၂၀၂၀ အတွင်း အနုပညာရှင်အချို့၏ အမှုအခင်းများ

၂၀၂၀ အတွင်း အနုပညာရှင်အချို့၏ အမှုအခင်းများ
သရုပ်ဆောင် မင်းရာဇာအား ရုံးချိန်းတစ်ခုတွင် တွေ့ရစဉ်
သရုပ်ဆောင် မင်းရာဇာအား ရုံးချိန်းတစ်ခုတွင် တွေ့ရစဉ်
Published 3 January 2021
အောင်မျိုးသန့်

၂၀၂၀ ပြည့်နှစ်အတွင်း သရုပ်ဆောင်အနုပညာရှင်အချို့၏ မှုခင်းဖြစ်စဉ်များမှာ အများပြည်သူအကြားတွင် စိတ်ဝင်စားမှုနှင့် ထူးခြားထင်ရှားခဲ့သည်။

အဆိုပါဖြစ်စဉ်များထဲမှ လူအများစိတ်ဝင်စားမှုရှိခဲ့သည့် ဖြစ်စဉ်တစ်ခုမှာ အိမ်အကူမိန်းကလေးကို အက်စစ်ဖြင့်ပက်သည်ဟုဆိုကာ သရုပ်ဆောင်မင်းရာဇာအပါအဝင် သုံးဦးအား မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံနယ်မြေရဲစခန်းတွင် ပုဒ်မလေးခုဖြင့် အမှုဖွင့်ခဲ့သည်။

သရုပ်ဆောင် မင်းရာဇာ၊ ဇနီးဖြစ်သူနှင့် ယောက္ခမဖြစ်သူတို့ သုံးဦးကို အိမ်အကူအမျိုးသမီး၏ မိခင်ဖြစ်သူက တရားလိုပြုလုပ်ပြီး ဧပြီ ၇ ရက် ညနေပိုင်းက အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ တရားလိုဖြစ်သူသည် လွန်ခဲ့သည့်ရက်အနည်းငယ်က Facebook လူမှုကွန်ရက်စာမျက်နှာ၌ သရုပ်ဆောင် မင်းရာဇာ၏ဇနီး တင်ထားသည့် လူမှုရေးဖောက်ပြန်မှုအသံဖိုင်ကိုသိရသည့်အတွက် သမီးဖြစ်သူထံ သွားရောက်မေးမြန်းခဲ့ကြောင်း သိရသည်။

ထိုသို့မေးမြန်းရာ ရွှေပေါက္ကံရှိ နေအိမ်သို့ သရုပ်ဆောင် မင်းရာဇာနှင့် ၎င်း၏ဇနီးတို့ ရောက်ရှိလာပြီး အိမ်အကူမိန်းကလေးအား ဘောင်းဘီချွတ်၍ အက်စစ်ဖြင့်ပက်ခဲ့ကြောင်း၊ လွန်ခဲ့သည့်နှစ်ရက်ခန့်ကလည်း မင်းရာဇာ၏ ယောက္ခမဖြစ်သူက ဦးခေါင်းကို တူဖြင့်ထုခြင်းကြောင့် သွေးထွက်ဒဏ်ရာများရရှိသည်ဟု ပြောကြားခြင်းကြောင့် ၎င်းက တရားလိုပြုလုပ်၍ အမှုဖွင့်တိုင်ကြားခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

အက်စစ်ဖြင့်အပက်ခံရသည့် အိမ်အကူအမျိုးသမီးမှာ မြောက်ဥက္ကလာပဆေးရုံ သားဖွားမီးယပ်ဆောင် (၂) ၌ ဆေးကုသမှုခံယူခဲ့ရသည်။

အဆိုပါအမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရွှေပေါက္ကံရဲစခန်းက သရုပ်ဆောင် မင်းရာဇာပါ သုံးဦးကို (ပ) ၅၀၅၊ ရာဇသတ်ကြီးပုဒ်မ ၃၂၄/ ၃၂၅/ ၃၅၄ နှင့် ၁၁၄ စသည့် ပုဒ်မများဖြင့် အမှုဖွင့်ထားပြီး ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေပေါက္ကံရဲစခန်းတွင် (ပ) ၅၀၅၊ ရာဇသတ်ကြီးပုဒ်မ ၃၂၄/ ၃၂၅/ ၃၅၄ နှင့် ၁၁၄ ဖြင့် အမှုဖွင့်ခံထားရသည့် သရုပ်ဆောင် မင်းရာဇာနှင့် ဇနီးတို့ကို မြဝတီခရိုင်အတွင်းရှိ DKBA ထိန်းချုပ်နယ်မြေအတွင်း  ဖမ်းဆီးရမိခဲ့သည်။

