ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် အများစု ပါဝင်ခဲ့သည့် ပထမအကြိမ် လွှတ်တော် အစည်းအဝေးများ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် ပြီးဆုံးခဲ့ပြီ ဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲပြီးနောက် စတင်ခဲ့သည့် လွှတ်တော်သက်တမ်း ငါးနှစ် ကုန်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ထို့အတွက် ၂၀၁၅ ရွေးကောက်ပွဲမှ ပြည်သူများ မဲပေးရွေးချယ်ခဲ့သောကြောင့် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် အများစု အနိုင်ရ ပါဝင်လာမည့် လွှတ်တော်သစ်ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပတော့မည် ဖြစ်သည်။ဆီးသီးဗန်းဟူ၍ လူထုအကြား ပြောစမှတ်တွင်စေခဲ့သည့် အစိုးရ ဘတ်ဂျက် သုံးစွဲမှုဆိုင်ရာ ကိစ္စများ အပါအဝင် ယခင်နှစ်ပေါင်းများစွာက အလွယ်တကူ သိရှိခွင့်မရခဲ့သည့် ကိစ္စအတော်များများကို ပထမအကြိမ် လွှတ်တော် သက်တမ်းအတွင်း ဆွေးနွေးမှု၊ တင်ပြမှုများအရ သိခွင့်ရခဲ့ကြသည်။ ထို့အတူ မည်သူတို့က ပြည်သူကို မျက်နှာမူခဲ့သည်၊ ပြည်သူ့အကျိုး အမှန်တကယ် ရှေးရှုခဲ့သည်၊ မည်သူတို့ကမူ ကိုယ်ကျိုးအတ္တကိုသာ ရှေ့တန်းတင်၍ ပြည်သူ့အကျိုးကို လျစ်လျူရှုခဲ့သည်၊ မည်သူတို့ တာဝန်ကျေ၍၊ မည်သူတို့ တာဝန်မဲ့ခဲ့ကြသည်ကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရပြီး ဖြစ်သည်။ ထို့အတွက် လွှတ်တော်အသစ်တွင် ပါဝင်လာမည့် ကိုယ်စားလှယ် အသစ်များ၏ နိုင်ငံနှင့်လူထုအပေါ် မည်ကဲ့သို့ တာဝန်ခံ တာဝန်ယူကြမည်ကို စောင့်ကြည့်နေကြပြီ ဖြစ်သည်။ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးများကို ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ပထမပုံမှန် အစည်းအဝေးမှ ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော်မှ ဥပဒေစုစုပေါင်း ၉၉ ခု ထုတ်ပြန်ပြဋ္ဌာန်းနိုင်ခဲ့ပြီး အမျိုးသား လွှတ်တော်မှ ဥပဒေ စုစုပေါင်း ၉၅ ခုနှင့် ပြည်ထောင်စု လွှတ်တော်မှ ဥပဒေ ၃၅ ခု၊ စုစုပေါင်း ဥပဒေ ၂၂၉ ခု ပြဋ္ဌာန်းနိုင်ခဲ့သည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဥပဒေ စုစုပေါင်း ၂၂၉ ခု ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း၊ အသစ်ပြဋ္ဌာန်းသည့် ဥပဒေ ၁၀၉ ခုရှိပြီး ပြင်ဆင်ပြဋ္ဌာန်းသည့် ဥပဒေပေါင်း ၁၀၃ ခုရှိကြောင်း၊ ပြန်လည် ရုပ်သိမ်းသည့် ဥပဒေပေါင်း ၁၇ ခုရှိကြောင်း၊ ပြည်ထောင်စု လွှတ်တော်တွင် ဆောင်ရွက်ရန် ကျန်ရှိခဲ့သည့် ဥပဒေကြမ်း ၂၃ ခုတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (က) နှင့် စပ်လျဉ်းပြီး ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေး ဆုံးဖြတ်နိုင်ရန်အတွက် ပြည်ထောင်စု လွှတ်တော်နာယကက ဥပဒေကြမ်း ပူးပေါင်းကော်မတီအား လေ့လာသုံးသပ်ရန် ညွှန်ကြားခဲ့ကြောင်း၊ ပြင်ဆင်ရန် တင်သွင်းသည့် ပုဒ်မ၊ ပုဒ်မခွဲခြောက်ခု အနက်မှ ပုဒ်မ ၅၉ ပုဒ်မခွဲ (ဃ) တစ်ခုသာ ထောက်ခံဆန္ဒမဲ ၅၅၀ ကျော်ဖြင့် အတည်ပြုနိုင်ခဲ့သည့်အတွက် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့် ဆက်လက် ဆောင်ရွက်နိုင်ရန် အတည်ပြုခဲ့ကြောင်း သိရသည်။ ကျန်ရှိနေသော အခြားဥပဒေကြမ်းများမှာ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ စက်မှုလုပ်ငန်း ဥပဒေကြမ်း၊ အစိုးရအောင်ဘာလေထီ ဥပဒေကြမ်း၊ အကျဉ်းထောင်များ ဥပဒေကြမ်း၊ ပုဂ္ဂလိကပညာရေး ဥပဒေကြမ်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်း၊ အခြေခံပညာရေး ဥပဒေကြမ်း စသည်တို့ဖြစ်သည်။ငါးနှစ်သက်တမ်း လွှတ်တော်ဟောင်း၏ လုပ်ဆောင်မှုများ အဆုံးသတ်၍ နောက်ထပ်ငါးနှစ် သက်တမ်း တာဝန်ယူရမည့် လွှတ်တော်သစ်၏ တာဝန်ဝတ္တရားများ မကြာမီမြင် တွေ့ရတော့မည် ဖြစ်သည်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် စတုတ္ထမဏ္ဍိုင် သတင်းမီဒီယာများဟူသော နိုင်ငံအတွက် အရေးပါသည့် မဏ္ဍိုင်လေးရပ်တွင် ပါဝင်သည့် ဥပဒေပြုရေး တာဝန်များကို အဓိက ထမ်းဆောင်ရမည့် လွှတ်တော်သစ်၏ နိုင်ငံနှင့်ပြည်သူအပေါ် မည်ကဲ့သို့ တာဝန်ခံ၊ တာဝန်ယူမည်ကို စောင့်ကြည့်ရတော့မည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(ဇန်နဝါရီလ ၃၁ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)








