လက်ရှိ အစိုးရ၏ လက်ကျန်သက်တမ်းက အချိန်တစ်လကျော်သာ ကျန်တော့သည်။ ဖေဖော်ဝါရီ ၁ ရက်မှစ၍ လွှတ်တော်သစ် ခေါ်ယူမှု စတင်ကာ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများ ရွေးချယ် တင်မြှောက်ခြင်း၊ ယခင် လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူများထံမှ တာဝန်များ လွှဲပြောင်းရယူခြင်း စသည်ဖြင့် ၂၀၁၅ ရွေးကောက်ပွဲအလွန် လွှတ်တော်သစ်နှင့် အစိုးရသစ်အတွက် ကူးပြောင်းခြင်း လုပ်ငန်းစဉ်များ စတင်နေပြီ ဖြစ်သည်။ပြည်သူလူထု၏ တစ်ခဲနက် မဲပေးရွေးချယ်မှုနှင့်အတူ လွှတ်တော်ကိုယ်စားလှယ်များ အဖြစ် တာဝန်ထမ်းဆောင်ကြမည့်သူများ၊ ထိုမှ အစိုးရ အဖွဲ့သစ်တွင် ရွေးချယ်ခန့်အပ် ခံရ၍ တာဝန်ထမ်းဆောင်ကြမည့် သူများ၏ နိုင်ငံနှင့် လူထုအပေါ် မည်ကဲ့သို့ အလုပ်အကျွေး ပြုမည်ကိုလည်း ပြည်သူလူထုက စောင့်မျှော်နေပြီဖြစ်သည်။ ယခင် ကာလများက တွေ့ကြုံ ရင်ဆိုင်ခဲ့ရသည့် အခက်အခဲများ၊ တရားမမျှတမှုများ စသည်တို့ အပေါ်တွင်လည်း မည်ကဲ့သို့ ပြုပြင်ပြောင်းလဲမည် ဆိုသည်ကိုလည်း သိလိုနေကြပြီဖြစ်သည်။ယခုကဲ့သို့ အကူးအပြောင်း ကာလတွင် ဖမ်းဆီးတရားစွဲဆို အမှုရင်ဆိုင်နေရဆဲဖြစ်သော ကျောင်းသားများ၊ အလုပ်သမားအရေး၊ လယ်သမားအရေး ကူညီဆောင်ရွက်သူများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် ပတ်သက်သော ကိုင်တွယ်ဆောင်ရွက်မှုများ အပေါ်တွင်လည်း စိုးရိမ်မှုများ ရှိနေသည်။ အချို့မှာ ထပ်တိုးပုဒ်မများဖြင့် အမှုဖွင့် တရားစွဲဆို ခံရမှုများ ဆက်တိုက်ပေါ်ပေါက်လာသည်။ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ဆန္ဒပြမှုဖြင့် မြို့နယ်အသီးသီးတွင် တရားစွဲဆိုခံထားရသည့် ကျောင်းသားခေါင်းဆောင်များဖြစ်သော မဖြိုးဖြိုးအောင်နှင့် ကိုနန္ဒစစ်အောင်တို့ အပါအဝင် ဖမ်းဆီးခံထားရသော ကျောင်းသားခေါင်းဆောင် အချို့မှာ ယခင်ဖြစ်စဉ်ဟောင်းများ အတွက် တပ်တိုးအဖြစ် တရားစွဲဆို ခံနေရသည်။ ပုဒ်မ ၁၈ များဖြင့် ဖြစ်သည်။ ထို့အပြင် လက်ပံတောင်းတောင် ဒေသခံ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးခဲ့မှုအား အမှုမှန် ပေါ်ပေါက်ရေး ဆန္ဒပြမှုကြောင့် ရန်ကုန်မြို့ရှိ မြို့နယ် အသီးသီးမှ တရားရုံးများတွင် ထောင်ဒဏ်များ ချမှတ်ခံထားရသော ဒေါ်နော်အုန်းလှနှင့် ကိုထင်ထွဋ်ပိုင်တို့သည်လည်း ၂၀၁၄ ခုနှစ်အတွင်းက ဖြစ်စဉ်များနှင့် ပတ်သက်၍ ပုဒ်မ ၁၈ ဖြင့် ထပ်မံ တရားစွဲဆို ခံနေရသည်။ယခုကဲ့သို့ ကျောင်းသားများ အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ ထပ်တိုး တရားစွဲဆိုခံရသည့် ပုဒ်မ ၁၈၊ ၁၉ တို့ ပါဝင်သည့် “ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့်၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ” သည် လက်ရှိ အစိုးရလက်ထက် ၂၀၁၁ ခုနှစ် အတွင်းက ပြဋ္ဌာန်းခဲ့သော ဥပဒေတစ်ခု ဖြစ်ပါသည်။ အဆိုပါ ဥပဒေ၏ ရည်ရွယ်ချက်မှာ “(က)နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးတို့ကို ထိန်းသိမ်း စောင့်ရှောက်ရန်၊ (ခ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလ အခွင့်အရေးဖြစ်သည့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းတို့ကို စနစ်တကျ သုံးစွဲဆောင်ရွက်ခွင့် ရရှိစေရန်နှင့် ယင်းတို့အား ဥပဒေအရ အကာအကွယ်ပေးရန်၊ (ဂ) ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်ခြင်း အခွင့်အရေးတို့ကို သုံးစွဲဆောင်ရွက်သူများကြောင့် အများပြည်သူအား အနှောင့်အယှက်ဖြစ်စေခြင်း၊ ဘေးအန္တရာယ်ဖြစ်စေခြင်း၊ ထိခိုက်နစ်နာစေခြင်းနှင့် အဟန့်အတား ဖြစ်စေခြင်းတို့မှ ကာကွယ်ရန်။” ဟူ၍ ဖြစ်သည်။ပြစ်မှုပြစ်ဒဏ်များနှင့် ပတ်သက်၍ “၁၇။ မည်သူမဆို ခွင့်ပြုမိန်နှင့် အညီ ငြိမ်းချမ်းစွာ စုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုသူအား နှောင့်ယှက်ခြင်း၊ ဖျက်ဆီးခြင်း၊ ဟန့်တားခြင်း၊ စိတ်ငြိုငြင်စေခြင်း၊ လက်ရောက်မှု ကျူးလွန်ခြင်း၊ အနိုင်အထက်ပြုခြင်း သို့မဟုတ် ဘေးအန္တရာယ် ဖြစ်စေခြင်း ပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၅၀၀၀၀ ထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။ ၁၈။ မည်သူမဆို ခွင့်ပြုမိန့် မရရှိဘဲ ငြိမ်းချမ်းစွာ စုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ခြောက်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃၀၀၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ၁၉။ မည်သူမဆို ပုဒ်မ ၈၊ ပုဒ်မခွဲ (င) အရ သတ်မှတ်ထားသော စည်းကမ်း၊ တစ်ရပ်ရပ်ကိုသော် လည်းကောင်း၊ ပုဒ်မ ၁၀၊ ၁၁ နှင့် ၁၂ တို့ပါ စည်းကမ်း တစ်ရပ်ရပ်ကိုသော် လည်းကောင်း ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို သုံးလထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁၀၀၀၀ ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။” ဟု သတ်မှတ်ထားသည်။ သို့သော် အများစုမှာ ထောင်ဒဏ်များ ချမှတ်ခံနေရသည်။ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄ (ခ) တွင် “လက်နက် မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊” ရှိကြောင်း ပြဋ္ဌာန်းထားပြီး ယင်းပြဋ္ဌာန်းမှုအရ ငြိမ်းစုစီ ဥပဒေကို ပြဋ္ဌာန်းခြင်း ဖြစ်ကြောင်းလည်း သိရသည်။“ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ” ပြဋ္ဌာန်းထားသောကြောင့် ဆန္ဒပြခွင့်ကို ဥပဒေနှင့်အညီ ခွင့်ပြုထားသည်ဟု ဆိုနိုင်သော်လည်း အများစုမှာ အဆိုပါ ဥပဒေဖြင့်ပင် အရေးယူ ထောင်ချခံနေရသည်။မည်သို့ပင်ဆိုစေ နိုင်ငံသားတိုင်းသည် တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းများ လိုက်နာရန် တာဝန်ရှိမည် ဖြစ်သော်လည်း မှန်ကန်မျှတသည့် အဂတိတရား ကင်းစင်သော တရားစီရင်ရေး မဏ္ဍိုင်၏ ဖြောင့်မတ်မှန်ကန်မှုမှာ အရေးကြီးပါကြောင်း၊ ဥပဒေများအား လိုသလို အသုံးပြု၍ မတရားသော လုပ်ဆောင်မှုများ မရှိသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(ဖေဖော်ဝါရီ ၄ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)








