ကျန်ရှိနေသေးတဲ့ ဒီဇင်ဘာလရဲ့ အေးချမ်းတဲ့ နေ့ရက်လေးတွေ၊ အားလပ်ရက်လေးတွေမှာ တစ်ဦးတည်းဖြစ်စေ၊ မိတ်ဆွေ သူငယ်ချင်းများနှင့် ဖြစ်စေ၊ မိသားစုနဲ့ဖြစ်စေ ပျော်ရွှင်စွာ သွားရောက်လည်ပတ် ကြည့်ရှုလေ့လာနိုင်မယ့် ဖျော်ဖြေပွဲများနဲ့ စိတ်အပန်းဖြေစရာ နေရာလေးများကို ဖော်ပြပေးလိုက်ပါတယ်။
■ စိတ်အပန်းပြေစေနိုင်မယ့် ဂီတ ဖျော်ဖြေပွဲများလူငယ် ပရိသတ်တွေအကြိုက် ဂီတဖျော်ဖြေပွဲတွေကတော့ ပွင့်လင်းရာသီရောက်တိုင်း လစဉ် ရှိနေတတ်ပါတယ်။ အခုလို အေးချမ်းတဲ့ ဒီဇင်ဘာလရဲ့ အထိမ်းအမှတ် နေ့တွေထဲက တစ်ခုဖြစ်တဲ့ ဒီဇင်ဘာ ၃၁ ရက် (New Year) မှာတော့ Bo Bo Entertainment က စီစဉ်ပြုလုပ်မယ့် Rock၊ Hip Hop၊ EDM (Electro Dance Music) ဖျော်ဖြေမှုများကို နိုင်ငံကျော် တေးသံရှင်များဖြစ်တဲ့ တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်၊ Snare၊ ဘန်နီဖြိုး၊ G-Fatt၊ လွှမ်းပိုင်၊ Bobby Soxer၊ မိစန္ဒီ၊ ဝေလ၊ သာဒီးလူ၊ ဝနစတဲ့ အဆိုရှင်များ အပါအဝင် အဆိုတော် ၂၀ ကျော် ပါဝင်မည်ဖြစ်ပြီး နိုင်ငံတကာမှ ဒီဂျေပညာရှင်များလည်း ပါဝင်မှာ ဖြစ်ပါတယ်။ဒီဖျော်ဖြေပွဲမှာ Count Down ရေတွက်ခြင်း၊ မီးရှူးမီးပန်း ပစ်ဖောက်ခြင်းတို့ကိုလည်း လုပ်ဆောင်သွားမှာဖြစ်ပြီး အဲဒီ ဖျော်ဖြေပွဲကိုတော့ ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်းမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ Rock၊ Hip Hop နဲ့ EDM ကို တစ်နေရာတည်းမှာ ခံစားနားဆင်လိုတဲ့ ပရိသတ်တွေအတွက် သွားသင့်တဲ့ ဖျော်ဖြေပွဲလေး တစ်ခုပဲ ဖြစ်ပါတယ်။New Year Night မှာပဲ ကျင်းပမယ့် နောက်ထပ်ဖျော်ဖြေပွဲ တစ်ခုကတော့ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ပြုလုပ်မယ့် Iron Cross အဖွဲ့ရဲ့ ဂီတဖျော်ဖြေပွဲ တစ်ခုပဲ ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲမှာ Iron Cross အဖွဲ့သား များဖြစ်တဲ့ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်းတို့က ပါဝင်ဖျော်ဖြေမှာဖြစ်ပြီး ဖျော်ဖြေပွဲ လက်မှတ်ကိုတော့ ဈေးနှုန်း ကျပ် ၁၀၀၀၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၂၀ ရက် ဝန်းကျင်ကတည်းက ဒီဖျော်ဖြေပွဲ လက်မှတ်များကို စတင် ရောင်းချသွားဖို့ စီစဉ်ထားပါတယ်။ ဖျော်ဖြေပွဲကိုတော့ ည ၉ နာရီမှာ စတင်ပြီး ၁၂ နာရီအထိ ဖျော်ဖြေသွားမှာပဲ ဖြစ်ပါတယ်။ Iron Cross အဖွဲ့ကို နှစ်သက်အားပေးကြတဲ့ ပရိသတ်တွေအတွက် အထူးပျော်ရွှင်စရာကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်သလို နှစ်သစ်ကိုလည်း ကိုယ်ချစ်တဲ့ အဆိုရှင်တွေနဲ့အတူ Rock ဂီတနဲ့ ကြိုဆို နှုတ်ဆက်နိုင်မှာပဲ ဖြစ်ပါတယ်။
