ရေဘေး၊ မီးဘေး၊ စစ်ဘေးဒုက္ခများနှင့် ပြည်သူများ

ရေဘေး၊ မီးဘေး၊ စစ်ဘေးဒုက္ခများနှင့် ပြည်သူများ
Published 13 February 2016

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်တို့တွင် ပမာဏ ကြီးမားသည့် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့သည်။ တနင်္သာရီတိုင်း ဒေသကြီးရှိ မောင်းမကန် ကမ်းခြေတွင်လည်း မီးလောင်မှု ဖြစ်ပွားခဲ့သည်။ ထို့ပြင် တနင်္သာရီတိုင်း ဒေသကြီး ပုလောမြို့နယ်တွင် ဖေဖော်ဝါရီ ၁၃ ရက်၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၄၅၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရသည်။ယခုရက်ပိုင်းအတွင်း ပေါ်ပေါက်ခဲ့သော ပမာဏ ကြီးမားသည့် မီးလောင်ကျွမ်းမှုများကြောင့် သက်ဆိုင်ရာ ဒေသအသီးသီးရှိ အိမ်ထောင်စုပေါင်း များစွာမှာ မီးဘေးဒုက္ခသည်များအဖြစ် ရုန်းကန်နေကြရသည်။ ထို့အတွက် လိုအပ်သော အကူအညီများကို သက်ဆိုင်ရာနှင့်အတူ ပရဟိတ အဖွဲ့အစည်းများ၊ စေတနာရှင် အလှူရှင်များက ထောက်ပံ့ကူညီမှုများ လုပ်ဆောင်လျက်ရှိသည်။ သို့သော် လတ်တလော အခက်အခဲများ သာမက တရားဝင် ထုတ်ပြန်ချက်များအရ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်အတွင်း နမ့်ဆန်နှင့် လပွတ္တာမြို့ အပါအဝင် နိုင်ငံတစ်ဝန်းလုံးတွင် မီးလောင်ကျွမ်းမှု ၄၄ ကြိမ် ဖြစ်ပွားခဲ့ရာ လူနှစ်ဦး သေဆုံး၍ ၂၃၅၉ ဦး မီးဘေးဒုက ္ခသင့်ခဲ့ကြောင်း၊ နိုင်ငံတစ်ဝန်းလုံးရှိ အိမ်ခြေ ၅၄၃ လုံး၊ ဂိုဒေါင်တစ်လုံး၊ မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်မှုများကြောင့် နှစ်ဦးသေဆုံးခဲ့ပြီး ၂၃၅၉ ဦး မီးဘေးဒုက္ခရောက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ၂၀၁၆ ခုနှစ် ဇန်နဝါရီမှ ဖေဖော်ဝါရီအထိ မီးလောင်မှု ၂၂၂  ကြိမ်၊ မီးလောင်မှုကြောင့် အိမ်ခြေအဆောက်အအုံ ၂၃၉၄ လုံးနှင့် စက်ရုံ၊ အလုပ်ရုံလေးရုံ၊  ဂိုဒေါင်သုံးလုံး မီးလောင်ကျွမ်းခဲ့ပြီး၊ လူကိုးဦး သေဆုံးခဲ့ကာ ၃၂၀၀ ကျော် မီးဘေးဒုက္ခသည်များ ဖြစ်ခဲ့သည်။အလားတူပင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်းတွင် မြန်မာတစ်နိုင်ငံလုံး နီးပါး စံချိန်တင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှု ပမာဏ များပြားသော ရေဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့ရသောကြောင့် မူလပုံမှန် အခြေအနေများ ပြန်လည် ရရှိရန် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်နေဆဲ အခြေအနေ ဖြစ်သည်။ ထို့ပြင် ယခုနှစ်တွင်လည်း နွေကာလ မရောက်မီတွင်ပင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ အပါအဝင် မြို့အချို့တွင် ရေရှားပါးမှု ပြဿနာ ကို ရင်ဆိုင်နေရပြီ ဖြစ်သည်။ ယခုနောက်ပိုင်းတွင် ပြောင်းလဲလာသော သဘာ၀၀န်းကျင် အနေအထားများနှင့်အတူ ရေကြီးရေလျှံခြင်း၊ မိုးခေါင်ခြင်း၊ ရေရှားပါးခြင်းစသည့် ပုံမှန် မဟုတ်သော အစွန်းရောက် ရာသီဥတုဒဏ်များကို ပိုမိုခံစားလာရသည်။ ၂၀၁၆ ခုနှစ်တွင်လည်း အယ်လ်နီညို ရာသီဥတု၏ သက်ရောက်မှုဒဏ်ကို ခံစားရနိုင်သည့်အတွက် ကြိုတင် ပြင်ဆင်နိုင်ရန် ပညာရှင်များက ထောက်ပြ သုံးသပ်နေပြီ ဖြစ်သည်။ယင်းကဲ့သို့သော မီးဘေးနှင့် ရေဘေးအန္တရာယ်များနည်းတူ ပြည်တွင်းတိုက်ပွဲ အချို့ကြောင့် ထပ်တိုးလာသော စစ်ဘေးဒုက္ခသည်များလည်း ရှိနေသည်။ ၂၀၁၁ ခုနှစ် နောက်ပိုင်းမှစ၍ ပြန်လည် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ဒေသများတွင် စစ်ဘေးဒုက္ခသည် အရေအတွက် သိန်းချီရှိနေပြီး အများစုမှာ မူလနေရပ်များသို့ မပြန်နိုင်ကြသေးပေ။ ထို့အပြင် ၂၀၁၅ ခုနှစ် အောက်တိုဘာလ အတွင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲအချို့ကြောင့် ရှမ်းပြည်နယ်ရှိ ဝမ်ဝ၊ ဟိုင်းပါး၊ မိုင်းနောင်၊ မိုင်းရှူး၊ လဲချား၊ မိုင်းရယ်၊ ဖတ်ကီး၊ ကျိန်းလိန်၊ လားရှိုးနှင့် တောင်ကြီးမြို့တို့တွင် စစ်ဘေးဒုက္ခသည်များ ခိုလှုံနိုင်ရန် ဒုက္ခသည် စခန်းများ ဖွင့်လှစ်ထားသည်။ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ယခု ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့သို့ တိမ်းရှောင် ထွက်ပြေးလာသော စစ်ဘေးဒုက္ခသည်များလည်း ရှိနေသည်။ဆင်းရဲမွဲတေမှု အပါအဝင် အဂတိလိုက်စားမှု ပြဿနာများ၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အခြားလိုအပ်ချက်များအတွက် လုပ်ဆောင်စရာ များစွာရှိနေသည့် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများအတွက် လတ်တလောတွင် ရေဘေး၊ မီးဘေးနှင့် စစ်ဘေးဒုက္ခများ၏ ထိုးနှက်မှုကိုပါ ခံစားနေရသောကြောင့် 'မြွေပူရာ ကင်းမှောင့်' ဆိုသကဲ့သို့ မဖြစ်စေရန် သတိပြုသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent