စီတီဇင်ဂျာနယ်လစ်ဇင် (Citizen Journalism) ကို Public၊ Participatory၊ Democratic ၊ Guerrilla နှင့် Street Journalism ဟူသော အမည်များဖြင့်လည်း ရံဖန်ရံခါ ခေါ်ဆိုတတ်သည်။ စီတီဇင်ဂျာနယ်လစ်ဇင်ကို သာမန်ပြည်သူများက သတင်းနှင့် အချက်အလက်များ စုဆောင်းခြင်း၊ တင်ပြခြင်း၊ ဆန်းစစ်သုံးသပ်ခြင်းနှင့် ဖြန့်ချိခြင်း လုပ်ငန်းစဉ်တွင် တက်ကြွစွာ ပါဝင်ခြင်းအပေါ်၌ အခြေပြုထားသည်။ စီတီဇင်ဂျာနယ်လစ်ဇင်သည် ပင်မရေစီး မီဒီယာ အင်စတီကျူးရှင်းများ၏ ပြင်ပတွင်ရှိပြီး အခြားနည်းလမ်းများဖြင့် သတင်းများ စုဆောင်းတင်ပြခြင်း ဖြစ်သည်။ ပရော်ဖက်ရှင်နယ် ဂျာနယ်လစ်လောက၏ အားနည်းမှုများကို တုံ့ပြန်သောအားဖြင့် ထွက်ပေါ်လာတတ်ပြီး ပရော်ဖက်ရှင်နယ် ဂျာနယ်လစ်များနည်းတူ လုပ်ဆောင်လာသော်လည်း ကွဲပြားခြားနားသော ရည်ရွယ်ချက်များနှင့် စံသတ်မှတ်မှုများ ရှိခြင်းနှင့် အစဉ်အလာ သို့မဟုတ် ပင်မရေစီး ဂျာနယ်လစ်ဇင်နှင့် မတူသော အခြားသတင်းရင်းမြစ်များအပေါ် အခြေခံခြင်းတို့ကို တွေ့ရှိရသည်။
နည်းပညာအရ ရရှိနိုင်မှု အားသာချက်ကြောင့် စီတီဇင်ဂျာနယ်လစ်ဇင်သည် အစဉ်အလာ မီဒီယာများထက်ပို၍ လျင်မြန်စွာ အများစိတ်ဝင်စားသည့် သတင်းများကို ဖော်ပြနိုင်မှုများ ရှိတတ်သည်။ ယင်းကဲ့သို့ ဖော်ပြနိုင်ခြင်းနှင့်ပတ်သက်၍ သာဓကများစွာ ရှိသည့်အနက် နမူနာအချို့မှာ ၂၀၁၀ ပြည့်နှစ် ဟေတီငလျင်သတင်း၊ အာရပ်နွေဦးတော်လှန်ရေးနှင့်ပတ်သက်သော သတင်းများ၊ ယူကရိန်းပြည်တွင်းစစ်နှင့် ပတ်သက်သောသတင်းများ၊ ဆီးရီးယားပြည်တွင်းစစ်နှင့် ပတ်သက်သောသတင်းများနှင့် ၂၀၁၄ ခုနှစ် အမေရိကန်ပြည်ထောင်စု ဖာဂူဆန်ဒေသ လူမည်းအရေးအခင်းများနှင့် ပတ်သက်သော သတင်းတို့ ဖြစ်ကြသည်။
စီတီဇင်ဂျာနယ်လစ်ဇင်သည် ဒီမိုကရေစီဆိုင်ရာ နောက်ခံအကြောင်းအရာများနှင့် များစွာ ပတ်သက်နေတတ်ပြီး သတင်းမီဒီယာလောက၌ စီးပွားရေးက လွှမ်းမိုးကြီးစိုးထားခြင်းကို တုံ့ပြန်သည့်အနေဖြင့် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။ ကမ္ဘာ့ပညာရှင်များစွာတို့သည် စီတီဇင်ဂျာနယ်လစ်ဇင်ကို လေ့လာရာတွင် အနောက်တိုင်းနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများကို ကျော်လွန်လျက်ချဲ့ထွင်လေ့လာရန် ကြိုးပမ်းခဲ့ကြသည်။ သူတို့က နမူနာအဖြစ် အာရပ်နွေဦး တော်လှန်ရေးတစ်လျှောက် စီတီဇင်ဂျာနယ်လစ်များသည် လူ့အခွင့်အရေး နှင့် ဒီမိုကရေစီဆိုင်ရာ စံတန်ဖိုးများကို မြှင့်တင်ရန် ကြိုးပမ်းလျက် လူမှုရေးလှုပ်ရှားမှုအသစ်များ၏ တပ်ဦးအဖြစ် ပေါ်ထွက်လာခြင်းကို လေ့လာပြခဲ့သည်။ သို့သော် အချို့ကလည်း စီတီဇင်ဂျာနယ်လစ်များနှင့် ပတ်သက်၍ ပရော်ဖက်ရှင်နယ်ဂျာနယ်လစ်များနှင့် နှိုင်းယှဉ်ကာ ယုံကြည်စိတ်ချရမှုမရှိခြင်း၊ ဘက်လိုက်မှုရှိခြင်းနှင့် လေ့ကျင့်ထားခြင်း မဟုတ်သောကြောင့် ကျွမ်းကျင်မှုမရှိခြင်းဟူသည့်အချက်များကို ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် Facebook ကဲ့သို့သော လူမှုရေးမီဒီယာများကို အသုံးပြုသူများ တစ်နေ့တခြား ပို၍ပို၍ များပြားလာခြင်းနှင့်အတူ စီတီဇင်ဂျာနယ်လစ်ဇင်၏ အခန်းကဏ္ဍသည် တိုး၍တိုး၍ အရေးပါလာတော့မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံပိုင် မီဒီယာများနှင့် အစိုးရလိုလားသော မီဒီယာများ ကြီးစိုးလျက် အတိုက်အခံမီဒီယာများကို ထိန်းချုပ်ရန် ကြိုးစားနေရုံမျှမက အွန်လိုင်း၌လည်း ဝါဒဖြန့်ချိရေးဘလော့ဂ်များ ထူထောင်ကာ လွှမ်းမိုးချယ်လှယ်လျက် ရှိသည်။ ယင်းကဲ့သို့သော အနေအထား၌ ပင်မမီဒီယာရေစီး၏ ပြင်ပ၌ရှိသော စီတီဇင်ဂျာနယ်လစ်ဇင်ကဏ္ဍသည် ပို၍ပင် အရေးပါ၍လာသည်။ ထို့ကြောင့် နိုင်ငံပြန်လည်ထူထောင်ရေးနှင့် မှန်ကန်သော ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်ရန်အတွက် ပရော်ဖက်ရှင်နယ် မဟုတ်သော်လည်း တာဝန်သိတတ်ကာ အမှန်တရားလိုလားသော စီတီဇင်ဂျာနယ်လစ်များ အားကောင်းလာရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(ဇူလိုင်လ ၂၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်)