နောက်ထပ် ဖျော်ဖြေပွဲ တစ်ခုကလည်း ဒီဇင်ဘာရဲ့ နောက်ဆုံးရက်ဖြစ်တဲ့ New Year ညမှာပဲ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အဲဒီ ဖျော်ဖြေပွဲကတော့ ရန်ကုန်မြို့ ဗိုလ်တထောင်ဆိပ်ကမ်းဝင်း အတွင်းမှာရှိတဲ့ Vintage Luxury Yacht Hotel မှာ ကျင်းပသွားမှာပါ။ တေးသံရှင် ဟဲလေး၊ သားစိုး၊ ဘန်နီဖြိုး၊ ဂျောက်ဂျက်၊ Snare၊ G-Fatt၊ အစ္စဏီ၊ ဉာဏ်လင်းအောင်၊ ကျော်ထွဋ်ဆွေ၊ ကောင်းကောင်း၊ စိန်လင်း (Aroma)၊ ဟန်ထူးဈာန်၊ L ဒီကျော်၊ စန္ဒီမြင့်လွင်၊ ရတနာမိုင်နဲ့ အခြားသော တေးသံရှင် များစွာက ပါဝင်သီဆို ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲ လက်မှတ်တွေကိုတော့ ဒီဇင်ဘာ လလယ်ပိုင်းမှာ စတင်ရောင်းချသွားမှာဖြစ်ပြီး ၁၈၇၆ ကို ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရပါတယ်။ဒီဇင်ဘာ ၃၁ ရက် ညပိုင်းမှာပဲ ရန်ကုန်မြို့ Myanmar Convention Center (MCC) မှာ တေးသံရှင် ဇော်ဝင်းထွဋ်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲလည်း ရှိပါသေးတယ်။ ဒီ ဖျော်ဖြေပွဲမှာတော့ အင်ပါယာတီးဝိုင်းက လက်စွမ်းပြ တီးခတ်ပေးသွားမှာဖြစ်ပြီး တေးသံရှင် ဇော်ဝင်းထွဋ်ရဲ့ တစ်ကိုယ်တော်သီဆို ဖျော်ဖြေမှုကို အားပါးတရ နားဆင်ခံစားနိုင်မှာ ဖြစ်တာကြောင့် ပရိသတ်တွေ အနေနဲ့ လက်မလွှတ်သင့်တဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။
■ မြန်မာကာတွန်း နှစ် ၁၀၀ ပြည့်ပွဲဒါ့အပြင် ဒီဇင်ဘာ ၃၀ နဲ့ ၃၁ ရက်မှာတော့ အဲဒီ MCC ခန်းမမှာပဲ မြန်မာကာတွန်း နှစ် ၁၀၀ ပြည့်ပွဲတော်ကို အခမဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အဲဒီပွဲမှာတော့ ကာတွန်းဆရာ များစွာရဲ့ ကာတွန်းတွေကို တဝကြီး ကြည့်ရှုလေ့လာနိုင်မယ့်အပြင် အငြိမ့်အစီအစဉ်တွေလည်း ပါဝင်တဲ့အတွက် ပျော်ရွှင်စွာ ကြည့်ရှုအားပေးနိုင်မှာပဲ ဖြစ်ပါတယ်။
■ Sea Game နှစ်နှစ်ပြည့် အမှတ်တရပွဲ
ဒီဇင်ဘာ ၂၂ ရက်မှာတော့ Sea Game နှစ်နှစ်ပြည့် အမှတ်တရပွဲနဲ့ ပျော်ပွဲရွှင်ပွဲကို ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံမှာ ညနေ ၅ နာရီမှာ စတင်ပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဒီပွဲကိုတော့ အွန်လိုင်းမှာ Sea Game 2013 ချစ်သူများအဖွဲ့ ပြုလုပ်ထားတဲ့ သူတွေက Sea Game ပွဲမှာ ပါဝင်ဖျော်ဖြေ ပေးခဲ့တဲ့ သူတွေနဲ့ အလွမ်းပြေ ပြန်လည်ဆုံတွေ့နိုင်ဖို့အတွက် ရည်ရွယ်ကျင်းပတာဖြစ်ပြီး ဒီပွဲမှာတော့ Sea Game 2013 ပြိုင်ပွဲမှာ ပါဝင်ကပြခဲ့တဲ့ တေးသီချင်းများ၊ အကအလှများနဲ့ ပြန်လည်ဖျော်ဖြေခြင်း အစီအစဉ်၊ လက်ဆောင်များလဲလှယ်ခြင်း အစီအစဉ်၊ ပြန်လည်ဆုံတွေ့စို့ တေးသီချင်းနဲ့ ကပြဖျော်ဖြေခြင်း အစီအစဉ်၊ Sea Game အလွမ်းပြေ Magazine ခုနစ်အုပ်ကို ပေးဝေခြင်း အစီအစဉ်တွေအပြင် အခြားသော ပျော်ရွှင်စရာ အစီအစဉ်များစွာကိုလည်း ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားတဲ့သူ ဘယ်သူမဆို အခမဲ့ သွားရောက်လေ့လာ ကြည့်ရှုနိုင်မှာဖြစ်ပြီးတော့ အဲဒီနေ့မှာလာတဲ့ ပရိသတ်တွေကိုလည်း ထမင်းနဲ့ ဟင်းကျွေးရန်အတွက် စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
