ကမ္ဘာ့သမိုင်းတွင် သာမက မြန်မာ့သမိုင်း၌ပါ စစ်အာဏာရှင်များကို ကျောင်းသားများက ခေတ်အဆက်ဆက် ဆန့်ကျင်ခဲ့ကြသည်။ ၁၉၆၂ ခုနှစ် မတ် ၂ ရက်တွင် ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်သော တော်လှန်ရေးကောင်စီက အာဏာသိမ်းပြီးနောက် မတ် ၄ ရက်တွင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ) နှင့် ရန်ကုန်ခရိုင် ကျောင်းသား သမဂ္ဂ (ရကသ) တို့က ကန့်ကွက်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။ ၁၉၆၂ ခု မေ ၉ ရက်တွင် ဒတ်ချ်သံရုံးရှေ့ ဆန္ဒပြမှုကြောင့် ကျောင်းသားလေးဦး ဖမ်းဆီးခံခဲ့ရသည်။ မေ ၁၀ ရက်တွင် ဗိုလ်ချုပ်နေဝင်းက တက္ကသိုလ်ကောင်စီဝင်များကို ဒဂုံရိပ်သာသို့ခေါ်၍ ဆရာများ အကျင့်ပျက်သည်၊ ကျောင်းသားများကြား နိုင်ငံရေးပယောဂများ ဝင်နေဟု စွပ်စွဲကာ တက္ကသိုလ်အမှုဆောင် ကောင်စီကို ဖျက်သိမ်းခဲ့သည်။ ယင်းလုပ်ရပ်ကို တက္ကသိုလ် အုပ်ချုပ်ရေးအား တော်လှန်ရေးကောင်စီက ထပ်မံ အာဏာသိမ်းခြင်းဖြစ်ကြောင်း တကသက အပြင်းအထန် ဝေဖန်ခဲ့သည်။ ယင်းနောက် တော်လှန်ရေးကောင်စီက အဆောင်စည်းကမ်းများ ချမှတ်ရန် အမိန့်ပေးခဲ့သည်။ဤသို့နှင့် ဇွန် ၁၈ ရက်တွင် ကျောင်းဆောင်နေ ကျောင်းသားများကို မတရားချုပ်ချယ်သော ကျောင်းဆောင်စည်းကမ်း ၂၂ ချက် ထုတ်ပြန်ခဲ့သည်။ ကျောင်းသားများက ဖိနှိပ်ချုပ်ချယ်သော စည်းကမ်းများကို ကန့်ကွက်ကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။ ၁၉၆၂ ခုနှစ် ဇူလိုင် ၃ ရက်တွင် ရကသ ကြီးမှူးပြီး သမဂ္ဂခန်းမတွင် ကျောင်းသားထု အစည်းအဝေးတစ်ရပ် ကျင်းပကာ ကမောက်ကမ ပညာရေးစနစ် ဖျက်သိမ်းပေးရေးနှင့် မတရား အဆောင်စည်းကမ်းများ ရုပ်သိမ်းပေးရေး တောင်းဆို ဆန္ဒပြခဲ့ကြသည်။ ဇူလိုင် ၅ ရက်တွင် ကျောင်းသားသမဂ္ဂကြီး သုံးခုမှ ကြီးမှူး၍ ဒတ်ချ်သံရုံးရှေ့ ဆန္ဒပြခဲ့ကြသည်။ ဇူလိုင် ၆ ရက်တွင် တော်လှန်ရေးကောင်စီသည် တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့နှင့် ကျောင်းဆောင်ကော်မတီတို့ကို ၎င်းတို့ စိတ်တိုင်းကျ ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ဇူလိုင် ၆ ရက်တွင် ကျောင်းသားများသည် ရွှေဘိုဆောင် အစည်းအဝေး၌ ကန့်ကွက်ကြောင်း ဆုံးဖြတ်ရုံ မကဘဲ ကြွေးကြော်သံများ အော်ဟစ်၍ အဆောင်အပြင်ထွက်ကာ လှည့်လည် ဆန္ဒပြခဲ့ကြသည်။ ယင်းဆန္ဒပြပွဲသည် ဇူလိုင် ၇ ရက်တွင် ပြုလုပ်မည့် တကသ က ကြီးမှူးသော ကျောင်းသားထု ဆန္ဒပြပွဲအတွက် လှုံ့ဆော်မှု ဖြစ်သွားခဲ့သည်။ ဇူလိုင် ၇ ရက် မွန်းလွဲ ၁ နာရီတွင် သမဂ္ဂ အစည်းအဝေး ခန်းမ၌ အစည်းအဝေး ကျင်းပခဲ့ပြီးနောက် သမဂ္ဂရှေ့မှ စတင်၍ ကျောင်းဝင်းအတွင်း၌ ကြွေးကြော်သံများ ဟစ်ကြွေးကာ လှည့်လည် ဆန္ဒပြခဲ့ကြသည်။ ဘွဲ့နှင်းသဘင်ရှေ့၌ ငြိမ်းချမ်းစွာ လူစုခွဲခဲ့သည်။ လူစုခွဲပြီးနောက် မွန်းလွဲ ၂ နာရီခွဲတွင် ရဲကားနှစ်စီး ဝင်ရောက်လာပြီး ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးခဲ့သည်။ ယင်းနောက် ရဲများ တက္ကသိုလ်ဝင်းအတွင်း ဝင်ရောက်စီးနင်းကာ ကျောင်းသားများနှင့် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ ယင်းနောက် ရဲများ ပြန်လည်ထွက်ခွာသွားခဲ့သည်။သို့သော် ညနေ ၄ နာရီခန့်တွင် စစ်သားအပြည့် တင်လာသော စစ်ကားနှစ်စီး တက္ကသိုလ်ရိပ်သာလမ်းပေါ် ရောက်ရှိလာပြီး ဆေးရုံရှေ့မှစ၍ ဓမ္မာရုံအထိ တပ်ဖြန့်ကာ တက္ကသိုလ်ဝင်း တစ်ခုလုံးကို ပိတ်ဆို့ထားခဲ့သည်။ ယင်းနောက် စစ်သားများသည် မောင်းပြန်ရိုင်ဖယ်များဖြင့် မန္တလေးဆောင်၊ ရာမညဆောင်နှင့် အဓိပတိ လမ်းမတစ်လျှောက်ရှိ ကျောင်းသားအုပ်များထဲသို့ တရစပ် ပစ်ခတ်ခဲ့သည်။ ယင်းနောက် ကျောင်းဆောင်များအတွင်း ဝင်ရောက်ကာ အခန်းများကို တစ်ခန်းချင်း ဝင်ရောက် ရှင်းလင်းခဲ့သည်။ ကျောင်းသားများစွာ သေဆုံးခဲ့သော်လည်း အစိုးရက သတင်းထုတ်ပြန်ရာတွင် ကျောင်းသား ၁၇ ဦးသာ သေဆုံးကြောင်း ကြေညာခဲ့သည်။ ၎င်းအပြင် ဇူလိုင် ၈ ရက် နံနက် ၃ နာရီခွဲခန့်တွင် သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးပစ်ခဲ့သည်။၁၉၆၃ ခုနှစ် ဇူလိုင်လ ကျောင်းများ ပြန်ဖွင့်သောအခါ သမဂ္ဂအဆောက်အအုံ နေရာ၌ ယာယီတဲဖြင့် သမဂ္ဂကို ပြန်လည်တည်ဆောက်ကြသည်။ ဗိုလ်အောင်ကျော်ကျောက်တိုင်နှင့်အတူ အလျား ၇၇ လက်မ အနံ ၆၂ လက်မရှိ ကျောက်တိုင်တစ်ခု ပြုလုပ်ပြီး ၇ ဇူလိုင်တွင် ကျဆုံးခဲ့သော ကျောင်းသားရာကျော်အတွက် ရည်စူးကာ ရာကျော်ကျောက်တိုင်ဟု အမည်တွင်ခဲ့သည်။ အဆိုပါ ရာကျော်ကျောက်တိုင် ဖွင့်ပွဲတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းက “ဒီအဆောက်အအုံကိုသာ ဖြိုလို့ရမယ်၊ အမောင်တို့ ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူမှ ဖြိုလို့ မရပါဘူး” ဟု မိန့်ကြားခဲ့သည်။ဆရာကြီး သခင်ကိုယ်တော်မှိုင်း မိန့်ကြားခဲ့သည့်အတိုင်း စစ်အာဏာရှင်တို့သည် ကျောင်းသားတို့၏ ရင်ထဲမှ သမဂ္ဂစိတ်ဓာတ်ကို ဖြိုချနိုင်ခြင်း မရှိခဲ့ပေ။ ကျောင်းသားမျိုးဆက် အစဉ်အဆက်တို့သည် သမဂ္ဂစိတ်ဓာတ်ကို လက်ဆင့်ကမ်း သယ်ဆောင်လျက် စစ်အာဏာရှင်နှင့် မတရားမှုများကို ဆန့်ကျင်တွန်းလှန် လာခဲ့ကြသည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။ ကျောင်းသားများကို ပစ်သတ်၍ ရသော်လည်း၊ သမဂ္ဂ အဆောက်အအုံကို ဖြိုချ၍ ရသော်လည်း စစ်အာဏာရှင်ကို ရွံမုန်းသည့် မတရားမှုကို ခါးသီးသည့် ကျောင်းသားတို့၏ စိတ်ဓာတ်နှင့် မျိုးဆက်ကို ဖျက်ဆီး၍ မရနိုင်ခဲ့ပေ။ထို့ကြောင့် အေးချမ်းစွာ ပညာသင်ကြားရေး၏ အဓိက အနှောင့်အယှက်မှာ စစ်အာဏာရှင်စနစ်နှင့် မတရားမှုများသာဖြစ်ပြီး အာဏာရှင်စနစ် ရှိနေသမျှ ကာလပတ်လုံး ကျောင်းသားများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရန်မှာ ရေရှည်၌ ဖြစ်နိုင်ရန် မလွယ်ကူပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(ဇူလိုင်လ ၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)








