၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရန် ရက်ပေါင်း ၁၂၀ သာ လိုတော့သည်

၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရန် ရက်ပေါင်း ၁၂၀ သာ လိုတော့သည်
Published 8 July 2015

၂၀၁၅ ခုနှစ်တွင် ကျင်းပရန်ရှိသော အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ဇွန်လ ၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ကြောင့် ရွေးကောက်ပွဲကျင်းပရန် ထုတ်ပြန်သည့်နေ့မှ စတင်ရေတွက်သော် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရန် ရက်ပေါင်း ၁၂၀ သာ လိုတော့မည်ဖြစ်သည်။ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်များကို ဇူလိုင် ၁ ရက်က ထုတ်ပြန်ထားပြီး ယင်းသို့ ထုတ်ပြန်ရာတွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၆၄၄ နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ်တို့ ပါဝင်သည်။ ထို့ပြင် လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့် စပ်လျဉ်းသည့် နေ့ရက်များ သတ်မှတ်ကြေညာခြင်းကိုလည်း ထုတ်ပြန်ခဲ့သည်။ အမည်စာရင်း စတင်တင်သွင်းနိုင်သည့် နေ့ရက်မှာ ၂၀၁၅ ခုနှစ် ဇူလိုင် ၂၀ ရက်၊ နောက်ဆုံးနေ့ရက်မှာ သြဂုတ် ၈ ရက်ဖြစ်ပြီး အမည်စာရင်း တင်သွင်းလွှာများကို ရုပ်သိမ်းလိုက် ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်မှာ သြဂုတ် ၁၁ ရက်ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်မည့် နေ့ရက်မှာ ၂၀၁၅ ခုနှစ် သြဂုတ် ၁၂ ရက်မှ ၂၁ ရက်အထိ ဖြစ်သည်။မြန်မာနိုင်ငံတွင် ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးသည့်နောက် နှစ်ပေါင်း ၂၀ ကျော် စစ်အစိုးရ လက်ထက်ကို ဖြတ်သန်း၍ ၂၀၁၀ ပြည့်နှစ် နိုင်ဝင်ဘာလ ၇ ရက်တွင် ရွေးကောက်ပွဲကို တစ်ကျော့ပြန်လည် ကျင်းပနိုင်ခဲ့သည်။ ထို့အတူ ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်တွင်လည်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပထားသည်။ ထို့ပြင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း ရွေးကောက်ပွဲ အနိုင်ရ ပါတီအား အာဏာမလွှဲခဲ့ခြင်းအပေါ် သမိုင်းအမည်းစက် တစ်ခုအဖြစ် မှတ်ယူထားကြသည်။သို့သော် ၁၉၉၀ ပြည့်နှစ် ကာလနှင့် မတူသော အခြေအနေများ ရှိနေပြီဖြစ်သည့် လက်ရှိကာလနှင့် ၂၀၁၅ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက် အရေးပါသည့် အလှည့်အပြောင်းဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲအား လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေး၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ပွင့်လင်းမြင်သာရေးများမှာ အဓိကကျသည့် အခန်းကဏ္ဍတွင် ရှိနေသည်။ ထို့ပြင် အသက် ၁၈ ပြည့်သော မဲပေးခွင့်ရှိသူ နိုင်ငံသား မည်သူမဆို မိမိတို့ သဘောဆန္ဒအတိုင်း လွတ်လပ်စွာ မဲပေးခွင့်ရရေးမှာ ပိုမို အရေးပါနေသည်။ ထို့ကြောင့် လတ်တလောတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသော အခြေခံမဲဆန္ဒရှင် စာရင်းများတွင် မိမိအမည် ပါဝင်ခြင်း ရှိမရှိ အချက်အလက်များ မှန်ကန်ခြင်း ရှိမရှိ စစ်ဆေးခြင်း၊ အချိန်မီ ပြင်ဆင်၍ မဲပေးခွင့် အခွင့်အရေး မဆုံးရှုံးစေရန် သတိပြု စိစစ်ကြရဦးမည်ဖြစ်သည်။“ပြည်သူ့လွှတ်တော်၏ သက်တမ်းတစ်ရပ် စတင်သော ပထမအကြိမ် ပုံမှန်အစည်းအဝေးကို အထွေထွေရွေးကောက်ပွဲ စတင်ကျင်းပသည့် နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်း ကျင်းပရမည်” ဟူ၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၄) ဥပဒေပြုရေး အခန်း၊ ပုဒ်မ ၁၂၃ တွင် ပြဋ္ဌာန်းထားပါသည်။သို့ပါ၍ အထွေထွေရွေးကောက်ပွဲ ကျင်းပသည့်ရက်မှ ရက်ပေါင်း ၉၀ အတွင်း ခေါ်ယူရမည့် လွှတ်တော်အစည်းအဝေးများနှင့်အတူ မြန်မာနိုင်ငံ၏ ကောင်းမွန်သော အနာဂတ်ကို ဆက်လက်ပုံဖော်ရန် အားလုံးသတိပြု လုပ်ဆောင်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(ဇူလိုင်လ ၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)

Most Read

Most Recent