UDP ပါတီဥက္ကဋ္ဌ ဦးကျော်မြင့် (ခ) ဇခုန်ဇန်းဆောင်ကို ၁၉၉၉ ခုနှစ်က ထောင်ပြေးမှုဖြင့် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂ ရက်က တရားစွဲတင်ခဲ့သည်။
ဦးကျော်မြင့်သည် ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ်စီမံအက်ဥပဒေပုဒ်မ (၅) (ည) ဖြင့် ထောင်ဒဏ် ခုနစ်နှစ်၊ ပြစ်မှုပုဒ်မ ၁၈၉ အရ ထောင်ဒဏ် နှစ်နှစ် စုစုပေါင်းထောင်ဒဏ်ကိုးနှစ် ကျခံစေရန် ၁၉၉၈ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးက အမိန့်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။
ထို့နောက် ၎င်းသည် ရန်ကုန်အင်းစိန်ထောင်တွင် ထောင်ဒဏ် ခြောက်လ၊ မန္တလေး အိုးဘိုထောင်တွင် သုံးလ စုစုပေါင်း ကိုးလကျခံရပြီးနောက် ၁၉၉၉၊ ဇန်နဝါရီလတွင်းက ဆေးရုံတက်နေစဉ် ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ၁၉၉၉ ခုနှစ်က ထောင်ပြေးခဲ့သည့် ဦးကျော်မြင့်ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက် ညက ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီး မန္တလေးအိုးဘိုအကျဉ်းထောင်သို့ လွှဲပြောင်းပေးခဲ့သည်။ ၎င်းကျခံရမည့် ထောင်ဒဏ်များကို ကျခံစေရန်အတွက် အိုးဘိုထောင်သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကာ ထောင်ပြေးခဲ့သည့်အတွက်လည်း ထောင်ပြေးမှုဖြင့် အမှုရင်ဆိုင်ရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
သို့ဖြစ်၍ ဦးကျော်မြင့် ထွက်ပြေးခဲ့သည့် နေရာဖြစ်သော မန္တလေးဆေးရုံကြီးတည်နေရာ အပိုင်ဖြစ်သည့် အမှတ် (၈) ရဲစခန်းတွင် (ပ) ၁၁၇/ ၁၉၉၉၊ ပြစ်မှု ပုဒ်မ ၂၂၄ ဖြင့် အမှုဖွင့်ထားပြီးဖြစ်သောကြောင့် ချမ်းအေးသာစံ မြို့နယ်တရားရုံးတွင် အောက်တိုဘာ၂ ရက်က တရားစွဲတင်ခဲ့သည်။
ထောင်ပြေးမှုဖြင့် တရားစွဲတင်လာသည့် ဦးကျော်မြင့်ကို ရုံးထုတ်ရာတွင် ရဲတပ်ဖွဲ့လုံခြုံရေးအင်အား အများအပြားရယူခဲ့သလို သတင်းမီဒီယာများ သတင်းဓာတ်ပုံ ရိုက်ကူးခွင့် မရစေရန် ဒိုင်းများဖြင့် ကာထားခြင်းများ ပြုလုပ်ခဲ့ရုံမက ဦးကျော်မြင့်နှင့်အတူ ရဲတပ်ဖွဲ့ဝင်ခြောက်ဦးခန့်ကိုလည်း PPE ဝတ်စုံဆင်တူဝတ်ရုံသာမက ဖိနပ်အရောင်တူသည်ထိ ပြုလုပ်စေခဲ့သည်။
ထိုကဲ့သို့ လုံခြုံရေးအင်အားအများအပြား တရားရုံးတွင်း ရုံးပြင်ပရ ယူထားမှုနှင့် ပတ်သက်ပြီး မြို့နယ်တရားရုံးသို့ မေးမြန်းခဲ့ရာတွင်လည်း ရဲတပ်ဖွဲ့၏ဆောင်ရွက်ချက်သာ ဖြစ်သဖြင့် တရားရုံးအနေဖြင့်မှတ်ချက် မပြုလိုကြောင်း မြို့နယ်တရားသူကြီး ဦးကျော်မျိုးဝင်းက ပြောကြားသည်။
ဦးကျော်မြင့်ကို ကနဦးထောင်ပြေးမှု ပုဒ်မ ၂၂၄ဖြင့်တရားစွဲတင်ရာတွင် ၎င်းထောင်ပြေးစဉ်က တရားလိုစခန်းမှူးအား ဆက်သွယ်မရတော့သည့်အတွက် လက်ရှိစခန်းမှူးကသာ တရားလိုပြုလုပ်သက်သေ ထွက်ဆိုခဲ့သလို ဦးကျော်မြင့်ထွက်ပြေး လွတ်မြောက်မှုကြောင့် ထောင်ဒဏ်ကျခံခဲ့ရသည့် ထောင်းမှူးဟောင်း ဦးအေးချမ်း၊ အကျဉ်းဦးစီးမှ ဒုကြီးကြပ်ရေးမှူး၊လုံခြုံရေးဆောင်ရွက်ပေးခဲ့သည့် ရဲတပ်ဖွဲ့ဝင်ဟောင်းများက လာရောက်ထွက်ဆိုခဲ့ကြသည်။
