ကရင်ပြည်နယ် ဘားအံမြို့နယ် အိန္ဒု ရဲစခန်းအပိုင် ရော်ဘာခြံလုပ်သားတဲတွင် အတူနေ မယားပါသမီးကို ပထွေးဖြစ်သူမှ အဓမ္မအနိုင်ကျင့်ပေါင်းသင်းပြီး ကလေးတစ်ယောက် မွေးဖွားခဲ့ကာ အကြိမ်ကြိမ်နှိပ်စက်ညှဉ်းပန်းသည့်အတွက် အမှုဖွင့်တိုင်ကြားမှု ဒီဇင်ဘာ၂၅ ရက်က ဖြစ်ပွားခဲ့ကြောင်း အိန္ဒု နယ်မြေရဲစခန်းမှ သိရသည်။
ဘားအံမြို့နယ် နတ်ထိပ်ကျေးရွာအုပ်စု၊ နောင်တုတ်ကျေးရွာ ရော်ဘာခြံသို့ လွန်ခဲ့သည့် နှစ်နှစ်ခန့်က ရောက်ရှိလာသည့် သမီးဖြစ်သူသည် မိခင်နှင့် အလုပ်ကူလုပ်ရင်း နေထိုင်စဉ် ပထွေးဖြစ်သူက အနိုင်အထက် အဓမ္မပြုကျင့်ကာ ပြန်ပြောလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်းကြောင့် အကြောက်တရားဖြင့် နေထိုင်ခဲ့ရပြီး သမီးရော အမေကိုပါနှိပ်စက်သဖြင့် အမှုဖွင့်တိုင်ကြားရခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဘွတ်ကုန်းကျေးရွာအုပ်စု စာဖြူ ကျေးရွာနေ မ... (၂၁ နှစ်) သည် မိခင်နေထိုင်သည့် ကရင်ပြည်နယ် နောင်တုတ်ကျေးရွာသို့ လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်က ရောက်ရှိကာ ရော်ဘာလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နေစဉ် မိခင်၏ နောက်ယောက်ျား (ပထွေး) က အဓမ္မပြုကျင့် ခြိမ်းခြောက် ပေါင်းသင်းခဲ့ခြင်းဖြစ်ကြောင်း၊ နှိပ်စက်မှုအား မခံနိုင်တော့သဖြင့် ဥပဒေအရ အရေးယူပေးရန် ဒီဇင်ဘာ ၂၅ ရက်က အိန္ဒုနယ်မြေ ရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အိန္ဒုနယ်မြေရဲစခန်းသို့ တိုင်ကြားစာအရ မ---မှာ ၎င်း နေထိုင်ရာ ဇာတိမြေမှ ၂၀၁၃ ခုနှစ်ခန့်က ထွက်လာခဲ့ပြီး မိခင်နှင့်အတူ လာရောက် နေထိုင် အလုပ်လုပ်ကိုင်ခဲ့ကြောင်း၊ မိခင်ထံသို့ ရောက်ရှိပြီး ၁၅ ရက် ခန့်အကြာတွင် မိခင်ဖြစ်သူမရှိခိုက် ပထွေးဖြစ်သူ ကျော်လေး (၃၈နှစ်)က နေအိမ်ပေါ်သို့ အတင်းဆွဲခေါ်ကာ သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး မည်သူ့ကိုမှ မပြောရန်နှင့်ပြောပါက သတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ၎င်းအနေဖြင့် မိခင်ဖြစ်သူအား ပြောပြချင်သော်လည်း မိခင်ဖြစ်သူမှာ ပထွေးဖြစ်သူကို မှီခိုနေရသူဖြစ်ရာ စိတ်ဆင်းရဲမည်စိုးသဖြင့် မပြောခဲ့ကြောင်း ၎င်းအား ပထွေးဖြစ်သူမှ အကြိမ်ကြိမ် သားမယားအဖြစ် ပြုကျင့်နေခဲ့ရာမှ ကိုယ်ဝန်ရရှိ ခဲ့ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး ပထွေးဖြစ်သူက မိခင်ဖြစ်သူနှင့် မ…တို့အား မည်သူမှမပြောရန်၊ ပြောပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ရာ မိခင်ဖြစ်သူမှာလည်း မတတ်သာသဖြင့် မည်သူ့ကိုယ်မှ မပြောခဲ့ကြောင်း၊ ပထွေးဖြစ်သူနှင့် သမီးတစ်ယောက်မွေးကာ အဆိုပါကလေးအား လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်ခန့်က ပထွေးဖြစ်သူမှ ၎င်းအဒေါ်ထံသို့ ပို့ဆောင်လိုက်ကြောင်း၊ ယခုအခါ ပထွေးဖြစ်သူမှ မ… အား အကြိမ်ကြိမ် ညှဉ်းပန်းနှိပ်စက်သည့်အပြင် မိခင်ဖြစ်သူနှင့် မအိပ်တော့ဘဲ ၎င်းနှင့်သာ လာအိပ်ကာ သားမယားအဖြစ် နေထိုင်လျက်ရှိပြီး သူမအနေဖြင့် ပထွေးဖြစ်သူ၏ နှိပ်စက်မှုအား မခံနိုင်တော့သဖြင့် ဥပဒေအရ အရေးယူပေးရန် လာရောက် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်း မှတ်တမ်းအရ သိရသည်။
သို့ဖြစ်၍ အိန္ဒု နယ်မြေရဲစခန်းမှ အမှုဖွင့်ပြီး ကျော်လေး (၃၈ နှစ်)၊ (ဘ) ဦးဖိုးလှော်၊ နောင်တုတ်ကျေးရွာ နေသူအား (ပ) ၁၁၅/ ၂၀၁၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၆၆ ဖြင့် အရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ကလေးတစ်ယောက်ရသည့်တိုင် အဓမ္မပြုကျင့်ပြီး အကြိမ်ကြိမ်နှိပ်စက် ညှဉ်းပန်းသူ ပထွေးအား မယားပါသမီးက အမှုဖွင့်တိုင်ကြား