■ စာပေမြှင့်တင် လူ့စွမ်းအင် စာရေး၊ စာဖတ်နှင့် တင်ဆက်မှု စွမ်းရည်ပြိုင်ပွဲဒီဇင်ဘာရဲ့ ၁၈၊ ၁၉ နဲ့ ၂၀ ရက်တွေမှာတော့ စာပေဝါသနာရှင်တွေအတွက် သွားရောက်လည်ပတ် လေ့လာကြည့်ရှုစရာ စာပေမြှင့်တင် လူ့စွမ်းအင် စာပေပြိုင်ပွဲတစ်ခု ရှိပါတယ်။ အဲဒီ စာပေပြိုင်ပွဲကိုတော့ ရန်ကုန်မြို့ တော်ဝင်စင်တာမှာ ကျင်းပသွားမှာဖြစ်ပြီး ဘယ်သူမဆို အခမဲ့ သွားရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ စာပေမြှင့်တင် လူ့စွမ်းအင်ပြိုင်ပွဲက လူငယ်စာပေ ဝါသနာရှင်တွေအတွက် ရည်ရွယ်ကျင်းပတဲ့ပွဲဖြစ်ပြီး ဒီဇင်ဘာလထဲမှာ ကျင်းပမယ့် ပွဲကတော့ ပထမအဆင့် ရွေးချယ်ထားတဲ့ ဆန်ခါတင် ပြိုင်ပွဲဝင် ၅၀ ရဲ့ စာဖတ်စွမ်းရည်ကို စစ်ဆေးတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။ စာပေပွဲကိုလည်း လာရောက်လေ့လာ ကြည့်ရှုအားပေးရင်း မိသားစုများ၊ သူငယ်ချင်းမိတ်ဆွေများနဲ့လည်း ပျော်ရွှင်စွာ ဈေးဝယ်ထွက်နိုင်မှာပဲ ဖြစ်ပါတယ်။
ဒီဇင်ဘာရက်လေးတွေထဲက ကိုယ့်ရဲ့ အလုပ်ချိန်၊ ကျောင်းချိန်၊ အားလပ်ချိန်တွေမှာလည်း အိမ်မှာ အေးအေးဆေးဆေး အနားယူရင်း ဖြတ်သန်းကြသူများလည်း ရှိသလို သူငယ်ချင်း အပေါင်းအသင်းများနဲ့လည်း ပျော်ရွှင်စွာ အခမဲ့ သွားရောက်လေ့လာ လည်ပတ်စရာ နေရာများ၊ အပျင်းလည်းပြေ ဗဟုသုတလည်း ရရှိစေမယ့် သွားရောက်လေ့လာစရာ နေရာများလည်း ရှိပါတယ်။ ငွေကြေးကုန်ကျ သက်သာပြီး အပျင်းလည်းပြေ ဗဟုသုတလည်း ရရှိနိုင်မယ့် ရန်ကုန်မြို့တွင်းမှာသာရှိပြီး အလွယ်တကူ သွားရောက်နိုင်မယ့် အမျိုးသားပြတိုက်၊ မူးယစ်ဆေးဝါးပြတိုက်၊ သဘာဝသမိုင်းပြတိုက်၊ ရုပ်ရှင်သမိုင်းပြတိုက်တို့လည်း ရှိနေပါတယ်။ ဒါ့အပြင် ရှော့ပင်းစင်တာတွေမှာလည်း အပတ်စဉ် ပရိုမိုးရှင်းပွဲတွေ၊ New Year အထိမ်းအမှတ် ဈေးရောင်းပွဲတွေလည်း ရှိတဲ့အတွက် သွားရောက်လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိသားစုတွေ အနေနဲ့လည်း စနေ၊ တနင်္ဂနွေ နေ့လယ်ခင်းတွေမှာ ကန်တော်မင်္ဂလာပန်းခြံမှာရှိတဲ့ Happy World ကစားကွင်းမှာ ပြုလုပ်နေကျ အခမဲ့ မျက်လှည့်ပြပွဲနဲ့ ဂိမ်းကစားနည်း အစီအစဉ်တွေကိုလည်း သွားရောက်ကြည့်ရှုနိုင်သလို ပြည်သူ့ဥယျာဉ်မှာ ညပိုင်းကျင်းပတဲ့ ရေပန်းရုပ်ရှင်ကိုလည်း အခမဲ့ သွားရောက် ကြည့်ရှုနိုင်ပါတယ် ဆိုတာ ပြောကြားရင်း ဒီဇင်ဘာရဲ့ နေ့ရက်လေးတွေကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ။









