ပျက်စီးယိုယွင်းနေသော တိုင်းပြည် (Failed State) ဟူသည် အချုပ်အခြာအာဏာပိုင် အစိုးရတစ်ရပ်၏ အချို့သော အခြေခံ အခြေအနေရပ်များနှင့် တာဝန်ယူမှုများ ပျောက်ဆုံးနေသော နိုင်ငံတစ်နိုင်ငံကို ခေါ်ဆိုသည်။ Failed State နှင့်ပတ်သက်၍ အများသဘောတူ အဓိပ္ပာယ်သတ်မှတ်ချက်တစ်ရပ် မရှိသော်လည်း “ငြိမ်းချမ်းရေး ရန်ပုံငွေအဖွဲ့” (Fund For Peace) က Failed State အတွက် အောက်ပါစရိုက် လက္ခဏာ လေးရပ်ကို ဖော်ပြခဲ့သည်။ ၎င်းတို့မှာ (၁) နယ်မြေများကို မထိန်းချုပ်နိုင်ခြင်း သို့မဟုတ် ယင်းနယ်မြေအတွင်း ရုပ်ပိုင်းဆိုင်ရာ အင်အားစုများကို အာဏာပိုင်များက တရားဝင်လွှမ်းခြုံလျက် အသုံးမပြုနိုင်ခြင်း၊ (၂) အချုပ်အခြာ ဆုံးဖြတ်ချက်များ ချမှတ်ရာ၌ သက်ဆိုင်ရာ အာဏာပိုင်များ ခြစားနေခြင်း၊ (၃) ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ထိရောက်မှု မရှိခြင်း၊ (၄) အခြားနိုင်ငံများနှင့် ဆက်ဆံရာတွင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပြည့်ဝသော အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် မဆက်ဆံနိုင်ခြင်းတို့ ဖြစ်ကြသည်။
Failed State နှင့်ပတ်သက်၍ မြင်တွေ့နေကျ စရိုက်လက္ခဏာရပ်များတွင် ဗဟိုအစိုးရအနေဖြင့် ၎င်းတို့၏ နယ်မြေများကို ထိန်းချုပ်ရာ၌ ထိရောက်မှုမရှိခြင်း သို့မဟုတ် အင်အားချည့်နဲ့ခြင်း၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ မထောက်ပံ့နိုင်ခြင်း၊ ခြစားမှုများနှင့် ပြစ်မှုများ၊ ဒုက္ခသည်များနှင့် လူအုပ်စုလိုက် ဆန္ဒမပါဘဲ ရွှေ့ပြောင်းရခြင်းများ ထူပြောနေခြင်းနှင့် စီးပွားရေး ထိုးကျသွားခြင်းတို့ ပါဝင်သည်။
မက်စ်ဝက်ဘာ၏ နိုင်ငံရေး သီအိုရီများအရ နိုင်ငံတစ်နိုင်ငံသည် ၎င်း၏အချုပ်အခြာ အာဏာပိုင်နယ်မြေအတွင်း ရုပ်ပိုင်းဆိုင်ရာ အင်အားစုများကို တရားဝင်လွှမ်းခြုံ ထိန်းချုပ်နိုင်မှုကို ထိန်းသိမ်းထားနိုင်ပါက အောင်မြင်သည်ဟု ခေါ်ဆိုနိုင်သည်။ နယ်မြေအလိုက် စစ်ဘုရင်များကြီးစိုးခြင်း၊ အစိုးရစစ်တပ်မဟုတ်သော အဖွဲ့များ ပေါ်ထွန်းခြင်းနှင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်ခြင်းကဲ့သို့သော ကိစ္စများဖြစ်ပေါ်သည့်အခါ နိုင်ငံတစ်နိုင်ငံ၏ တည်ရှိမှုသည် စိတ်မချရတော့ဘဲ Failed State အဆင့်သို့ ကျဆင်း၍သွားတော့သည်။