အဆိုပါသက်သေလာရောက် ထွက်ဆိုကြသူများထဲတွင် ထောင်မှူးဟောင်းဖြစ်သူ ဦးအေးချမ်းသည် ဆရာတော် ဦးဣန္ဒြောဘာသအဖြစ် လာရောက်ထွက်ဆိုခဲ့ခြင်းဖြစ်သည်။
ဦးအေးချမ်းသည် ဦကျော်မြင့် ထောင်ပြေးစဉ်ကထောင်မှူးအဖြစ် တာဝန်ရှိသူဖြစ်သောကြောင့် ၎င်းသည် ထောင်ဒဏ်ကျခံခဲ့ရသလို ဝန်ထမ်းဘဝမှာလည်း ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။ အလားတူ ဦးကျော်မြင့် ဆေးရုံတက်နေစဉ် တာဝန်ကျလုံခြုံရေးရဲတပ်ဖွဲ့ဝင်များသည်လည်း ထောင်ဒဏ်များကျခံခဲ့ရသလို အလုပ်ပြုတ်ခဲ့ကြသည်။
ဦးကျော်မြင့်ကို ထောင်ပြေးမှုဖြင့် စစ်ဆေးမှုများပြုလုပ်ရာတွင် နှစ်ရက်တစ်ခါရုံးချိန်း ချိန်းဆိုမှုများ ပြုလုပ်သလို သက်သေများကိုလည်း တစ်ရက်တည်း သုံးဦးမှလေးဦးအထိ စစ်ဆေးခဲ့ပြီး အမှုအမြန်ပြီးပြတ်စေရန် ဆောင်ရွက်ခဲ့သည်။
အမှုကို စစ်ဆေးစဉ် ဦးကျော်မြင့်က ၎င်းသည် ထောင်ပြေးမဟုတ်ကြောင်း ငြင်းဆိုခဲ့သလို နဝတခေတ်က မတရားသဖြင့်ချမှတ်ထားသည့် ပြစ်ဒဏ်ဖြစ်သောကြောင့် ဒီမိုကရေစီ အစိုးရခေတ်တွင် ယင်းပြစ်ဒဏ် မရှိတော့ကြောင်း၊ သူ့အနေဖြင့် ထွက်ပြေးခဲ့ခြင်းမဟုတ်ဘဲ လမ်းအတူ လျှောက်သည့်ရဲက ဘုန်းကြီးကျောင်းထဲတွင် ထားခဲ့သဖြင့် ဘုန်းကြီးနှစ်ပါးက ကားဖြင့်ခေါ်ခဲ့ပြီး မြဝတီသို့ ပို့ဆောင်ခဲ့ကြောင်း၊ မြဝတီမှတစ်ဆင့် ထိုင်းနိုင်ငံ၊ ထိုမှတစ်ဆင့် နော်ဝေ၊ အမေရိကန်၊ ကနေဒါသို့ အဆင့်ဆင့် သွားရောက်နေထိုင်ခဲ့ကြောင်း၊ မြန်မာပြည်ပြန်လာမည့်အချိန်တွင် သံရုံးအရာရှိများကို ပြန်လာခွင့် ရှိ မရှိ မေးမြန်းခဲ့ရာ Black List မရှိသည့်အတွက် ဝင်ခွင့်ရှိကြောင်း ပြောကြားခဲ့သဖြင့် ပြန်လာခဲ့ကြောင်း၊ ထို့နောက် နေပြည်တော် အကျဉ်းဦးစီးဌာနသို့ သွားရောက်ကာ သူ၏ထောင်ဒဏ်အား ရင်ဆိုင်ဖြေရှင်းရန် စာရွက်စာတမ်းများ တောင်းဆိုခဲ့သော်လည်း သူ့အား တရားစွဲဆိုခဲ့သည့် ထောက်လှမ်းရေးအဖွဲ့စည်းမှာ ဖျက်သိမ်းခဲ့ပြီဖြစ်သောကြောင့် အမှုမရှိတော့ကြောင်း ပြောဆိုခဲ့ခြင်း စသည်တို့ကြောင့် ၎င်းအနေဖြင့် တရားဝင်ပြန်လာနေထိုင်ခြင်းသာဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
ထိုသို့အမှုကို တစ်လကျော်ကြာ စစ်ဆေးမှုပြုလုပ်ပြီးနောက် နိုဝင်ဘာ ၁၂ ရက်တွင် ထောင်ပြေးမှုအတွက် အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ်ကျခံစေရန် ချမ်းအေးသာစံမြို့နယ် တရားသူကြီး ဦးကျော်မျိုးဝင်းက အမိန့်ချမှတ်ခဲ့သည်။
ဆက်လက်ပြီး ဦးကျော်မြင့်ကို တရားမဝင် ဝင်ရောက်နေထိုင်မှု လဝကအက်ဥပဒေ ပုဒ်မ ၁၃ (၁) ဖြင့်လည်း တရားစွဲဆိုထားသော်လည်း အဆိုပါအမှုကို တခြားတရားရုံးတွင်သာ ပြောင်းလဲစွဲဆိုနိုင်ရန် နိုဝင်ဘာ ၂၅ ရက်က အမှုရုပ်သိမ်းခဲ့သည်။
ဦးကျော်မြင့်အနေဖြင့် မူလပြစ်ဒဏ် ထောင်ဒဏ်ကိုးနှစ်အပြင် ထောင်ပြေးခဲ့သည့်အတွက် ပြစ်ဒဏ် နှစ်နှစ်ထပ်တိုးကျခံရမည်ဖြစ်သလို ယခုအခါ ၎င်းကို ရန်ကုန်အင်းစိန်ထောင်သို့ ပို့ဆောင်ထားပြီး တခြားပုဒ်မများဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။









