၀ ခန့် ပိုမို တင်ပို့နိုင်ခဲ့သည်။ ဆန်ကွဲကို ပင်လယ်ရေကြောင်းမှ တစ်ဆင့် ဒေါ်လာ ကိုးသိန်းနှစ်သောင်းကျော် တန်ဖိုးရှိ တန်ချိန် ၃၃၇၅ တန်ကို အီးယူနိုင်ငံများကို တင်ပို့ခဲ့ပြီး ပြီးခဲ့သည့် တစ်ပတ်ကထက် တန်ချိန် ၁၂၇၀ ကျော် လျော့နည်းခဲ့ကြောင်း သိရသည်။ပြီးခဲ့သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၄ သန်းခန့်သာ တင်ပို့နိုင်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၈ သန်းခန့် တင်ပို့နိုင်ခဲ့ခြင်းကြောင့် ဘဏ္ဍာနှစ်ချင်း နှိုင်းယှဉ်ပါက တန်ချိန် လေးသိန်းကျော် လျော့ကျခဲ့သည်။ ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဇူလိုင်လဆန်းအထိ ဆန်နှင့် ဆန်ကွဲ ပြည်ပတင်ပို့မှု ဆက်လက် ကျဆင်းနေဆဲဖြစ်ပြီး ယခု ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် တစ်သန်းခွဲ တင်ပို့နိုင်မည်ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းချုပ်က  ခန့်မှန်းထားသည်။