အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအား ပြင်ဆင်ချက် ၁၃၁ ချက်ဖြင့် ပြည်သူ့လွှတ်တော်အတည်ပြု၊ ကျောင်းသားကိုယ်စားလှယ်များတောင်းဆိုထားသည့် အချက် ၁၁ ချက်ကို ထည့်သွင်းအတည်ပြုထားပြီး စကားလုံးကွဲလွဲမှု အနည်းငယ်သာရှိဟုဆို

အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအား ပြင်ဆင်ချက် ၁၃၁ ချက်ဖြင့် ပြည်သူ့လွှတ်တော်အတည်ပြု၊ ကျောင်းသားကိုယ်စားလှယ်များတောင်းဆိုထားသည့် အချက် ၁၁ ချက်ကို ထည့်သွင်းအတည်ပြုထားပြီး စကားလုံးကွဲလွဲမှု အနည်းငယ်သာရှိဟုဆို
Published 7 April 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအား ပြင်ဆင်ချက် ၁၃၁ ချက်ဖြင့် ပြည်သူ့လွှတ်တော်က ဧပြီ ၇ ရက်တွင်အတည်ပြုခဲ့ပြီး ကျောင်းသားကိုယ်စားလှယ်များတောင်းဆိုထားသည့် အချက် ၁၁ ချက်ကို ထည့်သွင်းအတည်ပြုထားကာ စကားလုံးကွဲလွဲမှု အနည်းငယ်သာရှိသည်ဟု ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီမှ အတွင်းရေးမှူးဦးစောလှထွန်းက ပြောကြားသည်။နေပြည်တော်တွင် ဧပြီ ၇ ရက်ကပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး၌ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့်အတည်ပြု၍ ပေးပို့ထားသည့် အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းနှင့်ပတ်သက်၍ တင်သွင်းထားသည့် ပြင်ဆင်ချက်အဆိုအား တစ်ပိုဒ်ချင်းစီအလိုက် ဆွေးနွေးအတည်ပြုခဲ့ခြင်းဖြစ်သည်။"ဒီနေ့ပြည်သူ့လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်တဲ့ဥပဒေကြမ်းမှာ ကျောင်းသားကိုယ်စားလှယ်တွေတောင်းဆိုထားတဲ့ အချက် ၁၁ ချက်ကို အားလုံးထည့်သွင်းအတည်ပြုထားပါတယ်။ တောင်းဆိုထားတဲ့အချက်တွေရဲ့ အဓိပ္ပာယ်အားလုံးတူညီစွာ ပြည်သူ့လွှတ်တော်ကနေအတည်ပြုနိုင်ခဲ့ပြီး စကားလုံးပိုင်းဆိုင်ရာ ကွဲလွဲမှုအနည်းငယ်ရှိပါတယ်" ဟု ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီမှ အတွင်းရေးမှူး ဦးစောလှထွန်းကပြောကြားသည်။အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၆၂။ (က) တွင် နိုင်ငံ၏ ပညာရေးအသုံးစရိတ်ကို ငါးနှစ်အတွင်း တစ်နိုင်ငံလုံးအသုံးစရိတ်၏ ရာခိုင်နှုန်း ၂၀ အနည်းဆုံးသုံးစွဲမည်" ဟု ပညာရေးဝန်ကြီးဌာနမှ အဆိုပြုပြဋ္ဌာန်းထားသည်။အဆိုပါ "ဥပဒေပုဒ်မ ၆၂။(က) အား နိုင်ငံ၏ပညာရေးအသုံးစရိတ်ကို ငါးနှစ်အတွင်း သင့်လျော်သည့် ရာခိုင်နှုန်းအထိ နှစ်စဉ်တိုးမြှင့်သုံးစွဲနိုင်ရန် ရည်မှန်းဆောင်ရွက်ရမည်" ဟု အမျိုးသားလွှတ်တော်မှ အတည်ပြုထားသည်။ပြည်သူ့လွှတ်တော်က အမျိုးသားဥပဒေပုဒ်မ ၆၂။(က) အား နိုင်ငံတော်၏ ပညာရေးအသုံးစရိတ်ကို နိုင်ငံအသုံးစရိတ်အားလုံး၏ ရာခိုင်နှုန်း ၂၀ အထိရောက်ရှိရေးအတွက်  