ပြည်သူများ အားထားရသည့် ကျန်းမာရေး စနစ်သစ်

ပြည်သူများ အားထားရသည့် ကျန်းမာရေး စနစ်သစ်
Published 8 February 2016

‘အာရောဂျံ ပရမံလာဘံ’ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး ဟူသကဲ့သို့ပင် ဆင်းရဲ မွဲတေမှု ပြဿနာများနှင့် ရုန်းကန် နေရသော ပြည်သူများအတွက် အားထားရသည့် ကျန်းမာရေး စောင့်ရှောက်မှု စနစ်သစ် လိုအပ်နေပြီ ဖြစ်ပါသည်။တရားဝင် အချက်အလက်များ အရ ရန်ကုန် ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာ ဌာနတွင် နေ့စဉ် ပျမ်းမျှလူနာ ၃၀၀ မှ ၅၀၀ အတွင်း လာရောက် ကုသလျက်ရှိပြီး အတွင်းလူနာ ဦးရေ ပျမ်းမျှ ၁၇၀၀ ခန့်ထိ တက်ရောက် ကုသလျက် ရှိကြောင်း သိရသည်။ ထို့ကြောင့် ယခု ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ရန်ကုန် ပြည်သူ့ဆေးရုံကြီးအား ခုတင် ၁၅၀၀ ဆံ့ဆေးရုံမှ ခုတင် ၂၀၀၀ ဆံ့ ဆေးရုံအဖြစ် အဆင့်တိုးမြှင့် သတ်မှတ်ခဲ့သည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဝေးလံသီခေါင်သော တိုင်းရင်းသားဒေသများ အပါအဝင် နိုင်ငံအန့ှံရှိ ဒေသအသီးသီးတွင် အစိုးရ၏ ကျန်းမာရေး စောင့်ရှောက်မှု ပိုမို တိုးမြှင့်ရန် လိုအပ်မည်မှာလည်း မလွဲဧကန်ပင် ဖြစ်သည်။မြင့်တက်လာသော အထွေထွေ ကုန်ဈေးနှုန်းများနှင့်အတူ စရိတ်စက ကြီးမြင့်လာသည့် ကျန်းမာရေး အသုံးစရိတ်က အခြေခံ လူတန်းစားများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေရသည်။ ထို့အတွက် အစိုးရ၏ ကျန်းမာရေး အသုံးစရိတ် ထောက်ပံ့မှုနှင့် ကျန်းမာရေး စောင့်ရှောက်မှု ပုံစံများက ပိုမို အရေးပါလာမည်ဖြစ်သည်။ ယခင်က အစိုးရ၏ ပညာရေး၊ ကျန်းမာရေး အပါအဝင် လူမှုရေး ကဏ္ဍအတွက် အသုံးစရိတ်မှာ စုစုပေါင်း နိုင်ငံသုံးစွဲငွေ၏ ၈ ဒသမ ၈ ရာခိုင်နှုန်းခန့်သာ ရှိခဲ့သည်။ ထို့ကြောင့် ယင်းကဏ္ဍများအတွက် လူတစ်ဦး၏ တစ်နှစ် အသုံးစရိတ်မှာ ကျပ်ငွေ ၉,၀၀၀ အောက်သာ ရှိခဲ့သည်။ လက်ရှိ အစိုးရ လက်ထက်တွင် ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများအတွက် ဘတ်ဂျက်ငွေ ယခင်ထက် တိုးမြှင့် သုံးစွဲခဲ့ပြီး၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၉၂၀၀၈ ဒသမ ၇၈၆၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၄၀၀၇၁၉ ဒသမ ၆၃၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၅၂၈၅၇၃ ဒသမ ၈၅၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၆၅၂၇၄၄ ဒသမ ၅၈၉ နှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ကျပ်သန်းပေါင်း ၇၅၀၀၀၀ ထိ သုံးစွဲခွင့် ရရှိထားကြောင်း သိရသည်။မြန်မာနိုင်ငံတွင် အစိုးရ ဆေးရုံများ၊ ဒေသန္တရ ကျန်းမာရေး စောင့်ရှောက်မှုများ အပါအဝင် ကျန်းမာရေး စောင့်ရှောက်မှု စနစ်များ ရှိနေသလို ပုဂ္ဂလိက ကဏ္ဍတွင်လည်း ဆေးရုံ ဆေးခန်းများ ဖွင့်လှစ်ခွင့် ပြုထားပြီး ဖြစ်သည်။ သို့သော် ပုဂ္ဂလိကမှ ဖွင့်လှစ်ထားသော ဆေးရုံများသို့ သွားရောက်၍ ဆေးကုသမှု ခံယူသော ပြည်သူအချို့၏ အဆင်မပြေမှုများနှင့် ပတ်သက်၍ ပြီးခဲ့သည့် ပထမအကြိမ် လွှတ်တော်၏ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာ ကော်မတီက အစီရင်ခံစာ တစ်ရပ် တင်သွင်းခဲ့သည်။ အဆိုပါ အစီရင်ခံစာတွင် ပုဂ္ဂလိကမှ ဖွင့်လှစ်ထားသော ဆေးရုံများတွင် ပြည်သူများ ကြုံတွေ့ရသည့် အဆင်မပြေမှုများအတွက် အစိုးရမှ လိုအပ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ပုဂ္ဂလိက ဆေးရုံများ၏ ဆောင်ရွက်ချက်များအား ညှိနှိုင်းပြီး ကြပ်မတ်ပေးနိုင်ရန် အကြံပြုခဲ့သည်။ ထို့အပြင် ကျေးလက်နေ တောင်သူလယ်သမားများနှင့် အခြားသော ပြည်သူလူထုအတွက် ကျေးလက်ဆေးပေးခန်း၊ သက်ဆိုင်ရာဆေးဝါး၊ ဆေးဝန်ထမ်းများ လုံလောက်အောင် ဖြည့်ဆည်း ဆောင်ရွက်ပေးရန်၊ ဆင်းရဲနွမ်းပါးသော ပြည်သူများအတွက် အခမဲ့ ကျန်းမာရေးစနစ် အကောင်အထည် ဖော်ပေးရန် စသည့် အချက်များကိုလည်း အကြံပြုထားသည်။ထို့အပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အနီး၊ သူနာပြု တက္ကသိုလ် ရှေ့ရှိ ကျန်းမာရေး ဝန်ကြီးဌာနပိုင် မြေကွက်ပေါ်တွင် ပုဂ္ဂလိကဆေးရုံ ဆောက်လုပ်ရန် နှစ်ရှည် ငှားရမ်းမှုအပေါ် ဝေဖန်မှုများ ရှိနေသည်။ ပွင့်လင်းမြင်သာမှု မရှိဘဲ ပုဂ္ဂလိကသို့ လွှဲပြောင်းမည့် အစား ကျန်းမာရေး ကဏ္ဍတွင် အမှန်တကယ် လိုအပ်သည့် ပြည်သူ့ဆေးရုံမျိုးသာ ရှိသင့်ကြောင်း သုံးသပ်မှုများ ရှိခဲ့သည်။မည်သို့ပင်ဆိုစေ ဆင်းရဲသော ပြည်သူများ၊ နည်းပါးနေသေးသော ကျန်းမာရေးကဏ္ဍ အစိုးရ အသုံးစရိတ်များနှင့် လိုအပ်ချက်များ ရှိနေဆဲ ကျန်းမာရေး ကဏ္ဍအတွက် ပြည်သူများ အားထားရသော ကျန်းမာရေး စောင့်ရှောက်မှု စနစ်သစ်များ လိုအပ်နေပြီ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(ဖေဖော်ဝါရီ ၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent