သာကေတမြို့နယ် အဝိုင်းအနီး ၉ ရပ်ကွက်တွင် ရဲ တပ်ဖွဲ့ဝင် နှစ်ဦးအပါအဝင် သုံးဦးကို မတ် ၁၇ ရက်၊ နေ့လယ် ၁၂ နာရီခန့်က သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း သာကေတ မြို့နယ်နေသူများထံမှ သိရသည်။
သာကေတမြို့နယ် အမှတ်(၂) ရဲစခန်းမှ ရဲတပ်ကြပ်နှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့သည် သာကေတအဝိုင်း၊ ၉ ရပ်ကွက်၊ စိန်ပန်းမြိုင်ဘီယာဆိုင်ဘေး၊ (၁)လမ်းအတွင်းရှိ မိတ္တူဆိုင်ရှေ့၌ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။
သာကေတမြို့နယ် ၉ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက " စိန်ပန်းမြိုင် ဘီယာဆိုင်ဘေးက လမ်းထဲမှာ အပစ်ခံရတာတော့ သေချာတယ်။ မိတ္တူဆိုင်နားမှာပါ။ ရဲတပ်ကြပ်နှစ်ယောက်နဲ့ အတူရှိတဲ့ အမျိုးသားတစ်ယောက်ပါ။ အခု အဲလမ်းထိပ်မှာ လုံခြုံရေးတွေ အများကြီးရောက်နေပြီး စစ်ဆေးနေတယ်။ သာကေတမြို့နယ် အထွက်ကားတွေကိုလည်း လမ်းပိတ်ပြီး စစ်ဆေးနေတယ် " ဟု ပြောကြားခဲ့သည်။
ပစ်ခတ်ခံရသည့်နေရာမှာ သာကေတမြို့နယ် မီးသတ်စခန်းနောက်ကျောနှင့်လည်း နီးကပ်သည့်နေရာဖြစ်ပြီး အမှတ်(၂) ရဲစခန်းနှင့်လည်း တစ်မှတ်တိုင်ခန့်သာ ကွာဝေးကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် သာကေတမြို့နယ် ကမာကြည်တံတားနှင့် စက်မှုဇုန်ထိပ်ရှိ တံတားတို့တွင် လမ်းပိတ်ဆို့မှုများ ပြုလုပ်ကာ ဖြတ်သန်းနေသော မော်တော်ယာဉ်များနှင့် လူများကို စစ်ဆေးမှုများပြုလုပ်လျှက်ရှိကြောင်း သိရသည်။