သဘာဝဘေးအန္တရာယ်မှာ ရှောင်လွှဲ၍ မရနိုင်သော်လည်း ကြိုတင်ကာကွယ်ရန် မပျက်ကွက်သင့်ပါ

သဘာဝဘေးအန္တရာယ်မှာ ရှောင်လွှဲ၍ မရနိုင်သော်လည်း ကြိုတင်ကာကွယ်ရန် မပျက်ကွက်သင့်ပါ
Published 20 July 2015

နှစ်စဉ်နှစ်တိုင်း ကြုံတွေ့ရလေ့ရှိသည့် သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များတွင် ရေကြီးရေလျှံခြင်းကြောင့် တွေ့ကြုံရသော ရေဘေးသင့်အန္တရာယ်မှာ တစ်ခုအပါအဝင် ဖြစ်သည်။ မိုးများခြင်းနှင့် မြစ်ရေလျှံခြင်းတို့ အပါအဝင် ဆည်ရေဖောက်ချခြင်း၊ တာတမံများ၊ ဆည်များကျိုးခြင်းကြောင့် ပေါ်ပေါက်ရသော ရေဘေးအန္တရာယ်များလည်း ဖြစ်ပေါ်လေ့ ရှိသည်။ရေဘေးအန္တရာယ်ကြောင့် လူသေဆုံးမှုအချို့ ဖြစ်ပေါ်ခဲ့ကာ ထိခိုက်ဆုံးရှုံးမှု ကြီးမားခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ကန့်ဘလူနှင့် ကျွန်းလှမြို့များသို့ သမ္မတဦးသိန်းစိန်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အပါအဝင် အစိုးရ တာဝန်ရှိသူများ သွားရောက်နေကြောင်း သတင်းထုတ်ပြန်မှုများအရ သိရသည်။လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်း၌ ရေကြီးရေလျှံ ပြဿနာ  ကြုံတွေ့နေရပြီး ရေဘေးသင့် အိမ်ထောင်စုများအား သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ကူညီကယ်ဆယ်မှုများ ပြုလုပ်နေကြပြီဖြစ်သည်။ လူဦးရေ သောင်းဂဏန်းခန့် ရေဘေးသင့်ဒဏ်ခံရပြီး ရွှေဘို၊ ရေဦး၊ မုံရွာ၊ ကန့်ဘလူ၊ ကျွန်းလှနှင့် ကောလင်း စသည့်ဒေသတို့တွင် ရေကြီးရေလျှံမှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ် သစ်ခဲကြီးကျေးရွာတွင် ဇူလိုင် ၁၇ ရက်က သစ်ခဲကြီး တစ်ဖက်ပိတ်ဆည် ကျိုးကျပြီး ဘုန်းတော်ကြီးကျောင်းဆောင်တစ်ခု ပြုတ်ထွက်၍ ရေထဲမျောပါခြင်း၊ ယင်းမာပင်ခရိုင် ကနီမြို့နယ်တွင် ရေဝါချောင်းမှ ချောင်းရေများ မြင့်တက်လာပြီး ဓာတ်တိုင်များရေမျောခြင်း၊ ဝင်မနားကျေးရွာရှိ ဖိုးမဲချောင်း ရေလျှံတက်လာပြီး သားအမိနှစ်ဦး ပျောက်ဆုံးခြင်း စသည့်ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည်။ဖောင်းပြင်မြို့နယ် လွင်ကြီးကျေးရွာအနီးရှိ ဖောင်းပြင်-ဟုမ္မလင်း လမ်းပိုင်းပေါ်ရှိ ခြင်္သေ့ချောင်းကူးတံတား ပြုတ်မျောခြင်း၊ မော်လိုက်မြို့နယ်တွင် မော်လိုက်-ဘုတ်ပြင်းလမ်းပိုင်းရှိ ကွန်ကရစ်လမ်း ပျက်စီးခြင်း၊ ဟုမ္မလင်းမြို့နယ် ဟုမ္မလင်း-နန့်တော့ ကားလမ်းပိုင်း နံဘေးရှိ နောင်ခမ်းရွာ၊ ခေါင်ငိုးရွာလမ်းများမှာ ရေနစ်မြုပ်ပြီး ကားဆိုင်ကယ်များကို စက်လှေများဖြင့် သယ်ဆောင်ပြီး သွားလာနေရခြင်းများလည်း ဖြစ်ပေါ်ခဲ့သည်။ မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပိုင်း ခေတ္တ ပိတ်ထားရသောကြောင့် ခရီးသွားများ ပိတ်မိကာ အခက်တွေ့ခြင်းများလည်း ဖြစ်ပေါ်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ရထားစီး ခရီးသွားများအား အစားအစာများ ပေးေ၀ ကူညီခဲ့ကြောင်း သိရသည်။ မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပိုင်းရှိ ဆည်ရွာ-မဲဇာကြား မိုင်တိုင်အမှတ် ၅၇၉/၂၄ မှ ၅၈၁/၂ ကြား၊ မိုင်တိုင်အမှတ် ၅၇၈/၄ မှ ၅၇၉/၂၃ ကြား၊ မဲဇာ-ဘုံချောင်းကြား မိုင်တိုင်အမှတ် ၅၇၃/၄ မှ ၂၃ ကြား၊ ကံကြီး-ဇော်ချောင်းကြား မိုင်တိုင်အမှတ် ၅၂၁/၃ မှ ၄ ကြားများတွင် သံလမ်းရေကျော်နေပြီး ဇူလိုင် ၁၈ ရက်တွင် ရထားခရီးစဉ်များ ရပ်နားထားရခြင်းဖြစ်သည်။မြန်မာနိုင်ငံ၌ မိုးကာလတွင် မြစ်ရေကြီးခြင်း၊ မိုးများခြင်းများကြောင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်လေ့ရှိပြီး သဘာဝဘေးအန္တရာယ် တစ်ခုအဖြစ် သတ်မှတ်ထားသည်။ သို့သော် သဘာဝဘေးအန္တရာယ် ပေါ်ပေါက်ပြီးချိန်တွင် ကယ်ဆယ်ခြင်း၊ ကူညီခြင်းများ လုပ်ဆောင်ခြင်းမှာ ကောင်းမွန်သော်လည်း မဖြစ်ခင် ကြိုတင်ပြင်ဆင်မှုများကိုလည်း စနစ်တကျ လုပ်ဆောင်ထားသင့်ပါသည်။ ဆည်များရေလျှံခြင်း၊ ကျိုးပေါက်ခြင်း အန္တရာယ် ကြိုတင်ကာကွယ်နိုင်မည့် အစီအမံများ ပြုလုပ်ထားသင့်ပါသည်။ထိုသို့ မဟုတ်ပါက ရှောင်လွှဲ၍ မရတတ်သော သဘာဝဘေးအန္တရာယ်များဟု ဆိုသော်လည်း စနစ်တကျ ဆောင်ရွက်ထားမှုများ မရှိခြင်း၊ ကြိုတင်စီမံရန်၊ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် ပျက်ကွက်ခြင်းများကြောင့် လူထု၏ အဘက်ဘက်က နစ်နာဆုံးရှုံးမှုကို အလွယ်တကူ ပြန်လည်ဖြည့်ဆည်းရန် လွယ်ကူမည် မဟုတ်ကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(ဇူလိုင်လ ၂၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)

Most Read

Most Recent