သဘာ၀ ရေမြေတောတောင်များ၊ သစ်တောသစ်ပင်များ၊ အဖိုးတန်သယံဇာတများနှင့်အတူ ရေခံမြေခံကောင်းမွန်ခဲ့သော မြန်မာနိုင်ငံအတွက် သဘာဝပတ်ဝန်းကျင် အပြောင်းအလဲနှင့် သဘာ၀ ဘေးအန္တရာယ်ဆိုးများက ထိုးနှက်ချက်ဖြစ်လာသည်။ သဘာ၀ သယံဇာတများကို အလွန်အကျွံ ထုတ်ယူခဲ့ကြသောကြောင့် သယံဇာတ ကျိန်စာသင့်နေပြီဟုပင် သုံးသပ်ဝေဖန်နေကြသည်။ ပြီးခဲ့သည့် မိုးကာလအတွင်း တစ်နိုင်ငံလုံးနီးပါး ကြုံတွေ့ခဲ့ရသော စံချိန်တင်ရေကြီးရေလျှံမှုဖြစ်စဉ်က ကြိုတင်ပြင်ဆင်သင့်သည်များ၊ သတိထားဆင်ခြင်စရာများအတွက် မီးမောင်းထိုးပြခဲ့ပြီးဖြစ်သည်။ သို့သော် သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များ ယခင်ထက် အဖြစ်များလာသော မြန်မာနိုင်ငံတွင် ကြိုတင်ကာကွယ်ခြင်းနှင့် ဘေးအန္တရာယ် ကြုံတွေ့ပြီးချိန်ကာလများတွင် လုပ်ဆောင်မှုများ၌ လိုအပ်ချက်များ ရှိနေသေးသည်။ မည်သည့်ကိစ္စရပ်တွင်မဆို စနစ်တကျ စဉ်ဆက်မပြတ် လုပ်ဆောင်ရန် လိုအပ်ပါသည်။ ထိုသို့မဟုတ်ပါက ထိခိုက်နစ်နာမှု ပမာဏ ပိုမိုကြီးမားနိုင်ပါသည်။ယခုအထိလည်း ရေဘေးသင့်ဒေသအချို့တွင် နောက်ဆက်တွဲ ဆိုးကျိုးများက ရှိနေဆဲဖြစ်သည်။ ရေဘေးသင့်ခဲ့သော ကလေးမြို့နယ်အတွင်း လယ်သွင်းရေမြောင်းများအပါအဝင် ချောင်းမြောင်းများ ပျောက်ကွယ်တိမ်ကောလာသည်။ ထု့ိအတွက် လာမည့်စိုက်ပျိုးရာသီတွင် အခက်အခဲများ ရှိလာနိုင်မည့်အပေါ် စိုးရိမ်နေကြသည်။ ကလေးမြို့နယ် အနောက်မြောက်ဒေသ မြွေတောင်၊ ဖားတောင်ဝန်းကျင် ရာဇဂြိုဟ်ကျေးရွာအနောက်ဘက်ရှိဧက ၄၀၀၀ ကျော်ခန့်ရှိသော လယ်ကွင်းများအနေဖြင့် လာမည့်မိုးရာသီ စပါးစိုက်ပျိုးရန်အတွက် လယ်ရေသွင်းမြောင်းများ ပျောက်ကွယ်ခြင်း၊ နတ်မြောင်းချောင်းမှ လယ်မြေမျက်နှာပြင်ထက် ချောင်းကြမ်းပြင်မှာ ပိုမိုမြင့်တက်လာခြင်းနှင့် လယ်မြေအတွင်း သစ်တုံးကြီးကျောက်တုံးကြီးများ ရှိနေခြင်းတို့ကြောင့် ရာဇဂြိုဟ်ကျေးရွာနှင့် နန်းကျဉ်းဆောင်ကျေးရွာမှ တောင်သူများအနေဖြင့် စိုက်ပျိုးရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည့် အနေအထားဖြစ်သည်။ ထို့အတွက် လိုအပ်သော ကြိုတင်ပြင်ဆင်ခြင်းများ လုံလောက်သော ထောက်ပံ့ကူညီမှုများ လိုလားနေကြသည်။ထို့ပြင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသဖြစ်သော မကွေးတိုင်းဒေသကြီး၊ မကွေး၊ ချောက်၊ ရေနံချောင်း၊ တောင်တွင်းကြီး၊ မင်းဘူး၊ စကု၊ စေတုတ္တရာမြို့နယ်များအတွင်း ကျေးရွာအချို့တွင် နွေရာသီမရောက်မီမှာပင် သောက်သုံးရေ အခက်အခဲများ ကြုံတွေ့လာကြရသည်။ သဘာဝစမ်းတွင်းများမှ ရေကို တန်းစီခပ်ယူရကြောင်း ရေနံချောင်းမြို့နယ် လွန်ပင်ရှိုကျေးရွာတွင် အဝီစိစက်ရေတွင်း ရှိသော်လည်း ရေထွက်အားနည်းသောကြောင့် သောက်သုံးရေ မလုံလောက်မှုများ ဖြစ်ပေါ်နေကြောင်း ချောက်မြို့နယ် ဂွေးချိုတောင်ကြောအနီး မြေအောက်ရေကြောတွင် ရေချိုမရှိသောကြောင့် ဂွေးချို၊ ရှားပင်၊ ဥယျာဉ်၊ မကြီးစောက် ကျေးရွာများတွင် အနီးဆုံးနှစ်မိုင်ကျော်အထိ သွား၍ ရေကို ဝယ်ယူသုံးစွဲနေရကြောင်း ချောက်မြို့နယ်အတွင်း နွေရာသီတွင် ရေအခက်အခဲကြုံလေ့ရှိသော ကျေးရွာပေါင်း ၄၀ ခန့်ရှိကြောင်း မင်းဘူးမြို့နယ်၊ ပျော်ဖွယ်ကျေးရွာတွင် မြေအောက်ရေကြောဝေးလွန်းမှုကြောင့် ရေအခက်အခဲများ ကြုံတွေ့နေကြောင်း စေတုတ္တရာမြို့နယ် ကြီးအုံကြီး၀ ရေလှောင်တမံ တည်ဆောက်စဉ်က ပြောင်းရွှေ့ခဲ့ရသည့် ကျောက်ပုံ၊ ခဲပစ်ကျေးရွာများတွင် အဝီစိစက်တွင်း လုံးဝမရှိသောကြောင့် ရေအခက်အခဲများ ကြုံတွေ့နေကြောင်း တောင်တွင်းကြီးမြို့နယ် မင်းရွာတွင်အိမ်ခြေ ၁၀၀ ကျော်ရှိပြီး အဝီစိစက်တွင်းမှ ရေမအောင်မှုကြောင့် သောက်သုံးရေအခက်အခဲများ ဖြစ်ပေါ်နေကြောင်း စသည်ဖြင့် ဒေသခံများ အခက်တွေ့နေရသည်။ သို့ပါ၍ ပြီးခဲ့သည့် မိုးကာလတွင် သဘာဝဘေးအန္တရာယ်ဆိုးကို ကြုံတွေ့ခဲ့ရသည့်အပေါ်အကောင်းဆုံး နမူနာယူပြင်ဆင်ကာ အယ်နီညိုနှစ်ဖြစ်သောကြောင့် လာမည့်နွေရာသီအတွက် လိုအပ်သော အစီအမံများ စတင်ပြင်ဆင်ထားသင့်ပြီဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။(ဇန်နဝါရီလ ၂၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)