အက်စစ်ဖြင့်အပက်ခံရသည့် အမျိုးသမီးငယ်၏မိခင်က သရုပ်ဆောင် မင်းရာဇာအပါအဝင် လေးဦးအား မြောက်ဥက္ကလာပမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်း ဖြစ်သည်။

အိမ်အကူအမျိုးသမီးကို အက်စစ်ဖြင့် ပက်သည်ဟုဆိုကာ အမှုဖွင့်ခံထားရသည့် သရုပ်ဆောင် မင်းရာဇာ အပါအဝင် လေးဦးအား မေ ၇ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့ကြောင်း သိရသည်။

အဆိုပါရုံးချိန်းတွင် သရုပ်ဆောင် မင်းရာဇာ၊ မဖူးငုံပွင့်နှင့် မင်းရာဇာ၏ ယာဉ်မောင်းဖြစ်သူ ရခိုင်လေးတို့ကို ပုဒ်မ ၃၂၆/ ၃၄ ဖြင့် တရားစွဲခဲ့ပြီး ယောက္ခမဖြစ်သူ ဦးမောင်မောင်အေးအား ရာဇသတ်ကြီးပုဒ်မ ၃၂၅ ဖြင့် တရားစွဲဆိုကာ ရာဇဝတ်ကျင့်ထုံး ၄၉၆ အရ အာမခံပေးခဲ့ကြောင်း သိရသည်။

မင်းရာဇာ၏ ယောက္ခမဖြစ်သူ ဦးမောင်မောင်အေးအား စွဲဆိုထားသည့် ရာဇသတ်ကြီးပုဒ်မ ၃၂၅ မှာ အပြင်းအထန်နာကျင်စေမှုဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ်မှာ အလုပ်နှင့် ထောင်ဒဏ်ခုနစ်နှစ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

ထို့ပြင် သရုပ်ဆောင် မင်းရာဇာမှာ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် တာမွေမြို့နယ် တရားရုံးတွင် အမှုဖွင့်ခံထားရကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် တရားရုံး၌ တရားစွဲဆိုထားသည့် သရုပ်ဆောင် မင်းရာဇာအမှုနှင့် ၎င်း၏ ယောက္ခမဖြစ်သူအမှုကို တရားလိုဘက်က အရှေ့ပိုင်းခရိုင်တရားရုံးသို့ ရုံးပြောင်းလျှောက်ထားမှုကို ပယ်ချသည်ဟု တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

လက်ရှိတွင် သရုပ်ဆောင် မင်းရာဇာအပါအဝင် ၎င်း၏ဇနီး မဖူးပွင့်ငုံနှင့် ယာဉ်မောင်း ရခိုင်လေးဆိုသူတို့ကို ရုံးချိန်းတိုင်း၌ တရားလိုလာရောက်ခြင်းမရှိခဲ့၍ တရားလိုပြသက်သေများအား စစ်ဆေးနေကြောင်း သိရသည်။

ထို့ပြင် ရုပ်ရှင်သရုပ်ဆောင် မေသန်းနုအား ယခုနှစ် ဇန်နဝါရီ  ၂ ရက်က ငွေကြေးလိမ်လည်မှုဖြင့် ရန်ကင်းမြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခံထားရသည့်ဖြစ်စဉ်မှာလည်း ထူးခြားထင်ရှားခဲ့သည်။

ယင်းအမှုမှာ ၂၀၁၆ ခုနှစ်တွင် တရားလို ဒေါ်စန်းစန်းမြင့်က သရုပ်ဆောင် မေသန်းနုအား ငွေကြေးလိမ်လည်မှုဖြင့် ရန်ကင်းမြို့နယ်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ငွေကြေးလိမ်လည်မှုဖြင့် ထောင်တစ်နှစ်ချမှတ်ခံရသည့် သရုပ်ဆောင် မေသန်းနုသည် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ထပ်မံတရားစွဲဆိုခံရကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် အမှုဖွင့်လှစ်ထားသူမှာလည်း ယခင်ရန်ကင်းတရားရုံးတွင် အမှုဖွင့် တရားစွဲဆိုခဲ့သည့် ဒေါ်မြင့်မြင့်စန်းပင် ဖြစ်သည်။

