ASEAN Single Window ၌ နည်းပညာဆိုင်ရာနှင့် လုံခြုံမှုဆိုင်ရာ အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ရာတွင် မမျှော်လင့်သည့် နည်းပညာဆိုင်ရာ အခက်အခဲများ ကြုံတွေ့ရသည့်အတွက် နိုဝင်ဘာ ၁၁ ရက် နံနက် ၈ နာရီ ၂၆ မိနစ်နောက်ပိုင်းမှစ၍ ATIGA e – Form D များကို အီလက်ထရွန်နစ်နည်းလမ်းဖြင့် ပေးပို့ခြင်း၊ လက်ခံခြင်းများ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ယာယီရပ်တန့်လျက်ရှိကြောင်း အကောက်ခွန်ဦးစီးဌာနက နိုဝင်ဘာ ၁၉ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
အာဆီယံနိုင်ငံများနှင့် ATIGA e – Form D ဆိုင်ရာ အချက်အလက်များ အပြန်အလှန် လဲလှယ်နိုင်ရေးအတွက် အကောက်ခွန်ဦးစီးဌာနမှ တည်ဆောက်ထားသော National Single Window Routing Platform နှင့် ASEAN Single Window (ASW) Gateway တို့ကို အသုံးပြုလျက်ရှိသည်။ ယခုအခါတွင် ASEAN Single Window (ASW) Gateway ၌ နည်းပညာဆိုင်ရာနှင့် လုံခြုံမှုဆိုင်ရာအဆင့်မြှင့်တင်မှုများ ဆောင်ရွက်ရာတွင် မမျှော်လင့်သည့် နည်းပညာဆိုင်ရာ အခက်အခဲများ ကြုံတွေ့ရသည့်အတွက် နိုဝင်ဘာ ၁၁ ရက် နံနက် ၈ နာရီ ၂၆ မိနစ် နောက်ပိုင်းမှစ၍ ATIGA e – Form D များကို အီလက်ထရွန်နစ်နည်းလမ်းဖြင့် ပေးပို့ခြင်း၊ လက်ခံခြင်းများ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ယာယီရပ်တန့်လျက်ရှိသည်။
အဆိုပါ နည်းပညာ အခက်အခဲကို အမြန်ဆုံး ဖြေရှင်းနိုင်ရေးအတွက် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၏ ASEAN Single Window ဆိုင်ရာ တာဝန်ရှိသူများ၊ အာဆီယံနိုင်ငံများ၏ ASW Gateway များအတွက် တာဝန်ယူ ဆောင်ရွက်ပေးနေသော Software ကုမ္ပဏီတို့နှင့် ချိတ်ဆက်ကာ ဖြေရှင်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်နေစဉ်အတွင်း အီလက်ထရွန်နစ်စနစ်ဖြင့် လဲလှယ်နိုင်မှု ယာယီရပ်ဆိုင်းနေမည်ဖြစ်ကြောင်းကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှတစ်ဆင့် အာဆီယံနိုင်ငံများသို့ ညှိနှိုင်းအကြောင်းကြားထားကြောင်း သိရသည်။
သို့ဖြစ်ရာ ASW Gateway တွင် နည်းပညာအခက်အခဲများအား ဖြေရှင်းဆောင်ရွက်နေစဉ် အချိန်အတွင်း မြန်မာနိုင်ငံအနေဖြင့် Paper Form D (Hardcopy) ကိုသာ ယာယီအဖြစ် လဲလှယ်မှုများ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ယာယီရပ်တန့်နေသည့် အချိန်ကာလအတွင်း လုပ်ငန်းရှင်များ၏ လုပ်ငန်းစဉ်များ နှောင့်နှေးကြန့်ကြာမှု ဖြစ်ပေါ်လျက်ရှိသည့်အတွက် တောင်းပန်အပ်ကြောင်းလည်း အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ် အကောင်အထည်ဖော်ရေးအတွက် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံဒေသတွင်း ကုန်သွယ်မှုပြုလုပ်ရာတွင် အကောက်ခွန် သက်သာခွင့်ရရှိရေးအတွက် ATIGA Form D ကို အသုံးပြုရမည်ဖြစ်သည်။
ATIGA Form D ကို အသုံးချ၍ အာဆီယံနိုင်ငံများသို့ တင်ပို့ခြင်းဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ၎င်းတို့နှင့်ကုန်သွယ်မှု ပြုနေသည့်ကုန်စည်များအပေါ် အကောက်ခွန် လျှော့ချပေးမည်ဖြစ်သည်။
အဆိုပါ အကောက်ခွန်လျှော့ပေါ့ ပယ်ဖျက်ပေးမှုကို မြန်မာနိုင်ငံရှိ ပို့ကုန်လုပ်ငန်းရှင်များ အကျိုးခံစားခွင့် ရရှိရေးအတွက် ATIGA Form D များကို ၂၀၁၀ ပြည့်နှစ် ဇူလိုင် ၁ ရက်မှစ၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ပေးလျက်ရှိသည်။










