အတ္ထုပ္ပတ္တိစာပေ

အတ္ထုပ္ပတ္တိစာပေ
Published 21 February 2022

“အတ္ထုပ္ပတ္တိစာပေဆိုတာလူတစ်ယောက်ရဲ့ အဝတ်အစားတွေ၊ ကြယ်သီးတွေမျှသာပဲ။ လူကိုယ်တိုင်ရဲ့ အတ္ထုပ္ပတ္တိဆိုတာမျိုးကရေးဖို့ မဖြစ်နိုင်ဘူး။”   - မက်တွိန်း (၁၈၃၅- ၁၉၁၀)၊ အမေရိကန်စာရေးဆရာ

ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ဘဝနှင့် စရိုက်ကို ဖော်ပြသည့်စာသည် အတ္ထုပ္ပတ္တိဖြစ်သည်။ အတ္ထုပ္ပတ္တိသည် ရုပ်ရှင်ရိုက်ကူးထားသည့်တိုင် ကဗျာ၊ ပြဇာတ်၊ ဝတ္ထု အစရှိသည်တို့ကဲ့သို့ပင် စာပေ၏ အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်သည်။ စာပေ၏ အခြားအင်္ဂါ အစိတ်အပိုင်းများကဲ့သို့ပင် အတ္ထုပ္ပတ္တိသည် စာဖတ်သူတို့အား စိတ်ဝင်စားမှုလည်း ဖြစ်ပွားစေသကဲ့သို့ အကျိုးလည်းများစေသည်။ အတ္ထုပ္ပတ္တိကိုဖတ်လျှင် စာဖတ်သူသည် စိတ်ဝင်စားမှုရရှိပြီး မိမိအတွက် အကျိုးများစေမည့် အချက်အလက်များကိုသိရှိနားလည်နိုင်သည်။ အခြားသောပုဂ္ဂိုလ်များ၏ ဘဝဖြစ်ရပ်နှင့် စရိုက်ကိုသိရှိနားလည်ပါက မိမိဘဝဖြစ်ရပ်နှင့် စရိုက်ကို ပြန်လည်သုံးသပ်ပြီး ပြုပြင်သွားသင့်သည်ကို ပြုပြင်သွားနိုင်သည်။ အတုယူသင့်သည်ကို အတုယူသွားနိုင်သည်။ စွန့်ပယ်သင့်သည်ကို စွန့်ပယ်သွားနိုင်ပေလိမ့်မည်။ အတ္ထုပ္ပတ္တိ ပြုစုရာတွင် (၁) အချက်အလက် စုဆောင်းခြင်း၊ (၂) အချက်အလက်များကိုဖွဲ့စည်းခြင်း၊ (၃) အချက်အလက်ဖွဲ့စည်းရာ၌ ပေါ်တတ်သော ပြဿနာများ၊ (၄)သမိုင်းအဆက်ပြတ်သည်ကိုရှာဖွေခြင်းနှင့် (၅) ကိုးကားစရာအရေးအသား ပစ္စည်းများဟူ၍ အစိတ်အပိုင်းများရှိသည်။

