ပြဋ္ဌာန်းထားသည့် မြန်မာ့သတ္တုတွင်း ဥပဒေ၊ နည်းဥပဒေ၌ ရွှေကို နိုင်ငံခြားသို့ တင်ပို့ရောင်းချခွင့် မပြုထားသော်လည်း မကြာမီ အတည်ပြု ပြဋ္ဌာန်းမည့် ဥပဒေ ပြင်ဆင်ချက်တွင် ရောင်းဝယ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ ပါဝင်လာမည်ဟု သတ္တုတွင်း ဒု-ဝန်ကြီး ပြောကြား

ပြဋ္ဌာန်းထားသည့် မြန်မာ့သတ္တုတွင်း ဥပဒေ၊ နည်းဥပဒေ၌ ရွှေကို နိုင်ငံခြားသို့ တင်ပို့ရောင်းချခွင့် မပြုထားသော်လည်း မကြာမီ အတည်ပြု ပြဋ္ဌာန်းမည့် ဥပဒေ ပြင်ဆင်ချက်တွင် ရောင်းဝယ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ ပါဝင်လာမည်ဟု သတ္တုတွင်း ဒု-ဝန်ကြီး ပြောကြား
Published 14 September 2015
ချမ်းမြေ့သူ

ပြဋ္ဌာန်းထားသည့် မြန်မာ့သတ္တုတွင်း ဥပဒေ၊ နည်းဥပဒေတွင် ရွှေကို နိုင်ငံခြားသို့ တင်ပို့ရောင်းချခွင့် မပြုထားသော်လည်း မကြာခင် အတည်ပြု ပြဋ္ဌာန်းမည့် ဥပဒေ ပြင်ဆင်ချက်တွင် ရောင်းဝယ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ ပါဝင်လာမည်ဟု သတ္တုတွင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီးက စက်တင်ဘာ ၁၄ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း၏ ၁၃ ကြိမ်မြောက် နှစ်ပတ်လည် အသင်းသား စုံညီအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။“ပြဋ္ဌာန်းထားတဲ့ မြန်မာ့သတ္တုတွင်း ဥပဒေ၊ နည်းဥပဒေမှာ ရွှေကို နိုင်ငံခြားကို တင်ပို့ရောင်းချခွင့် မပြုထားသော်လည်း ပြည်ထောင်စုလွှတ်တော်တွင် တင်ပြထားပြီး ဆွေးနွေးလျက်ရှိကာ မကြာခင် အတည် ပြုပြဋ္ဌာန်းနိုင်တော့မယ့် မြန်မာ့သတ္တုတွင်း ဥပဒေ ပြင်ဆင်ချက်မှာ ရွှေအပါအဝင် သတ္တုများအား ရောင်းဝယ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်တွေ ပါဝင်လာမှာ ဖြစ်ပါတယ်” ဟု သတ္တုတွင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်က ပြောကြားသည်။မြန်မာ့ရွှေအား ဈေးကွက်အတွင်း တရားဝင်ရောင်းဝယ်မှု ပြုလုပ်လျက် ရှိသော်လည်း ထုတ်လုပ်ခြင်းနှင့် ရောင်းချမှု အပိုင်းတွင် မှောင်ခိုထွက်ရှိမှု ရှိနေပြီး အဓိကအားဖြင့် မြန်မာ-တရုတ် နယ်စပ်လမ်းကြောင်းမှ တစ်ဆင့် တရုတ်နိုင်ငံဘက်သို့ ထွက်ရှိမှု အများဆုံးဖြစ်ကြောင်း သိရသည်။“ပြည်ပကို တရားဝင် ရွှေတင်ပို့ခွင့် ပြုမယ်ဆိုရင် ပြည်တွင်းက ရွှေလက်ဝတ်ရတနာလုပ်တဲ့ အသေးစား အလတ်စား လုပ်ငန်းတွေ တိုးတက်လာမှာပါ။ ပြီးတော့ တရားဝင် တင်ပို့ရမှာ ဖြစ်တဲ့အတွက် တရားမဝင် ကုန်သွယ်မှုတွေ တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ် ရောက်လာမှာပေါ့။ အခုက တရားဝင် တင်ပို့ချင်ရင်တောင် ခွင့်ပြုချက် မရှိတော့ တရားဝင် လုပ်လို့ မရတဲ့ အနေအထား ဖြစ်နေတယ်” ဟု ရွှေလုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြောကြားသည်။မကြာခင် အတည်ပြု ပြဋ္ဌာန်းနိုင်မည့် မြန်မာ့သတ္တုတွင်း ဥပဒေ ပြင်ဆင်ချက်တွင် ပါဝင်လာမည့် ရွှေအရောင်းအဝယ် ပြုလုပ်ခြင်းဆိုင်ရာ အချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းအား မေးမြန်းရာ “မြန်မာ့သတ္တုတွင်း ဥပဒေ ပြင်ဆင်ချက်မှာတော့ ပြည်ပနဲ့ အရောင်းအဝယ် လုပ်ခွင့်ဆိုပြီး တိုက်ရိုက်ပါချင်မှ ပါလာမယ်။ ဒါပေမဲ့ နည်းဥပဒေမှာတော့ ပါနိုင်တယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။ပြည်တွင်း ရွှေလုပ်ငန်းရှင်များ အနေဖြင့် ပြည်ပ လုပ်ငန်းရှင်များနှင့် အရောင်းအဝယ် ပြုလုပ်နိုင်ရန်အတွက် နိုင်ငံတကာနှင့် ချိတ်ဆက် ရောင်းဝယ်ခြင်း ဆိုင်ရာများကို လေ့လာထားရန် လိုအပ်ပြီး ကျပ်၊ ပဲ၊ ရွှေး စနစ်ဖြင့် ရောင်းဝယ်ခြင်းမှ ဂရမ်၊ အောင်စ စနစ်သို့ ပြောင်းလဲကျင့်သုံးရန် ပြင်ဆင်ထားသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

Most Read

Most Recent