နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် ကိုးဖွဲ့ဖြင့် စုဖွဲ့ထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင်များသည် ဇူလိုင် ၁၇ ရက် (ယနေ့) မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၌ တွေ့ဆုံမည်ဖြစ်ရာ အဆိုပါ တွေ့ဆုံမှုတွင် ၂၁ ရာစု ပင်လုံနှင့် ပတ်သက်သည်များကို ဆွေးနွေးမည် ဖြစ်သော်လည်း သဘောတူညီချက်၊ ဆုံးဖြတ်ချက်များ ချမှတ်မည် မဟုတ်ကြောင်း နှစ်ဖက် ကိုယ်စားလှယ်များ၏ ပြောပြချက်အရ သိရသည်။ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည့် UNFC ကိုယ်စားလှယ်အဖွဲ့တွင် UNFC ဥက္ကဋ္ဌ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIO/KIA ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ UNFC နာကယ အဖွဲ့ဝင်များ ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နာယက ဗိုလ်ချုပ်ကြီးဆေထင်၊ မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ထောမွန်၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ဥက္ကဋ္ဌ အေဘယ်တွိဒ်နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ ပါဝင်မည်ဖြစ်ကြောင်း UNFC မှ သိရသည်။အဆိုပါ တွေ့ဆုံမှုနှင့် ပတ်သက်၍ အစိုးရ၏ ၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေး ကော်မတီအဖွဲ့ဝင် သမ္မတရုံး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ဒါကစပြီး UNFC ခေါင်းဆောင်တွေနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ တွေ့တယ်။ တွေ့တဲ့ အခါမှာ ၂၁ ရာစု ပင်လုံ အောင်မြင်ရေးအတွက် ဒီဘက်က လုပ်နေတဲ့ အကြောင်း ဟိုဘက်က ဘယ်လိုပူးပေါင်း ပါဝင်နိုင်မလဲဆိုတဲ့ အကြောင်း ဒါမျိုးတွေလောက်ပဲ အကြမ်းဖျင်း ဖြစ်မှာပေါ့။ အဲဒီမှာမှ အဓိက အနှစ်သာရက ၂၁ ရာစု ပင်လုံရဲ့ အနှစ်သာရက ဘာလဲပေါ့။ ဒါမျိုးလေးတွေ ပါကောင်းပါနိုင်တာပေါ့။ သို့သော် သဘောတူညီချက်တွေ ဆုံးဖြတ်ချက်တွေ ထွက်တဲ့ အစည်းအဝေးမျိုးတော့ မဟုတ်ဘူး” ဟု ဇူလိုင် ၁၆ ရက်တွင် ပြောကြားသည်။ဆက်လက်၍ ဦးဇော်ဌေးက “UNFC ရဲ့ ခေါင်းဆောင်တွေကို ပထမဆုံး တွေ့တဲ့ပွဲပေါ့။ အဓိက,ကတော့ နားလည်မှုနဲ့ ယုံကြည်မှု တည်ဆောက်ရေးပေါ့။ နားလည်မှု တည်ဆောက် ယုံကြည်မှု တည်ဆောက် ဒီဟာတွေနဲ့ သွားတော့မှ ငြိမ်းချမ်းရေးက ဖြစ်မှာကိုး။ ငြိမ်းချမ်းရေးကို ဦးတည်မှာကိုး။ ဒါက ပထမ ဦးဆုံး တွေ့ဆုံတာ ဘယ်လို ပြောရမလဲ ပြည်ထောင်စုသား မိသားစု ညီအစ်ကို မောင်နှမ ပြန်တွေ့ဆုံကြတဲ့ သဘောမျိုးပေါ့နော် အဲဒီလို ဖြစ်ပါလိမ့်မယ်။ အဲဒီကနေမှ ခေါင်းဆောင်တွေကြားမှာ ယုံကြည်မှုတွေ ရလာမယ်။ ရင်းနှီးမှုတွေ ရလာမယ် ဆိုရင် တစ်ဖက်က ညှိနှိုင်းဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပိုပြီး အထောက်အကူ ဖြစ်နိုင်တယ်” ဟု ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များ၏ တွေ့ဆုံမှုတွင် နှစ်ဖက်အကြား ယုံကြည်မှု တည်ဆောက်ရန် လိုအပ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက်မှု ရှိလာရန်မှာ ညှိနှိုင်းဆွေးနွေး စုပေါင်း အကောင်အထည်ဖော်မှုအပေါ် မူတည်သည်ဟု UNFC ၏ DPN အဖွဲ့ခေါင်းဆောင် ဦးခူဦးရယ်က ဆိုသည်။UNFC ၏ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်သူ ဦးခူဦးရယ်က “ကျွန်တော်တို့ကတော့ အားလုံး အကောင်းဆုံး ကြိုးစားနေကြတာပဲ။ ကျွန်တော်တို့ မကြာခဏ တွေ့ဆုံညှိနှိုင်း ဆွေးနွေးဖို့တော့ လိုတာပေါ့။ ဒီကြားထဲမှာ တွေ့ဆုံဆွေးနွေးရင်းနဲ့ ယုံကြည်မှုကိုလည်း တည်ဆောက်ဖို့လည်း လိုတာပေါ့။ ကျွန်တော်တို့ အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုတယ်။ အဲဒီ အခြေခံ အပေါ်မှာပဲ ကျွန်တော်တို့ ကြည့်ရမှာပါ။ ဖြစ်ပေါ်တိုးတက်မှုကတော့ ညှိနှိုင်းဆွေးနွေးပြီး စုပေါင်း အကောင်အထည်ဖော်တဲ့ အပေါ်မှာ မူတည်မှာပေါ့ဗျာ” ဟု ပြောကြားသည်။အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေး ကော်မတီနှင့် UNFC ၏ DPN ကိုယ်စားလှယ် အဖွဲ့တို့သည် နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံရန်နှင့် ပတ်သက်ပြီး အကြိုပြင်ဆင် ညှိနှိုင်းမှုကို ဇူလိုင် ၁၆ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ရုံး၌ တွေ့ဆုံပြုလုပ်ခဲ့ပြီး ဇူလိုင် ၁၇ ရက် နံနက်ပိုင်းတွင်လည်း ထပ်မံတွေ့ဆုံ ညှိနှိုင်းမည်ဟုလည်း သိရသည်။ဒေါ်အောင်ဆန်းစုကြည်နှင့် NCA လက်မှတ် ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့မှ ခေါင်းဆောင်များသည် ဇွန် ၂၈ ရက်တွင် နေပြည်တော်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပမည့် အချိန်ဇယား၊ NCA မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင်လာရေး စသည်တို့ကို ဆွေးနွေးခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁-ရာစု ပင်လုံကို ၂၀၁၆ ခုနှစ် သြဂုတ်လ မကုန်မီ စတင်ကျင်းပနိုင်ရန် သဘောတူခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ ယနေ့ တွေ့ဆုံမည်