ရည်မှန်းချက်ထားရှိဆောင်ရွက်ရမည်" ဟု အတည်ပြုခဲ့သည်။"၁၈ ဦးရဲ့ပြင်ဆင်ချက်တွေကို  မူလ ၁၀၅ ချက်နဲ့ပေါင်းလိုက်ပြီး ဖြည့်လိုက်တော့ ၁၃၁ ချက်ရတယ်။ ၁၃၁ ရတဲ့အတွက် ဥပဒေကြမ်းကော်မတီက အမျိုးသားလွှတ်တော်အတိုင်းအတည်ပြုတဲ့ အချက် ၅၀ ရှိတယ်။ နောက် ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီက ဆောင်ရွက်တဲ့အချက် ၄၅ ချက်ရှိတယ်။ နောက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေပြင်တဲ့ အချက် ၃၆ ချက်ရှိတယ်။ အဲဒီ ၃၆ ချက်ထဲက ၁၉ ချက်ကို သဘောတူထားတယ်။ ၁၇ ချက်ပဲသဘောမတူတာပေါ့။ အဲဒီတော့ ပြောရလို့ရှိရင် အတည်ပြုတဲ့အခါမှာတော့ ဆွေးနွေးတာကတော့ လွတ်လွတ်လပ်လပ်ဆွေးနွေးကြတယ်။ အတည်ပြုတဲ့အခါမှာတော့ လွှတ်တော်က ကန့်ကွတ်တာသိပ်မရှိပါဘူး။ တစ်ယောက်နှစ်ယောက်ရပ်တာပဲရှိတယ်။ အားလုံးကို တစ်ချက်ချင်းကို ကျေကျေလည်လည်နဲ့ဆွေးနွေးပြီးတော့ ဆုံးဖြတ်သွားနိုင်ကြတယ်လို့ ယူဆပါတယ်" ဟု ဥပဒေကြမ်းကော်မတီမှ အတွင်းရေးမှူး ဦးစောလှထွန်းက မီဒီယာများကိုပြောကြားသည်။
ဒီနေ့ပြည်သူ့လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်တဲ့ဥပဒေကြမ်းမှာ ကျောင်းသားကိုယ်စားလှယ်တွေတောင်းဆိုထားတဲ့ အချက် ၁၁ ချက်ကို အားလုံးထည့်သွင်းအတည်ပြုထားပါတယ်။ တောင်းဆိုထားတဲ့အချက်တွေရဲ့ အဓိပ္ပာယ်အားလုံးတူညီစွာ ပြည်သူ့လွှတ်တော်ကနေအတည်ပြုနိုင်ခဲ့ပြီး စကားလုံးပိုင်းဆိုင်ရာ ကွဲလွဲမှုအနည်းငယ်ရှိပါတယ်

"ပြည်သူနဲ့ အမျိုးသားသဘောကွဲလွဲတာရှိတယ်။ ဒီအထဲမှာ စုစုပေါင်း အချက် ၅၀ ပဲသဘောတူတယ်။ အဲဒီတော့ ဒီကဟာကို ဒီနေ့မမီရင် မနက်ဖြန်မှာနောက်ဆုံးထားပြီးတော့ အမျိုးသားလွှတ်တော်ကိုပို့ပါမယ်။ အမျိုးသားလွှတ်တော်က သူတို့ဥပဒေကြမ်းကော်မတီက လွှတ်တော်ကိုတင်ပြလို့ အမျိုးသားလွှတ်တော်က ပြည်သူ့လွှတ်တော်ရဲ့ ပြင်ဆင်ချက်အတိုင်းသဘောတူတယ်ဆိုရင်တော့ ပြည်ထောင်စုလွှတ်တော်က သဘော တူတဲ့အတိုင်းဖြစ်ပြီးတော့ ပြည်ထောင်စုလွှတ်တော်ကတစ်ဆင့် သမ္မတကြီးဆီပေးပို့လို့ရပါတယ်" ဟု ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီမှ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။ပြည်သူ့လွှတ်တော်၌အတည်ပြုခဲ့သည့် အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းတွင် ကျောင်းသားများတောင်းဆိုနေသည့် အချက် ၁၁ ချက်အနက် တစ်ချက်ဖြစ်သည့် "ပညာသင်ယူမှုမပြီးဆုံးမီ အကြောင်းအမျိုးမျိုးကြောင့်  ပညာသင်ယူမှုရပ်တန့်ခဲ့ရသော ကျောင်းသားများအတွက် သင့်လျော်သော ပညာသင်ယူခွင့်တစ်ခုခုပြန်လည်ရရှိစေရန် လိုအပ်သောအစီအမံများ သတ်မှတ်ထားရှိခြင်း" ဆိုသည့်အချက်ကိုလည်း ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။ထို့ပြင် ကျောင်းသားသမဂ္ဂများ၊ ဆရာသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းတည်ထောင်လှုပ်ရှားခွင့်နှင့် ယင်းသမဂ္ဂများ လှုပ်ရှားတည်ရှိမှုအပေါ် တရားဝင်အသိအမှတ်ပြုရေးကိစ္စကို ကျောင်းသားကိုယ်စားလှယ်များက တောင်းဆိုထားသည်။ယင်းတောင်းဆိုချက်အပေါ် ပြည်သူ့လွှတ်တော်မှ "အဆင့်မြင့်ပညာကျောင်းများတွင် ဆရာသမဂ္ဂများနှင့် ကျောင်းသားသမဂ္ဂများကို သက်ဆိုင်ရာတက္ကသိုလ်ပဋိညာဉ်စာတမ်းနှင့်အညီ လွတ်လပ်စွာဖွဲ့စည်းတည်ထောင်လှုပ်ရှားခွင့်ရှိရေး" ဟူ၍ ထည့်သွင်းအတည်ပြုခဲ့သည်။ကျောင်းသားကိုယ်စားလှယ်များဘက်မှတောင်းဆိုထားသည့် အချက် ၁၁ ချက်မှာ (၁) ပညာရေးမူဝါဒနှင့် ဥပဒေများ၊ နည်းဥပဒေများ၊ ဆက်စပ်ဥပဒေများရေးဆွဲရာတွင် ကျောင်းသားကျောင်းသူကိုယ်စားလှယ်များ၊ ဆရာဆရာမကိုယ်စားလှယ်များပါဝင်ရန်ကိစ္စ၊ (၂) ကျောင်းသားသမဂ္ဂများ၊ ဆရာသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းထူထောင်လှုပ်ရှားခွင့်နှင့် ၎င်းသမဂ္ဂများတည်ရှိမှုအပေါ် တရားဝင်အသိအမှတ်ပြုရေးကိစ္စ၊ (၃) လက်ရှိပြဋ္ဌာန်းပြီးဖြစ်သော အမျိုးသားပညာရေးဥပဒေတွင်ပါဝင်သည့် အမျိုးသားပညာရေးကော်မရှင်နှင့် တက္ကသိုလ်များ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းထားခြင်းကိစ္စ၊ (၄) ဒေသအလိုက်နှင့် ကျောင်းအလိုက် လွတ်လပ်စွာစီမံခန့်ခွဲနိုင်သည့် ပညာရေးဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိစ္စ၊ (၅) လက်ရှိကျင့်သုံးလျက်ရှိသော စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့်စနစ်များပြင်ဆင်ရန်ကိစ္စ၊ (၆) ကျောင်းသားများ လွတ်လပ်စွာစဉ်းစားတွေးခေါ်နိုင်ပြီး ကိုယ်တိုင်လေ့လာစူးစမ်းသင်ယူနိုင်သည့် သင်ကြားနည်းစနစ်များ ပြောင်းလဲရန်ကိစ္စ၊ (၇) တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကားလွတ်လပ်ခွင့်နှင့် မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေးစနစ် (mother tongue based multilingual education) ကို အမျိုးသားပညာရေးဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းရန်ကိစ္စ၊ (၈) မသန်စွမ်းကလေးများအပါအဝင် ကလေးအားလုံးအတွက် လူတိုင်းအကျုံးဝင်ပညာရေး (inclusive education) ကိစ္စ၊ (၉) ကျောင်းသားအရေးအခင်းများကြောင့် ကျောင်းထုတ်ခံခဲ့ရသည့် ကျောင်းသားများ ကျောင်းပြန်လည်တက်ရောက်ခွင့်ကိစ္စ၊ (၁၀) ပညာရေးအသုံးစရိတ်ကို တစ်နိုင်ငံလုံးအသုံးစရိတ်၏ ၂၀ ရာခိုင်နှုန်း သတ်မှတ်နိုင်ရေးကိစ္စ၊ (၁၁) အခမဲ့မသင်မနေရ ပညာရေးစနစ်ကို မူလတန်းအဆင့်သာမက အလယ်တန်းအဆင့်အထိ တိုးမြှင့်ကျင့်သုံးရေးကိစ္စ အစရှိသည်တို့ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent