“ရန်ကုန်မြို့ဟာ အားလုံးသိတဲ့အတိုင်းပဲ စီးပွားရေးလောက၊ ငွေရေးကြေးရေးကိစ္စနဲ့ ပတ်သက်တဲ့လောက၊ အဂတိတရား လိုက်စားပြီးတော့ မဲဆွယ်လုပ်တဲ့ ကိစ္စအမျိုးမျိုး လုပ်နိုင်တဲ့နေရာမျိုးဖြစ်တယ်။ အဲဒါကြောင့်မို့လို့ အင်မတန် သတိကြီးမားစွာနဲ့ လုပ်ရမှာမျိုး ဖြစ်တာကြောင့်မို့လို့ အခုလိုအချိန်အခါမျိုးမှာ ဒီလိုမျိုးကိစ္စမျိုးကို မိမိတို့အဖွဲ့အစည်းဟာ လုံးဝကင်းစင်ပြီး တကယ်ကို အဖွဲ့ချုပ်က ချမှတ်ထားတဲ့စည်းကမ်း၊ စည်းမျဉ်းများအတိုင်းပဲ တိတိကျကျ ညီညီညွတ်ညွတ် တစ်သားတည်းဖြစ်အောင် ဆောင်ရွက်သွားနိုင်ဖို့ အရေးကြီးပါတယ်” ဟု NLD ပါတီနာယက သူရဦးတင်ဦးက ဖေဖော်ဝါရီ ၆ ရက်တွင် NLD ပါတီမှ ရွေးချယ်ခံထားရသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် ထည့်သွင်းမှာကြားခဲ့သည်။ယင်းမှာကြားသကဲ့သို့ပင် ပြည်သူများ မဲပေးရွေးချယ်မှုကြောင့် လွှတ်တော်အတွင်း ဝင်ရောက်နိုင်ခဲ့ကြသည့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် နိုင်ငံနှင့် ပြည်သူ့အကျိုးအတွက် အဂတိတရား ကင်းစင်စွာ မှန်မှန်ကန်ကန် တာဝန်ကျေပွန်ရန် လိုအပ်မည် ဖြစ်ပါသည်။ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ လွှတ်တော်သစ်၏ ပြည်သူ့လွှတ်တော် အစည်းအဝေးများ စတင်ကျင်းပခဲ့သည်။ အမျိုးသားလွှတ်တော် အစည်းအဝေးကို ဖေဖော်ဝါရီ ၄ ရက်တွင် စတင်ကျင်းပခဲ့ကာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း ကိုယ်စားလှယ်များ စုပေါင်းပါဝင်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို လာမည့်ဖေဖော်ဝါရီ ၈ ရက်တွင် ကျင်းပတော့မည် ဖြစ်သည်။ အလားတူပင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ လွှတ်တော်အစည်းအဝေးများကိုလည်း ယင်းဖေဖော်ဝါရီ ၈ ရက်တွင်ပင် တစ်နိုင်ငံလုံး၌ ကျင်းပပြုလုပ်တော့မည် ဖြစ်သည်။၂၀၁၅ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲမှ ပြည်သူများက ဒီမိုကရေစီနည်းကျ ရွေးချယ်ခဲ့သော နှစ်ပေါင်းများစွာအတွင်း ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးချယ်ခံထားရသူများ ပါဝင်သည့် လွှတ်တော်အစည်းအဝေးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ လူထုနှင့် နိုင်ငံအတွက် မည်သည့်ကိစ္စရပ်များ အကောင်အထည်ဖော်မည်ကို ပြည်သူများအပါအဝင် နိုင်ငံတကာမှလည်း စောင့်ကြည့်နေပြီဖြစ်သည်။ဥပဒေပြုရေးမဏ္ဍိုင်ဟု ဆိုနိုင်သော လွှတ်တော်အသီးသီးရှိ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍသည် အရေးပါနေပြီဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်းအချင်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားပြီး ဖြစ်သည်။“(က) အသက် ၂၅ နှစ်ပြည့်ပြီးသူ၊ (ခ) နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်သူ၊ (ဂ) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည့် အချိန်နှင့် တစ်ဆက်တည်း ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် အနည်းဆုံး ၁၀ နှစ် အခြေချနေထိုင်ခဲ့သူ၊ ခြွင်းချက်။ နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့် ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့် ကာလအဖြစ် ထည့်သွင်းရေတွက်ရမည်၊ (ဃ) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေတွင် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူ” ဟူ၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ အရည်အချင်းအဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၂၀ တွင် ပြဋ္ဌာန်းထားပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၏ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသော ပြည့်စုံရမည့် အရည်အချင်းများ အဖြစ်လည်း သတ်မှတ်ထားပါသည်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၏ အရည်အချင်းများကိုမူ (က) အသက် ၃၀ နှစ်ပြည့်ပြီးသူများ ဖြစ်ရမည်ဟု အသက်ကန့်သတ် မှုအပိုင်းအခြားအား ပြောင်းလဲထားပြီး ကျန်အချက်များမှာ ပုဒ်မ ၁၂၀ ပါ ပြဋ္ဌာန်းထားချက်များ အတိုင်းပင် ဖြစ်သည်။တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အသီးသီးနှင့် ပတ်သက်၍ ကိုယ်စားလှယ်များ၏ အရည်အချင်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၂၂ တွင် “တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်း တင်သွင်းသော တပ်မတော်သားများသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံရမည်” ဟု ပြဋ္ဌာန်းထားပြီး အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၏ အရည်အချင်း သတ်မှတ်ချက်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၅၃ နှင့်ပုဒ်မ ၁၇၀ တို့တွင် သီးခြားစီ ထည့်သွင်းထားပြီး” ...အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံရမည်” ၊ “...တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံရမည်” ဟူသည့် စကားရပ်သာ ပြောင်းလဲထားပြီး ကျန်စကားရပ်များမှာ ပုဒ်မ ၁၂၂ ပါ “...တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်း တင်သွင်းသော ...” ဟူသော စကားရပ်အတိုင်း ထည့်သွင်းပြဋ္ဌာန်းထားပါသည်။၂၀၁၀ ရွေးကောက်ပွဲပြီးနောက် ပေါ်ပေါက်ခဲ့သည့် ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်အသီးသီး၏ ကောင်းခြင်းဆိုးခြင်းများကို ပြည်သူများက မျက်မြင်ခံစားခဲ့ကြရပြီးဖြစ်သည်။ သို့ပါ၍ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခဲ့ရသော လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း အဂတိတရား ကင်းစင်သော၊ ပြည်သူကို ရှေးရှုသော လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရပ်တည်ဆောင်ရွက်ကြပါရန် The Daily Eleven သတင်းစာက တိုက်တွန်းအပ်ပါသည်။(ဖေဖော်ဝါရီ ၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)








