စံပြမုန့်တိုက်ပိုင်ရှင် ဖမ်းဆီးခံရမှုနှင့် မိုးကုတ်မြို့နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အချို့၏ ပြန်ပေးဆွဲမှုများ

စံပြမုန့်တိုက်ပိုင်ရှင် ဖမ်းဆီးခံရမှုနှင့် မိုးကုတ်မြို့နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အချို့၏ ပြန်ပေးဆွဲမှုများ
Published 3 January 2021
မင်းလတ်

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း လက်နက်ကိုင်အဖွဲ့အချို့၏ ပြည်သူလူထုအပေါ် ပြန်ပေးဆွဲငွေတောင်းမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့မှုများနှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်၏ ထင်ရှားကျော်ကြားကဏ္ဍတွင် ဖော်ပြအပ်ပါသည်။

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နှင့်ငါးမိုင်ခန့်အကွာ ကျောက်ဝါနှင့် ဓာတ်တော်တောင်ကြားတွင် နိုဝင်ဘာ ၂၄ ရက်က တပ်မတော်နှင့် TNLA လက်နက်ကိုင်အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်စဉ်အချို့ ဖြစ်ပေါ်ခဲ့ပြီးနောက် မိုးကုတ်မြို့နယ်အတွင်းတွင် တိုင်းရင်းသား လက်နက်ကိုင်အချို့က ဒေသခံအချို့အပေါ်ငွေတောင်းခံမှုများ ဖမ်းဆီးခေါ်ဆောင်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။

ဒီဇင်ဘာလ ၄ ရက်တွင် SP စံပြမုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းအား အောင်ချမ်းသာစျေးအနီးတွင်  TNLA လက်နက်ကိုင်အဖွဲ့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လက်ရှိအချိန်အထိ ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်သည်။ ယင်းသို့ဖမ်းဆီးခေါ်ဆောင်ထားမှုမှာ ၎င်းတို့၏ အောက်ခြေတပ်သားများက ပြုလုပ်ခြင်းဖြစ်ပြီး အသက်အန္တရာယ် စိုးရိမ်ဖွယ်မရှိကြောင်းနှင့် အခွန်ကိစ္စညှိနှိုင်းပြီးပါက ပြန်လည်လွှတ်ပေးမည် ဟု TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တာဖုန်းကျော်က မီဒီယာများကို ပြောကြားထားသည်။

ထို့အတူ မိုးကုတ်မြို့နယ် ကျောက်တစ်လုံး ကျေးရွာတွင်လည်း ဒေသခံနှစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုမှ ဒီဇင်ဘာ ၅ ရက်တွင် ဖမ်းဆီးသွားခဲ့သည်။ ယင်းသို့ ဖမ်းဆီးခြင်းမှာ မိုးကုတ်၊ မိုင်းလုံဒေသထိန်းချုပ်ရေး SSPP/SSA အဖွဲ့မှပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် ဖမ်းဆီးခေါ်ဆောင်သူများမှာ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်မှုရှိနေခြင်းကြောင့် ဖြစ်သည်ဟု ယင်းအဖွဲ့ မြို့နယ်တာဝန်ခံက သတင်းအေဂျင်စီများကို ဖြေကြားခဲ့သည်။ ထိုသို့ ၎င်းတို့အဖွဲ့အနေဖြင့် မြို့နယ်အတွင်းရှိ မူးယစ်ဆေးဝါးနှင့်ဆက်နွှယ်သူများကို ယခုကဲ့သို့ ဖမ်းဆီးမှုများမှာ ၁၃ ဦးရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ လက်ရှိတွင် မိုးကုတ်မြို့အနီး၌ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့မှုအရ မိုးကုတ်မြို့ပေါ်တွင် တိုက်ပွဲရှောင်တိုင်းရင်းသားများ ထောင်နှင့်ချီ ရောက်ရှိခိုလှုံမှုများလည်း ရှိနေသည်။

ယင်းသို့ မြို့ခံလူထုအပေါ် လက်နက်ကိုင်အဖွဲ့အစည်းများက ဖမ်းဆီးထိန်းသိမ်းခြင်း၊ ဆက်ကြေးတောင်းခံခြင်း၊ ခြိမ်းခြောက်ခြင်းများ ဆက်တိုက်ပေါ်ပေါက်နေသည့်အတွက် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ယင်းသို့ ပြုလုပ်ခြင်းများ ရပ်တန့်ပေးရန် မိုးကုတ်မြို့နယ်လုံးဆိုင်ရာ မြို့မိမြို့ဖအဖွဲ့က ဒီဇင်ဘာ ၅ ရက်တွင် စာဖြင့် မေတ္တာရပ်ခံပန်ကြားလွှာ ပေးပို့ထားကြောင်း သိရသည်။

ထို့ပြင် TNLA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ မြို့နေလူထုအပေါ် ဥပဒေမဲ့ ပြုကျင့်နေမှုများနှင့်ပတ်သက်၍ ယင်းသို့ ပြန်ပေးဆွဲခြင်း ၊ ဆက်ကြေးတောင်းခံခြင်းနှင့် ချုပ်နှောင်ဖမ်းဆီးထားခြင်းများကို ရပ်တန့်ပေးရန်နှင့် ထိုသို့ပြုလုပ်နေမှုများကို ရှုတ်ချကြောင်းကို ဒီဇင်ဘာ ၁၉ ရက်တွင် ဆန္ဒထုတ်ဖော်ရန် စီစဉ်ခဲ့သော်လည်း ဒေသအာဏာပိုင်အဖွဲ့အစည်းများက ခွင့်မပြုခဲ့ပေ။

Most Read

Most Recent