နိုင်ငံတစ်နိုင်ငံတွင် အစိုးရအဖွဲ့ဟူသည် “ ယင်းနိုင်ငံတည်းဟူသော လူ့အဖွဲ့အစည်း” ‘ နိုင်ငံအတွင်းနေထိုင်သည့် ပြည်သူအားလုံး’ ကို ကိုယ်စားပြုသည်။ ထို့ကြောင့် အစိုးရအဖွဲ့သည် အဆိုပါ လူ့အဖွဲ့အစည်းကို ဖွဲ့စည်းထားသော ပြည်သူများကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ခံထားရသည်။ ပုံမှန်အားဖြင့် အစိုးရအဖွဲ့တွင် ပါဝင်သူအသီးသီးသည် လိုအပ်ချက်များ ကွဲပြားခြားနားသည့် နိုင်ငံ၏ဒေသအသီးသီးကို ကိုယ်စားပြုကြသူများ ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ပြည်သူကို ကိုယ်စားပြုသော အစိုးရအဖွဲ့၏ တစ်ခုတည်းသော အဓိကရည်မှန်းချက်မှာ ပြည်သူများ၏ လူမှုဖူလုံရေးဖြစ်သည်။ ပြည်သူများအတွက် အစားအစာ၊ နေစရာ၊ အဝတ်အစား အသုံးအဆောင်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးတို့ ဖူလုံရေးသည် အစိုးရအဖွဲ့၏ ထုတ်ပြောရန်မလိုသည့် ဆောင်ပုဒ်ဖြစ်သင့်သည်။ပြည်သူများ ၎င်းတို့ဘာသာ အသက်မွေးမှုပြုနိုင်အောင် ဆောင်ရွက်ပေးရန်နှင့် လူတိုင်းလူတိုင်း အခွင့်အရေး အညီအမျှ ရရှိရေးအတွက် အာမခံချက်ရှိရန်တို့သည် အစိုးရအဖွဲ့၏ မူဝါဒများဖြစ်သင့်သည်။ မိမိကိုယ်မိမိ တန်ဖိုးထားသူတိုင်းသည် လိုအပ်သည့်အရာများကို အလကားရယူလိုခြင်းနှင့် အခြားသူများ၏ ဝင်ငွေအပေါ် အမှီပြုခြင်းတို့မရှိဘဲ အလုပ်ကို ချစ်မြတ်နိုးလျက် မိမိကိုယ်တိုင်၏ အသက်မွေးမှုမှနေ၍ ဝင်ငွေရရှိအောင် ပြုလုပ်မည်သာဖြစ်သည်။ အစိုးရအဖွဲ့အနေဖြင့် ပြည်သူများ ကောင်းမွန်စွာ အသက်မွေးနိုင်မည့် အခွင့်အလမ်းကောင်းများ ဖန်တီးပေးရန် တာဝန်ရှိသည်။ အစားအစာ၊ နေစရာ၊ ပညာရေးနှင့် ကျန်းမာရေးအစရှိသည့် အခြေခံလိုအပ်ချက်များသည် ပင့်ကူအိမ်သဖွယ် ယှက်နွှယ်လျက်ရှိပြီး တစ်ခုအတွက် ရင်းနှီးမြှုပ်နှံမှုက အခြားအရာများကို သွယ်ဝိုက်၍ တိုးတက်စေသည်။ပညာရေးအား “ပြန်မရနိုင်သည့် ရင်းနှီးမြှုပ်နှံမှု”ဟု တချို့က ပြောတတ်ကြသည်။ ဥပမာအားဖြင့် ဆရာဝန်ဖြစ်လိုသူတစ်ဦးသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ အမှတ်ကောင်းကောင်းနှင့် အောင်မြင်ရန် အားထုတ်ရသည်။ ယင်းမှတစ်ဆင့် ဆေးတက္ကသိုလ် ဝင်ခွင့်ရရှိကာ ခုနစ်နှစ်ခန့် ပညာသင်ကြားရပြန်သည်။ နောက်ဆုံး၌ သူသည် ဆရာဝန်တစ်ဦးဖြစ်လာသည်။ ယင်းဇာတ်ညွှန်းကို စီးပွားရေးသမားတစ်ဦး၏ အမြင်ဖြင့်ကြည့်ပါက ဆရာဝန်တစ်ဦးဖြစ်လာရေးဟူသည့် စီမံကိန်းတစ်ခုအတွက် ထိုသူသည် အချိန်ပေါင်းများစွာ၊ ငွေကြေးပေါင်းများစွာ ရင်းနှီးမြှုပ်နှံခဲ့ရသည်ဟု ယူဆနိုင်သည်။ သို့သော် ထိုသူသည် ရင်းနှီးမြှုပ်နှံခဲ့မှုများအတွက် သူ့ဘဝတစ်လျှောက်လုံး အကျိုးကျေးဇူး ပြန်လည်ရရှိမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ အစိုးရအဖွဲ့တစ်ရပ်အနေဖြင့် စဉ်းစားပါက ပညာရေး၌ ရင်းနှီးမြှုပ်နှံမှုသည် ပြည်သူအားလုံး၏ အခြေခံ လိုအပ်ချက်များအတွက် အဆုံးမရှိ အကျိုးကျေးဇူး ဖြစ်ထွန်းနိုင်သော ရေရှည် ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း သဘောပေါက်ရမည်ဖြစ်သည်။ကမ္ဘာပေါ်တွင် တက်လာသည့် အစိုးရအဖွဲ့တိုင်းနီးပါးက ပြည်သူတို့၏ အခြေခံလို အပ်ချက်များကို ဆောင်ရွက်မည်ဟုကြွေးကြော်ကာ ပြည်သူ့အကျိုးကို မျှော်ကိုးသည့် ဘတ်ဂျက်ချထားမှုမျိုး ပြုလုပ်ပါမည်ဟု ဆိုတတ်ကြသည်။သို့သော် ပြည်သူ့အကျိုးအတွက်ဟုဆိုသည့် မူဝါဒနောက်ကွယ်တွင် ပုဂ္ဂိုလ်ရေး အကျိုးအမြတ်ရယူရန် စေ့ဆော်ချက်ကို ဖုံးကွယ်ထားကြသည်။ ပြည်သူ့အကျိုးအတွက် ဆောင်ရွက်သည်ဟု ဟန်ဆောင်လျက် မိမိကိုယ်တိုင်၊ မိမိမိသားစုနှင့် မိမိ၏မိတ်ဆွေများ ကြွယ်ဝချမ်းသာရေးအတွက်သာ ဆောင်ရွက်တတ်ကြသည်။ ဤသို့ဖြင့် အစိုးရအဆက်ဆက် ချမ်းသာသူများသာ ပို၍ချမ်းသာလာကြပြီး ဆင်းရဲသူများ ပို၍ဆင်းရဲ၍သာလာကြသည်။မည်သို့ပင်ဆိုစေကာမူ ပြည်သူအများစု၏ အခြေခံလိုအပ်ချက်များကိုပင် ဖြည့်ဆည်းမပေးနိုင်သည့် အစိုးရတစ်ရပ်အနေဖြင့် ရေရှည်တွင် ပြည်သူလူထု၏ ထောက်ခံမှုရရှိနိုင်မည် မဟုတ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။(ဇန်နဝါရီလ ၃၀ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)








