အယ်လ်နီညို ရာသီဥတုနှင့်အတူ ပူပြင်းသော နွေကာလမှာ မကြာမီရောက်ရှိလာတော့မည် ဖြစ်သည်။ ပွင့်လင်းရာသီဖြစ်သည့် နွေကာလတွင် နှစ်စဉ်နှစ်တိုင်း သတိပြုရသော အရေးကိစ္စများတွင် မီးဘေးအန္တရာယ်လည်း အပါအဝင်ဖြစ်သည်။ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်က ရန်ကုန်မြို့ မင်္ဂလာဈေး မီးလောင်မှုကဲ့သို့ စံချိန်တင်မီးလောင်ကျွမ်းမှု၊ ဖေဖော်ဝါရီ ၄ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တို့တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုများက မီးဘေးအန္တရာယ်အတွက် မည်သည့်အချက်များကို ကြိုတင်ပြင်ဆင်ရန် လိုအပ်နေပြီဖြစ်ကြောင်း သတိပြုစရာအချက်များ မြင်တွေ့နိုင်မည်ဖြစ်သည်။၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် မီးလောင်ကျွမ်းခဲ့သည့် မင်္ဂလာဈေးသည် လွန်ခဲ့သည့် ၂၀၁၀ ပြည့်နှစ်အတွင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ဖူးသည့် နေရာဖြစ်ပြီး ထိုစဉ်ကလည်း နာရီပေါင်းများစွာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ ဒုတိယအကြိမ် ထပ်မံလောင်ကျွမ်းရာတွင်လည်း စံချိန်တင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့သည်။ မီးဘေးအန္တရာယ်အတွက် ကြိုတင်ကာကွယ်ရေးအတွက် စံမမီသော ပစ္စည်းကိရိယာများနှင့် ကြိုတင်ပြင်ဆင်မှု အစီအမံများ အားနည်းမှုကြောင့် ဆုံးရှုံးမှုပမာဏ များပြားခဲ့ရခြင်း ဖြစ်သည်။ထို့အတူ ဖေဖော်ဝါရီ ၄ ရက်တွင် လပွတ္တာမြို့နှင့် နမ့်ဆန်မြို့တို့တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုများတွင်လည်း မြို့ပြဆိုင်ရာ လိုအပ်ချက်များက မီးလောင်မှုပမာဏကို ကြီးမားစေခဲ့ကြောင်း သိရသည်။ နမ့်ဆန်မြို့သည် တောင်ပေါ်မြို့တစ်မြို့ဖြစ်ပြီး အဓိက လမ်းမကြီးအဖြစ် မြို့လယ်လမ်းမကြီး တစ်ခုသာရှိသော တောင်ပေါ်မြို့တစ်မြို့ဖြစ်ကြောင်း၊ နမ့်ဆန်မြို့ အရှေ့ဘက်ရှိ မင်္ဂလာရပ်တွင် မြို့လယ်ကောင်လမ်းများသည် ၁၅ ပေသာ ကျယ်သဖြင့် မီးသတ်ကား ဝင်မရကြောင်း၊ လမ်းကျဉ်းကျဉ်းလေးဖြင့် သွားလာရ ခက်ခဲကြောင်း၊ အိမ်အများစုသည် ရေနံချေးသုတ်ထားသော ပျဉ်ထောင်အိမ်များဖြစ်ကြောင်း၊ တစ်အိမ်နှင့် တစ်အိမ်သည် ကပ်လျက်ပူးညှပ်စွာ ဆောက်ထားသောကြောင့် မီးကူးလွယ်ခြင်းဖြစ်ကြောင်း၊ လားရှိုး၊ သီပေါ၊ ကျောက်မဲမြို့များမှ မီးသတ်ကားများမှာလည်း မြို့တွင်းလမ်းမကြီးအတွင်း ဖြတ်သန်းပြီး မီးသွားရောက်ငြှိမ်းသတ်ရန် အခက်အခဲဖြစ်ခဲ့ကြောင်း သိရသည်။ လပွတ္တာမြို့ မီးလောင်မှု ဖြစ်စဉ်တွင်လည်း ဆီပီပါများ၊ အရက်ပီပါများ မီးလောင်ပေါက်ကွဲခြင်း၊ မီးငြှိမ်းသတ်ရန် လုံလောက်သော ရေရရှိရန် ခက်ခဲခြင်း၊ မီးသတ်ယာဉ်များ ဝင်ထွက်ရန်အတွက် လမ်းဧရိယာ ကျဉ်းနေခြင်း စသည့်အခက်အခဲများက မီးလောင်မှု မကြီးထွားစေရေး ထိန်းသိမ်းရန် များစွာအခက်တွေ့စေကြောင်း သိရသည်။မြန်မာနိုင်ငံတွင် တွေ့ကြုံရသော သဘာ၀ ဘေးအန္တရာယ် ဖြစ်စဉ်များကဲ့သို့ပင် မီးဘေးအန္တရာယ်သည်လည်း အိမ်ထောင်စုများစွာ၏ လူမှုဘဝကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေပါသည်။ ထို့ကြောင့် Fire Code, Building Code ကဲ့သို့ အဆောက်အအုံများဆိုင်ရာ၊ မီးနှင့်ဆိုင်သော ဥပဒေများနှင့် ညီညွတ်ခြင်းရှိ မရှိ စနစ်တကျ စစ်ဆေးဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် Fire Code ပါဝင်သည့် National Building Code ကဲ့သို့ လိုအပ်သည့် စည်းမျဉ်းဥပဒေများအား စနစ်တကျ လုပ်ဆောင်ရန် လိုအပ်မည် ဖြစ်ပါသည်။သို့ပါ၍ မီးဘေးအန္တရာယ်အတွက် ကျေးလက်မြို့ပြဆိုင်ရာ စနစ်ကျသော စီမံခန့်ခွဲမှုနှင့် အရေးပေါ် အခြေအနေများတွင် ဘေးအန္တရာယ် ဆိုးကျိုးလျော့ပါးစေရေး လုပ်ဆောင်နိုင်သော အနေအထားများ အလေးထား ပြင်ဆင်ရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။(ဖေဖော်ဝါရီ ၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)