ငွေကြေးလိမ်လည်မှုဖြင့် အလုပ်နှင့် ထောင်တစ်နှစ် ချမှတ်ခံထားရသည့် သရုပ်ဆောင် မေသန်းနုသည် ဇူလိုင် ၁ ရက်တွင် ထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။

သရုပ်ဆောင် မေသန်းနုမှာ လိမ်လည်မှုဖြင့် ရန်ကင်းမြို့နယ် တရားရုံးက ထောင်တစ်နှစ် ချမှတ် ခံထားရခြင်းဖြစ်သော်လည်း ထောင်လွှတ်ဝရမ်းဖြင့် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

ထောင်လွှတ်ဝရမ်းဆိုသည်မှာ မူလချထားသည့်အမိန့်ကို အယူခံတက်ခြင်းကြောင့် ပြန်လွှတ်ပေးခြင်း ဖြစ်သကဲ့သို့ လွတ်ရက်စေ့ရောက်ခြင်းကြောင့်ဖြစ်စေ ပြန်လွှတ်ပေးခြင်းကို ထောင်လွှတ်ဝရမ်းဟု ခေါ်ဆိုသည်ဟု အကျဉ်းထောင်များတွင် တာဝန်ထမ်းဆောင်ခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က ပြောကြားသည်။

လိမ်လည်မှုပုဒ်မ ၄၂၀ ဖြင့် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် တရားစွဲခံထားရသည့် အမှုအတွက် ဇူလိုင် ၁ ရက်က သရုပ်ဆောင် မေသန်းနု လာရောက်အမှုရင်ဆိုင်ရာတွင် ထောင်လွှတ်ဝရမ်းကို တရားရုံးကိုတင်ပြခဲ့ပြီး လက်ရှိရင်ဆိုင်နေရသည့်အမှုအတွက် အာမခံလျှောက်ထားခဲ့ကြောင်း သိရသည်။

တရားရုံးက ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၆ အရ အာမခံပေး၍ရသည့် ပုဒ်မဖြစ်သောကြောင့် သိန်း ၃၀ တန် အာမခံသူ နှစ်ဦးဖြင့် အာမခံပေးခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ်တရားရုံး သတင်းပြန်ကြားရေးအရာရှိက ပြောကြားခဲ့သည်။

သရုပ်ဆောင် မေသန်းနုကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် ဒေါ်စန်းစန်းမြင့်က တရားလိုပြုလုပ်၍ တရားစွဲဆိုထားခြင်းဖြစ်ပြီး အဆိုပါ အမှုမှာ တရားလိုကို စစ်ဆေးနေဆဲသာဖြစ်သည်။

အခြားထူးခြားထင်ရှားသည့် ဖြစ်စဉ်တစ်ခုမှာ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ကာမလိမ်လည်မှုဖြင့် သရုပ်ဆောင် မိုးအောင်ရင်ကို ရည်းစားဟောင်းဟုဆိုသူက ရန်ကင်းမြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက်ထား တရားစွဲဆိုထားသည့် အမှုဖြစ်သည်။

မိုးအောင်ရင်၏ ရည်းစားဟောင်းဆိုသူ မ .... က  ရန်ကင်းမြို့နယ်တရားရုံးသို့ လာရောက်ပြီး သရုပ်ဆောင် မိုးအောင်ရင်က ၎င်းအား လက်ထပ်မည်ဟုပြောဆိုပြီး ကာမလိမ်လည်ရယူကာ လက်ထပ်ခြင်းမရှိသဖြင့် လာရောက်ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ထိုသို့တရားစွဲဆိုရာ ရန်ကင်းမြို့နယ် တရားရုံးက တရားလို မ....အား ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၂၀၀ အရ စစ်ဆေးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် အမိန့်ချမှတ်ခဲ့ကြောင်း ရန်ကင်းမြို့နယ်တရားရုံးမှ သိရသည်။

ကာမလိမ်လည်မှုဖြင့် ရည်းစားဟောင်းဖြစ်သူ၏ တရားစွဲဆိုခြင်းကို ခံထားရသည့် သရုပ်ဆောင် မိုးအောင်ရင်ကို ကျပ်သိန်း ၁၀၀ ခံဝန် နှစ်ဦးဖြင့် အာမခံပေးထားကြောင်း သိရသည်။

အဆိုပါအမှုမှ ပြန်ခေါ်သက်သေအဖြစ် တရားလို မခင်မြတ်နိုးအား စစ်ဆေးပြီးစီးခဲ့ပြီး ရုံးချိန်းပြန်ပေးထားကြောင်း သိရသည်။

Most Read

Most Recent