မြေစာပင်ပြည်သူများကိုငဲ့ညှာပါ

မြေစာပင်ပြည်သူများကိုငဲ့ညှာပါ
Published 7 July 2015

ကရင်ပြည်နယ်အတွင်း တိုက်ပွဲအချို့ဖြစ်ပွားနေသည်။ ပစ်ခတ်မှုများက ကော့ကရိတ်မြို့နှင့် သိပ်မဝေးတော့ပေ။ ထို့အတွက် ဒေသခံများစိုးရိမ်နေကြသည်။ တပ်မတော်နှင့် DKBA တို့အကြား ပစ်ခတ်မှုများဖြစ်ပေါ်နေခြင်းဖြစ်သည်။ ထိုသို့တိုက်ပွဲများဖြစ်ပွားမှုကြောင့် အာရှလမ်းသစ်အား ခေတ္တပိတ်လိုက်ရသည်။ ဇူလိုင် ၂ ရက်မှစ၍ မြဝတီ-ကော့ကရိတ် အာရှလမ်းသစ် ကော့နွေး (ကတန်ကူးဂိတ်) တွင် စတင်ဖြစ်ပွားခဲ့သော DKBA နှင့် တပ်မတော်တို့ ထိတွေ့ပစ်ခတ်မှုကြောင့် အာရှလမ်းသစ်အား ခေတ္တပိတ်ထားခြင်းဖြစ်သည်။ ယခင်လမ်းဟောင်းမှ ကြိုးကြားကြိုးကြား ကုန်ကား၊ ခရီးသည်တင်ကား၊ ဆိုင်ကယ်များ အတက်အဆင်းပြုလုပ်နေရာမှ  ဇူလိုင် ၅ ရက်ကစတင်ပြီး သွားလာမှုများကို တားမြစ်မှုဖြစ်ပေါ်ခဲ့ရာ ကုန်စည်စီးဆင်းမှု နှောင့်နှေးသွားကာ ကုန်စည်ပြတ်တောက်မှုများ ဖြစ်ပေါ်ခြင်း၊ ထိုင်းနိုင်ငံမှတင်ပို့သော လူသုံးကုန်ပစ္စည်းအချို့ ဈေးနှုန်းပြောင်းလဲမြင့်တက်ခြင်းများ ဖြစ်သွားရသည်။ထို့အပြင် ဇူလိုင် ၆ ရက်နှင့် ၇ ရက်တို့တွင်လည်း တိုက်ပွဲအချို့ဆက်လက်ဖြစ်ပွားနေသည်။ ဇူလိုင် ၆ ရက် နံနက် ၁၁ နာရီမှ မွန်းတည့် ၁၂ နာရီအတွင်း ကော့ကရိတ်မြို့အထွက် အောက်ဗိုလ်တဲအနီး ကောင်းမှုရွာနှင့် အာရှလမ်းသစ်သွားကြားလမ်းတွင် ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့သည်။ ထို့ကြောင့် အဆိုပါနေရာနှင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်နေကြသည်။ ဇူလိုင် ၇ ရက် နံနက် ၇ နာရီ ၁၀ မိနစ်ခန့်က ကော့ကရိတ်မြို့ အမှတ် (၁) ရပ်ကွက် ချောင်တောင်ရပ် အထက်တန်းကျောင်း မူလတန်းဆောင်ပေါ်သို့ ၄၀ မမ လက်နက်ကြီးကျည်ဆန်ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ အလားတူ တစ်ချိန်တည်းတွင် အမှတ် (၁) ရပ်ကွက် ဝဏ္ဏချောင် ကရင်အမျိုးသားရပ်ကွက်အတွင်းသို့ လက်နက်ကြီးနှစ်လုံးအထက်ကျရောက်ခဲ့သော်လည်း မပေါက်ကွဲခဲ့၍ ထိခိုက်မှုသက်သာခဲ့ရကြောင်း သိရသည်။တိုက်ပွဲများကြောင့် မြဝတီနှင့် ကော့ကရိတ်ကိုဆက်သွယ်သည့် လမ်းနှစ်သွယ်မှ သွားလာ၍မရခြင်းကြောင့် နယ်စပ်သို့သွားရောက်မည့်သူများနှင့် ပြည်တွင်းသို့သွားမည့်ခရီးသွားများ ဒေါနတောင်တစ်ဖက်တစ်ချက်စီတွင် သောင်တင်လျက်ရှိနေသည်။ဤသည်များမှာ ရက်ပိုင်းအတွင်းပေါ်ပေါက်ခဲ့သော ကရင်ပြည်နယ်ရှိ တိုက်ပွဲအချို့၏ အကျိုးဆက်များသာဖြစ်သည်။ နှစ်ပေါင်း ၆၀ ကျော်ကာလတစ်လျှောက် ပြည်တွင်းစစ်မီးမငြိမ်းသောဒဏ်ကို ခံစားရသော တိုင်းရင်းသားပြည်သူလူထုများ၏ဒုက္ခများမှာ အများအပြားရှိနေသေးသည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည်များအဖြစ် စစ်ရှောင်စခန်းများတွင် ကာလရှည်နေထိုင်ကြရသော ဒုက္ခသည်သိန်းကျော်ရှိနေသေးသည်။ မငြိမ်းချမ်းမှုအကျိုးဆက် မြေစာပင်များအတွက် အကူအညီများအပြင် စာနာငဲ့ညှာမှုများ ပိုမိုလိုအပ်နေသည်။ပြည်တွင်းစစ်သက်တမ်းသည်  နိုင်ငံတော်သက်တမ်းနှင့် မတိမ်းမယိမ်းဖြစ်သဖြင့် နိုင်ငံ၏အနာဂတ်ကို တန်းတူညီမျှမှုမရှိဘဲ ပြည်ထောင်စုစစ်စစ်ပုံစံ ပြန်လည်မတည်ဆောက်နိုင်သမျှ သံသရာလည်နေမည်ကို စိုးရိမ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဝင် တာချီလိတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသိန်းအောင်က ဇူလိုင် ၇ ရက်တွင်ပြုလုပ်သော လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးပြောကြားခဲ့သည်။ အစိုးရသစ်အနေဖြင့်  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားများ၏ ပျက်ပြားနေသည့် ယုံကြည်မှုများကို ပြန်လည်တည်ဆောက်ပြီး ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ဆောင်ရွက်ရာ၌ ခက်ခဲခြင်း၊ ကြန့်ကြာမှုများရှိနေခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တိုက်ရိုက်သက်ဆိုင်သည်ဟု ယူဆကြောင်းလည်း ထောက်ပြပြောဆိုခဲ့သည်။မည်သို့ပင်ဖြစ်စေ နိုင်ငံအတွက်အရေးပါသော အပြောင်းအလဲများဖော်ဆောင်ချိန်တွင် မငြိမ်းချမ်းမှု၏ဆိုးကျိုးကို ခါးစည်းခံနေရသော မြေစာပင်တိုင်းရင်းသားပြည်သူလူထုအား စာနာငဲ့ညှာသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(ဇူလိုင်လ ၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)

Most Read

Most Recent