၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်သည် မြန်မာနိုင်ငံအတွက် သမိုင်းဝင်မည့် နေ့တစ်နေ့ပင် ဖြစ်ပါသည်။ လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်တွင်လည်း မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး လွှတ်တော်အစည်းအဝေးများ စတင် ကျင်းပနိုင်ခဲ့သည့်နည်းတူ ယခု ၂၀၁၆ ခုနှစ်တွင်လည်း နှစ်ပေါင်းများစွာအတွင်း ပြည်သူ့ဆန္ဒ အမှန်ဖြင့် ရွေးချယ်ခဲ့သော ပြည်သူ့ ကိုယ်စားလှယ်များ ပါဝင်သည့် ဒီမိုကရေစီ လိုလားသူများ၏ လွှတ်တော်တစ်ရပ် စတင်နိုင်ခဲ့ပြီဖြစ်သည်။ နှစ်ပေါင်းများစွာ အာဏာရှင် စနစ်အောက် ကျရောက်ခဲ့ရသော မြန်မာနိုင်ငံအတွက် ဒီမိုကရေစီ အင်အားစုများ အများဆုံး ပါဝင်လာသည့် လွှတ်တော်သစ်ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် အတူ တပ်မတော် ခေါင်းဆောင်အချို့ အရပ်ဘက် ပြောင်းလဲကာ အစိုးရကို ဦးဆောင်သူများအဖြစ် တာဝန်ယူခဲ့ပြီးနောက် ယခု တစ်ကြိမ်တွင် ဒီမိုကရေစီ အင်အားစုများ အများအပြား အနိုင်ရရှိကာ လွှတ်တော်တွင် ပါဝင်ခွင့် ရရှိခဲ့ခြင်းလည်း ဖြစ်သည်။ပြီးခဲ့သည့် ငါးနှစ်သက်တမ်းကို ပြည်ခိုင်ဖြိုး ပါတီမှ ဦးဆောင် ဖွဲ့စည်းခဲ့သည့် သမ္မတ ဦးသိန်းစိန် အစိုးရက တာဝန်ယူခဲ့ပြီး ယခု အစိုးရ သစ်သက်တမ်းကို ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့ခွင့် အခွင့်အရေး ရရှိထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ရွေးချယ် တာဝန်ပေးအပ်မည့် အစိုးရသစ်က တာဝန်ယူမည်ဖြစ်သည်။ဖေဖော်ဝါရီ ၁ ရက်က စတင် ကျင်းပသော လွှတ်တော်သစ်၏ အစည်းအဝေး၌ ပြည်သူ့လွှတ်တော်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ၂၅၅ ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ၃၀ ဦး၊ ရခိုင် အမျိုးသားပါတီမှ ၁၂ ဦး၊ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ၁၂ ဦး၊ PNO မှ သုံးဦး၊ တအာင်း (ပလောင်)မှ သုံးဦး၊ ဇိုမီးဒီမိုကရေစီပါတီမှ နှစ်ဦး၊ လီဆူး အမျိုးသား ပါတီမှ နှစ်ဦး၊ ကချင်ဒီမိုကရေစီပါတီ၊ ဝဒီမိုကရက်တစ် ပါတီနှင့် ကိုးကန့် ဒီမိုကရေစီ ပါတီတို့မှ တစ်ဦးစီနှင့် တစ်သီးပုဂ္ဂလတစ်ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၃၂၃ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၁၁၀ ပါဝင်သည်။ ထို့အတူ အမျိုးသား လွှတ်တော်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ၁၃၅ ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၁၁ ဦး၊ ရခိုင် အမျိုးသားပါတီမှ ၁၀ ဦး၊ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ သုံးဦး၊ ဇိုမီးဒီမိုကရေစီ ပါတီမှ နှစ်ဦး၊ တအာင်း (ပလောင်)မှ နှစ်ဦး၊ မွန်အမျိုးသားပါတီမှ တစ်ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ တစ်ဦး၊ PNO မှ တစ်ဦးနှင့် တစ်သီးပုဂ္ဂလ နှစ်ဦး စုစုပေါင်း ၁၆၈ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၅၆ ဦးတို့ ပါဝင်မည်ဖြစ်သည်။ပြည်သူ့လွှတ်တော်၏ ဥက္ကဋ္ဌသစ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ဦးဝင်းမြင့်ဖြစ်ပြီး ယခင်လွှတ်တော် သက်တမ်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် သူရဦးရွှေမန်းထံမှ တာဝန်လွှဲပြောင်း ယူလိုက်ပြီဖြစ်သည်။ အလားတူပင် ဆက်လက် ကျင်းပရန်ရှိသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဦးမန်းဝင်းခိုင်သန်းက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသစ်အဖြစ် တာဝန်ယူမည်ဟု အတည်ပြု ပြောကြားထားပြီး အမျိုးသားလွှတ်တော် စတင်ချိန်တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သော ဦးခင်အောင်မြင့်ထံမှ တာဝန်လွှဲပြောင်း ယူရမည် ဖြစ်သည်။ ထို့ပြင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသစ် နှစ်ဦး အနေဖြင့် ပြည်ထောင်စုလွှတ်တော် နာယကသစ် တာဝန်ကိုလည်း လွှတ်တော်သက်တမ်း ကာလ၏ ထက်ဝက်စီတွင် အသီးသီး တာဝန်ထမ်းဆောင်ကြရမည်ဖြစ်သည်။ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့တို့မှ အသီးသီး ရွေးချယ် တင်သွင်းလာမည့် ဒုတိယ သမ္မတလောင်း သုံးဦးအနက်မှ သမ္မတကို ရွေးချယ်ရမည် ဖြစ်သည်။ ထို့နောက် အစိုးရ အဖွဲ့သစ်ကို ဖွဲ့စည်းကာ အစိုးရဟောင်းထံမှ အာဏာလွှဲပြောင်း ရယူမည်ဖြစ်သည်။“နိုင်ငံတော်၏ ဥပဒေပြုရေး အာဏာကို ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များအား ခွဲဝေအပ်နှင်းသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအား ဤဖွဲ့စည်းပုံ အခြေခံဥပဒေက သတ်မှတ်သော ဥပဒေပြုရေး အာဏာကို ခွဲဝေအပ်နှင်းသည်” ဟူ၍ လည်းကောင်း “နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုသည်” ဟူ၍ လည်းကောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။သို့ပါ၍ ပြည်သူလူထု တစ်ရပ်လုံး နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ကြသည့် မျှော်လင့်ချက်များကို အကောင်အထည်ဖော် ဖြည့်ဆည်းပေးနိုင်မည့် လွှတ်တော်သစ်အဖြစ် ကြိုဆိုပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(ဖေဖော်ဝါရီလ ၂ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)