ပြစ်မှုဖြစ်ပွားမှုနှုန်းများ မြင့်မားခြင်း၊ နိုင်ငံရေးခြစားမှုများ အလွန်အကျွံဖြစ်ပေါ်ခြင်း၊ ထိရောက်မှုမရှိသော ဗျူရိုကရေစီစနစ် ကြီးစိုးနေခြင်း၊ တရားစီရင်ရေးစနစ်များ ထိရောက်မှုမရှိခြင်း၊ နိုင်ငံရေး၌ စစ်တပ်က ဝင်ရောက်စွက်ဖက်နေခြင်း၊ အချို့သောဒေသများ၌ တိုင်းရင်းသား ခေါင်းဆောင်များက နိုင်ငံတော်ထက် သြဇာအာဏာ ရှိနေခြင်းတို့ကြောင့် နိုင်ငံတော်အာဏာသည် ထိရောက်မှုမရှိဘဲ ဥပဒေကို တစ်ပြေးညီတည်း ကျင့်သုံးနေမှုမရှိခြင်းနှင့် နိုင်ငံသားများကို အခြေခံကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ထောက်ပံ့မပေးနိုင်ခြင်းတို့ ဖြစ်ပေါ်သည်။ Failed State တစ်ခုတွင် နိုင်ငံတစ်နိုင်ငံအနေဖြင့် ကြည့်လျှင် အထွေထွေ သဘောအရ အလုပ်ဖြစ်နေသယောင် ရှိသော်လည်း နိုင်ငံ၏ အောက်ခြေအဆင့်များတွင် အခြေခံအဆောက်အအုံအရ၊ စီးပွားရေးအရနှင့် လူမှုရေးမူဝါဒများအရ ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်နေသည်။
Failed State နှင့်ပတ်သက်၍ အမှန်တကယ်၌ အများသဘောတူထားသော အဓိပ္ပာယ်သတ်မှတ်ချက် မရှိပေ။ အမျိုးမျိုးသော အစိုးရအေဂျင်စီများနှင့် Think Tank များက Failed State နှင့်ပတ်သက်၍ ကိုယ်ပိုင်ညွှန်းဆို ချက်များကို အသုံးပြုကြသောကြောင့် ယင်းဝေါဟာရအပေါ် နားလည်မှု ေ၀ဝါးသွားစေခဲ့သည်။ အချို့သော ပညာရှင်များက နိုင်ငံတစ်နိုင်ငံကို Failed State ဟုတ် မဟုတ် ဆုံးဖြတ်ရန် အစိုးရအဖွဲ့၏ စွမ်းဆောင်ရည်နှင့် ထိရောက်မှုအပေါ် အဓိကအားပြုကြသည်။ Fund For Pecace ၏ Failed State Index ကဲ့သို့သော အချို့အညွှန်းကိန်းများက နိုင်ငံတော် အင်စတီကျူးရှင်းများ၏ ဒီမိုကရေစီဆိုင်ရာ စရိုက်လက္ခဏာကို အထူးပြုကြသည်။ နောက်ဆုံးအနေနှင့် အခြားပညာရှင်များက နိုင်ငံတစ်နိုင်ငံ၏ တရားဝင်ဖြစ်မှု၊ နိုင်ငံ၏ သဘောသဘာဝ၊ ပြစ်မှုမြောက်သော အကြမ်းဖက်မှုများ ထူပြောမှု၊ စီးပွားရေးဆိုင်ရာ အင်စတီကျူးရှင်းများနှင့် အချုပ်အခြာနယ်မြေများကို ထိန်းချုပ်နိုင်မှုတို့အပေါ် အခြေပြုကြသည်။
မည်သို့ပင် ဆိုစေကာမူ နိုင်ငံတစ်နိုင်ငံ၏ အစိုးရတစ်ရပ် အနေဖြင့် Failed State တစ်ခုအဖြစ် သတ်မှတ်ခြင်း မခံရရေး ရှောင်ရှားနိုင်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(ဇူလိုင်လ ၁၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်)