အတ္ထုပ္ပတ္တိ၏အစသည် မြန်မာစာပေအရေးအသားစတင်ချိန်ကတည်းက ဖြစ်သည်ဟုဆိုနိုင်သည်။ မြန်မာစာပေသုတေသီများ၏ အဆိုအရ မြန်မာစာအရေးအသားသည် ပုဂံခေတ်မြစေတီကျောက်စာဟုခေါ်တွင်သော ရာဇကုမာရကျောက်စာက စသည်ဟု သိရသည်။ ခရစ်နှစ် ၁၁၁၂ ခုနှစ်က ကျန်စစ်သား၏ သားတော် ရာဇကုမာရသည် ပုဂံတောင်ဘက် မြစေတီဘုရား၌ ပါဠိ၊ မွန်၊ ပျူ၊ မြန်မာဘာသာတို့ဖြင့် ကျောက်စာရေးထိုးခဲ့သည်။ ထိုကျောက်စာ၌ သာသနာတော်နှစ် ၁၆၂၈ ခုနှစ်၌ ပုဂံပြည်တွင် ကျန်စစ်သားမင်းအုပ်ချုပ်မင်းလုပ်ကြောင်း၊ ကြင်ရာမိဖုရားသမ္ဘူလ၏ သားတော်မှာ ရာဇကုမာရဖြစ်ကြောင်း၊ ဘုရင်သည် မိဖုရားအား ကျွန်သုံးရွာကိုပေးထားကြောင်း၊ မိဖုရားလွန်သည့်အခါ ဘုရင်ကမိဖုရား၏ ရတနာတန်ဆာများနှင့် ကျွန်သုံးရွာကိုသားတော် ရာဇကုမာရအား ပေးအပ်ခဲ့ကြောင်း၊ နှစ်ပေါင်း ၂၈ နှစ်မျှ ထီးနန်းစိုးစံပြီးနောက် ကျန်စစ်မင်းနာမကျန်းဖြစ်သည့်အခါ သားတော်သည် ဘုရင်မင်းကြီး၏ အထိမ်းအမှတ်အဖြစ် ဆင်းတုတော်တစ်ဆူ ကိုးကွယ်လှူဒါန်းကြောင်း၊ ကျွန်သုံးရွာကိုလည်း ဘုရားရှင်အား လှူဒါန်းကြောင်း စသည်တို့ ရေးထိုးဖော်ပြထားသည်။ ယင်းသို့မြစေတီကျောက်စာ၌ ကျန်စစ်မင်းနှင့် သားတော်၏အကြောင်းအတ္ထုပ္ပတ္တိကို ရေးထိုးထားသဖြင့် မြန်မာစာ၏ အစကနဦးဖြစ်သော မြစေတီကျောက်စာသည်ပင် မြန်မာအတ္ထုပ္ပတ္တိစာပေ၏အစဟု ဆိုနိုင်သည်။

မည်သို့ဆိုစေ အတ္ထုပ္ပတ္တိဟူသည်မှာ သက္ကရာဇ်စာရင်းသဖွယ် မဖြစ်သင့်ပေ။ ဥပမာအားဖြင့် “၁၉၁၅ ခုနှစ်၌ မွေးဖွား၍ ၁၉၂၃ ခုနှစ်တွင် ကျောင်းစနေပြီး ၁၉၃၂ ခုနှစ်တွင် တက္ကသိုလ်ရောက်ကာ ၁၉၃၈ ခုနှစ်၌ ဘွဲ့ရ၏” စသည်ဖြင့် ရေးသားထားခြင်းမှာ စင်စစ်အတ္ထုပ္ပတ္တိအစစ် မဟုတ်၊ အတ္ထုပ္ပတ္တိ၏ အကြမ်းဖျင်းမျှသာ ဖြစ်လေသည်။ အထူးသဖြင့် သူ့တစ်သက်တာတွင် သူ၏ဆောင်ရွက်လုပ်ကိုင်မှုများကို အဓိကထား၍ ရေးသားသင့်၏။ သို့မှသာထိုသူ၏ စိတ်နေသဘောထားကိုစာဖတ်သူတို့ အကဲခတ်နိုင်ပေမည်။ အတ္ထုပ္ပတ္တိဟူသည် လူတစ်ယောက်၏ ဘဝကိုလေ့လာခြင်းဖြစ်၍ အကောင်းအဆိုးကို မြင်သရွေ့ အမှန်အတိုင်းဖော်ပြရသည်။ သို့သော်စာရေးသူ၏စိတ်တွင် သူ၏အတ္ထုပ္ပတ္တိအရေးခံ ပုဂ္ဂိုလ်သည် ကောင်းသည်ဟူ၍လည်း မိုးထိအောင်အထင်ကြီးခြင်းမဖြစ်၊ ဆိုးသည်ဟူ၍လည်း နှိမ့်ချကဲ့ရဲ့လိုစိတ် မရှိဘဲထိုသူ၏ သဘာဝဖြစ်ပျက်သမျှကို အမှန်အတိုင်းရေးခြင်းသာလျှင် အတ္ထုပ္ပတ္တိအစစ်ဖြစ်သည်။ စာဖတ်သူ၏စိတ်၌လည်း အတ္ထုပ္ပတ္တိဖတ်ရာ၌ လူကိုလေ့လာခြင်းသာဖြစ်၍ အကျိုးအပြစ်ကို လျစ်လျူရှု၍သာလျှင် အတ္ထုပ္ပတ္တိတို့ကိုဖတ်ရှုသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဖေဖော်ဝါရီ ၂၂ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အဘော်

Most Read

Most Recent