ပြဿနာ၏ အရင်းအမြစ်ကို ရှာဖွေ ဖြေရှင်းရမည့် စိတ်ကြွမူးယစ်ဆေးဝါးများ အန္တရာယ်

ပြဿနာ၏ အရင်းအမြစ်ကို ရှာဖွေ ဖြေရှင်းရမည့် စိတ်ကြွမူးယစ်ဆေးဝါးများ အန္တရာယ်
Published 10 February 2016

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဇူလိုင်လ အတွင်းက ရန်ကုန်မြို့တွင် ကျပ် ၁၃၃ ဘီလျံကျော် တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွဆေးပြားများကို စံချိန်တင် ဖမ်းဆီး ရမိပြီးနောက်ပိုင်း WY စာတန်းပါ စိတ်ကြွဆေးပြားများ အပါအဝင် မူးယစ်ဆေးဝါးများ မကြာခဏ ဆိုသလို ဖမ်းဆီး ရမိမှုများ၊ ပိုင်ရှင်မဲ့ ရှာဖွေတွေ့ရှိမူများ ရှိလာသည်။ ယင်းနောက်ပိုင်းတွင် ၂၀၁၅ ခုနှစ် သြဂုတ်လ အတွင်းတွင် WY ပန်းရောင် မူးယစ်ဆေးပြား အရေအတွက် ၁၅ သိန်းခန့်နှင့် ဘလောက်တုံးများ ဖမ်းဆီးရမိခြင်း၊ ၂၀၁၅ စက်တင်ဘာတွင် ကျပ် ၁၀ ဘီလျံ တန်ဖိုးရှိ မူးယစ်ဆေးပြား နှစ်သန်းခန့်နှင့် ၁၉ ဘီလျံကျော် တန်ဖိုးရှိ မူးယစ်ဆေးပြားများကို ဖမ်းဆီး ရမိခဲ့သည်။ အလားတူ ၂၀၁၅ စက်တင်ဘာ ၂၅ ရက်နှင့် ဒီဇင်ဘာ ၅ ရက်တို့တွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်နှင့် လှိုင်သာယာမြို့နယ် အတွင်းတို့၌ ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြား အများအပြားကို ဖမ်းဆီးရမိခဲ့သည်။ယင်းနောက်ပိုင်းတွင်လည်း စိတ်ကြွမူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်က ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် အတွင်းရှိ ရန်ကုန်-ပြည်လမ်းမပေါ်မှ ကားမှတ်တိုင်တစ်ခုအနီး အမှိုက်ပုံ အတွင်းမှ ကာလတန်ဖိုး ကျပ်သိန်း ၁၃၀၀၀ ခန့်ရှိ စိတ်ကြွမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်။ ထို့ပြင် ဖေဖော်ဝါရီလ ၈ ရက်တွင်လည်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ရန်ကင်းမြို့နယ်နှင့် တာမွေမြို့နယ်များအတွင်း စိတ်ကြွမူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့သည်။ စုစုပေါင်း ငွေကျပ်တန်ဖိုး သိန်းပေါင်း ၄၅၄၀၀၀၀ ခန့်ရှိ စိတ်ကြွဆေးပြားများ၊ တန်ဖိုးငွေကျပ် သိန်းပေါင်း ၁၄၁၀၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ၊ တန်ဖိုး ကျပ်သိန်း ၅၀၀၀ ခန့်ရှိသော WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀၊ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၆၀၀၀ တန်ဖိုးငွေကျပ် နှစ်ဘီလျံ နီးပါးတို့ကို အသီးသီးတွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။အထက်ပါဖြစ်စဉ် အချို့မှာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် အချို့တွင် ဖမ်းဆီး ရမိခဲ့သော ထင်ရှားသည့် ဖြစ်စဉ်အချို့သာ ဖြစ်ပါသည်။ အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင်လည်း အလားတူ ဖမ်းဆီးရမိမှုများ ရှိခဲ့သည်။ အချို့ ဖြစ်စဉ်များမှ ကျူးလွန်သူအဖြစ် ဖမ်းဆီးရမိသူများကို သက်ဆိုင်ရာ တရားရုံးများတွင် တရားစွဲဆို စစ်ဆေးခြင်းများ ပြုလုပ်နေပြီဖြစ်ပြီး၊ အချို့ဖြစ်စဉ်များမှ ထွက်ပြေးတိမ်းရှောင်နေသူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အပြင် အချို့ ဖြစ်စဉ်များနှင့် ပတ်သက်၍ ကွင်းဆက်များအား စုံစမ်းဖော်ထုတ်နေသည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသည်။ယခု နောက်ပိုင်းတွင် တိုင်းရင်းသား ဒေသများ၊ ကျေးလက်ဒေသ အချို့နှင့် ရန်ကုန် အပါအဝင် မြို့ကြီး အချို့တွင် စိတ်ကြွမူးယစ်ဆေးပြားများ သုံးစွဲမှု တွင်ကျယ်လာပြီး လူငယ်များအတွင်း သုံးစွဲမှု များပြားလာကြောင်း သိရသည်။ အထက်ဖော်ပြပါ ဖမ်းဆီးရမိသည့် စိတ်ကြွမူးယစ်ဆေးပြား ပမာဏများအရ သုံးစွဲမှု ပျံ့နှံ့နိုင်သည့် အနေအထားမှာ စိုးရိမ်ဖွယ်ရာပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ကင်းစင်ရေးအတွက် ကာကွယ်ဟန့်တားမှုများ၊ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးနိုင်မှုနှင့် ဘိန်းစိုက်တောင်သူများ ဘဝရပ်တည်နိုင်ရေး လိုအပ်သည့် အကူအညီများ စသည့် အစီအမံများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် သတ်မှတ်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။သို့သော် ဘိန်းစိုက်ပျိုးခြင်း အပါအဝင် စိတ်ကြွမူးယစ်ဆေးဝါးများ၏ အန္တရာယ်သည် မြန်မာနိုင်ငံတွင် အထူးသတိပြုရန် လိုအပ်နေဆဲ အခြေအနေပင်ဖြစ်သည်။ ထို့ကြောင့် ပိုမိုထိရောက်နိုင်မည့် ရေတိုရေရှည် စီမံကိန်းများဖြင့် ပြဿနာ၏ အဓိက အရင်းအမြစ်ကို ရှာဖွေဖြေရှင်းသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။(ဖေဖော်ဝါရီ ၁၁ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)

Most Read

Most Recent