နိုဝင်ဘာ ၈ ရက်တွင် ကျင်းပတော့မည့် ရွေးကောက်ပွဲ နီးလာလေ သတိထားစရာ များလာလေဟု ဆိုရမလိုပင်။ ရွေးကောက်ပွဲ အကြိုကာလ မြန်မာနိုင်ငံတွင် ပေါ်ပေါက်နေသော အခြေအနေများ၊ အဖြစ်အပျက်များ၊ ပြဿနာရပ်များအပေါ် သဘောထားမှတ်ချက် ပြုခြင်းများ၊ ထုတ်ပြန်ချက်များနှင့် စောင့်ကြည့်မှုများ ရှိနေသည်။ရွေးကောက်ပွဲ ကျင်းပမည့်ရက် ထုတ်ပြန်ကြေညာခဲ့သည့်အပေါ် အမေရိကန်ပြည်ထောင်စုက ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကူးပြောင်းမှုတွင် အရေးပါသော မှတ်တိုင်တစ်ခုအဖြစ် မြန်မာနိုင်ငံသားများ၏ ဆန္ဒကို ထင်ဟပ်စေပြီး သတ်မှတ်ထားသည့်အတိုင်း အချိန်မီ ကျင်းပနိုင်မည့် ယုံကြည်စိတ်ချရသော၊ ပွင့်လင်းမြင်သာမှုရှိသော၊ အားလုံးပါဝင်နိုင်သော ရွေးကောက်ပွဲ ဖြစ်မြောက်စေရန်အတွက် ပံ့ပိုးကူညီမှုပေးရန် အမေရိကန်ပြည်ထောင်စုက ဆက်လက် သန္နိဋ္ဌာန်ချထားပါကြောင်း ထုတ်ပြန်ထားသည်။ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တပ်မတော်နှင့် DKBA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများ အပါအဝင် စိုးရိမ်မှုများဖြင့် စောင့်ကြည့်ခဲ့ကြရသည်။ ယင်းကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းအပေါ် ကရင်အမျိုးသားအစည်းအရုံး (KNU) က ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ တပ်မတော်နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တို့အကြား ကရင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော စစ်ရေးပဋိပက္ခအား ငြိမ်းချမ်းသော နည်းလမ်းဖြင့် ပြေလည်မှုရရှိရန် တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့် အဖြေရှာ ဆောင်ရွက်ရေးကို နှစ်ဖက်စလုံးအား တောင်းဆိုသည်ဟု အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သည့် ကရင်အမျိုးသား အစည်းရုံး (KNU) က ဇူလိုင် ၁၅ ရက်တွင် သဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။တစ်ဖက်တွင်လည်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ လယ်သမားများ၊ အလုပ်သမားများနှင့် ကျောင်းသားများလည်း တရားရင်ဆိုင်ရခြင်း၊ ထောင်ဒဏ်ကျခံရခြင်းများ ရင်ဆိုင်နေရသည်။ အများစုမှာ ယခုအစိုးရလက်ထက် ပြဋ္ဌာန်းခဲ့သော ငြိမ်းစုစီ ဥပဒေပုဒ်မများဖြင့် တရားစွဲခံရခြင်းနှင့် ထောင်ဒဏ်ချမှတ်ခံနေရခြင်းဖြစ်သည်။ ယင်းနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရ ဆက်လက်ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းများ ခံနေရသည့် သတင်းများအပေါ် အမေရိကန်ပြည်ထောင်စုမှ စိုးရိမ်မိကြောင်း၊ လူတစ်ဦး တစ်ယောက်ချင်းစီ၏ အခြေခံကျသော ငြိမ်းချမ်းစွာ ထုတ်ဖော်နိုင်ခွင့်နှင့် စုဝေးနိုင်ခွင့်ကို ကျင့်သုံးခြင်းသည် မည်သည့် ဒီမိုကရေစီတွင်မဆို အဓိကကျကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်ထားသည်။ထို့ပြင် လက်ရှိ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွင်လည်း အခြေခံကျကြောင်း၊ ယခု အခွင့်အရေးများကို လွတ်လပ်စွာ ကျင့်သုံးနိုင်ရေးသည် လာမည့်ရွေးကောက်ပွဲ ကာလအတွင်း ရွေးကောက်ပွဲ ပွင့်လင်းမြင်သာရှိမှု၊ အားလုံးပါဝင်နိုင်မှုနှင့် အများယုံကြည် လက်ခံနိုင်မှုတို့ကို တိုင်းတာရာတွင် လွန်စွာ အရေးပါမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ အခွင့်အရေးများကို ရှေ့လာမည့် ကာလများနှင့် ယင်းအလွန် ကာလများ၌ပါ အကာအကွယ်ပေးရန် အာဏာပိုင်များကို တိုက်တွန်းလိုက်ကြောင်းလည်း ပါဝင်သည်။ဇူလိုင် ၁၄ ရက်က Eleven Media Group ၏ CEO လုပ်ကြံခံရသည့် ဖြစ်စဉ် ပေါ်ပေါက်ခဲ့မှုအပေါ် သတင်းမီဒီယာ တာဝန်ရှိသူ တစ်ဦးကို သေစေနိုင်လောက်သည့် အကွက်ဆင် လုပ်ကြံတိုက်ခိုက်သော ပြစ်မှုကျူးလွန်ခြင်းအား PEN Myanmar က ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကိစ္စအတွက် အမှုမှန်ပေါ်ပေါက်ရေး သက်ဆိုင်ရာ အာဏာပိုင်များက အစွမ်းကုန် အားထုတ်ပေးရန် တိုက်တွန်းထားပြီး ထိုပြစ်မှုများအား လျစ်လျူရှုလျှင် Impunity For Crime Against Journalists ကို ခွင့်ပြုရာ ရောက်နေသဖြင့် အစိုးရ အာဏာပိုင်များက တာဝန်သိစွာ ကာကွယ်စောင့်ရှောက်ပါရန်လည်း PEN Myanmar က တိုက်တွန်းတောင်းဆိုထားသည်။သို့ပါ၍ မြန်မာနိုင်ငံအတွက် အရေးပါသော အပြောင်းအလဲများ ဖော်ဆောင်ရာတွင် အဓိကကျသည့် ရွေးကောက်ပွဲနှင့်အတူ ရွေးကောက်ပွဲအကြိုကာလ အခြေအနေများအပေါ် အားလုံးက သတိဝီရိယဖြင့် ရင်ဆိုင်ကျော်လွှားရမည်ဖြစ်ကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(ဇူလိုင်လ ၁၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)








