ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခဲ့သည့် ‘မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း ၂၀၄၀’ အရ မြို့သစ်များ ဖော်ထုတ်ရန် ပထမ ဦးစားပေးဖြစ်သည့် ရန်ကုန်အရှေ့ပိုင်းမြို့သစ်ကို အကောင်အထည် မဖော်သေးဘဲ ဒုတိယ ဦးစားပေးဖြစ်သည့် ရန်ကုန် အနောက်တောင်ပိုင်းမြို့သစ် (ရန်ကုန်မြို့သစ် စီမံကိန်း) ကို ဦးစွာ အကောင်အထည်ဖော်ရန် တင်ဒါခေါ်ယူထားခြင်းက မဖြစ်သင့်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့က ဝေဖန်နေကြသည်။ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရန်ကုန်မြို့သစ် စီမံကိန်း အကောင်အထည်ဖော်မည်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ အသိပေးခဲ့ရာတွင် ယင်းစီမံကိန်းမှာ ပွင့်လင်းမြင်သာမှု မရှိကြောင်း အဘက်ဘက်မှ ဝေဖန်ခံခဲ့ရ၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြန်လည်ရုပ်သိမ်းခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ရပ်ဆိုင်းရန် သဘောတူခဲ့သည်။သို့သော် ဇွန်လအတွင်းက ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေးတွင် ကြည်ြ့မင်တိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က “ရန်ကုန်မြို့သစ် စီမံကိန်း အမြန် အကောင်အထည်ဖော်ပေးရေး” အဆိုကို လွှတ်တော်သို့ ပြန်လည်တင်သွင်းခဲ့ပြီး အဆိုအား ထောက်ခံသူများပြား၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခဲ့သည်။ယင်းသို့ အတည်ပြုခဲ့သည့်အပေါ် လွှတ်တော်ကိုယ်စားလှယ်အချို့က ယခင်ရပ်ဆိုင်းခဲ့သည့် စီမံကိန်းကို တစ်ဖက်လှည့်ဖြင့် ပြန်လည်တင်သွင်းကာ အတည်ပြုခဲ့သည်ဟု ဝေဖန်ခဲ့ကြရာ ယင်းစီမံကိန်းသည် ယခင် ရပ်ဆိုင်းခဲ့ပြီးဖြစ်သည့် ရန်ကုန်မြို့သစ် စီမံကိန်း မဟုတ်ဘဲ ‘မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း ၂၀၄၀’ တွင် မြို့တိုးချဲ့ရန် ဒုတိယဦးစားပေး ပါရှိသည့် ရန်ကုန် အနောက်တောင်ပိုင်း မြို့သစ်ကို ဦးစားပေးအနေဖြင့် အကောင်အထည်ဖော်ပေးရန် အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က သတင်းမီဒီယာများအား ပြောကြားခဲ့သည်။“မြို့တော်ဝန်ပြောတဲ့အတိုင်း မဟာရန်ကုန် မြို့ပြစီမံကိန်းအရဆိုရင် မြို့သစ်ချဲ့ဖို့ ပထမဦးစားပေးလာပြီးမှ ဒုတိယဦးစားပေး လာရမှာ။ အခုဟာက ပထမ ဦးစားပေးဖြစ်တဲ့ ရန်ကုန်အရှေ့ပိုင်း မြို့သစ်ကို အကောင်အထည် မဖော်သေးဘဲ ဒုတိယဦးစားပေးကို အရင်လုပ်တာ တော်တော်ကို ရုပ်ပျက်တယ်။ မဖြစ်ဖြစ်အောင် လုပ်သလို ဖြစ်နေတယ်” ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဝေဖန်ခဲ့သည်။“မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း ၂၀၄၀” အရ ရန်ကုန်မြို့သစ်များ တိုးချဲ့ရန် ဦးစားပေး (၁) တွင် ရန်ကုန်အရှေ့ပိုင်းမြို့သစ် ၁၇၃၇၅ ဧက၊ ဦးစားပေး(၂) ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ် ၂၁၇၁၆ ဧက၊ ဦးစားပေး(၃) သန်လျင်မြို့သစ် ၂၁၁၉၃ ဧက၊ ဦးစားပေး(၄) ဒလမြို့သစ် ၁၅၁၇၃ ဧက၊ ဦးစားပေး(၅) ထန်းတပင်မြို့သစ် ၂၄၇၄၈ ဧက၊ ဦးစားပေး(၆) မှော်ဘီမြို့သစ် ၁၁၅၉၄ ဧကနှင့် ဦးစားပေး(၇) လှည်းကူးမြို့သစ် ၆၉၃၃ ဧကစုစုပေါင်း ၁၁၈၇၃၂ ဧကကို လျာထားပြီး ဦးစားပေး ၁ ဖြစ်သည့် ရန်ကုန်အရှေ့ပိုင်းမြို့သစ်သည် လက်ရှိအခြေခံ အဆောက်အအုံများ ပြည့်စုံမှု မရှိသေးသည့် ဒဂုံမြို့သစ်များ ပါဝင်ပြီး ၎င်းတို့ကို ဦးစွာဖွံ့ဖြိုးအောင် လုပ်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြထားသည်။ယခုကဲ့သို့ ရန်ကုန်မြို့သစ် စီမံကိန်းကို ပြည်သူတို့အား ပွင့်လင်းမြင်သာစွာ ချပြမှု မရှိဘဲ အလျင်စလို အကောင်အထည်ဖော်ရန် ကြိုးပမ်းခြင်းအားဖြင့် ကြီးမားသော ခြစားမှုများ အဆင့်ဆင့် ဖြစ်ပေါ်ရန်အတွက် လည်းကောင်း၊ တရားမဝင် ငွေကြေးများ ဝင်ရောက်စီးဆင်းခြင်း ဖြစ်ပေါ်ရန်အတွက် လည်းကောင်း အားပေးအားမြှောက်ပြုရာ ရောက်သည်။ ထို့ကြောင့် မြို့သစ်စီမံကိန်းများကို အလျင်စလို အကောင်အထည်ဖော်မည့်အစား ယိမ်းယိုင်ကာ ပြိုကျလုလု ဖြစ်နေသော နိုင်ငံ၏ စီးပွားရေးကိုသာ ရေရှည်အတွက် ခိုင်မာအောင် တည်ဆောက်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(ဇူလိုင်လ ၁၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)








