စစ်တွေမြို ့တွင် ကိုဗစ်ရောဂါလက္ခဏာများ စတင်တွေ့ရှိရာမှ ရခိုင်ပြည်နယ်အတွင်း ရောဂါပိုး စတင်ပြန့်ပွားလာခဲ့ခြင်းနှင့် မန္တလေးခရိုင်အတွင်းနှင့် စစ်ကိုင်းတို့တွင် COVID-19 ကပ်ရောဂါ ဖြစ်ပွားမှု မြင့်တက်နေခြင်းနှင့် သေဆုံးမှုအခြေအနေကို ၂၀၂၀ ပြည့်နှစ်၏ ထင်ရှားသော အဖြစ်အပျက်အဖြစ် ဖော်ပြလိုက်ပါသည်။
စစ်တွေမြို့တွင် ၂၀၂၀ ပြည့်နှစ် သြဂုတ် ၁၂ ရက်က CB Bank ဝန်ထမ်းတစ်ဦးထံတွင် စတင်ပြီး ကိုဗစ်ရောဂါလက္ခဏာများ တွေ့ရှိရာမှ စတင်ပြီး ကိုဗစ်ရောဂါပိုး စတင်ပြန့်ပွားလာခဲ့သည်။ အဆိုပါဘဏ်ဝန်ထမ်းသည် ဇူလိုင် ၃၁ ရက်တွင် အခြားဝန်ထမ်း ခြောက်ဦးနှင့်အတူ ကျောက်ဖြူမြို့သို့ သွားရောက်ခဲ့သည်။ သြဂုတ် ၃ရက်တွင် ၄င်းသည် ပုဏ္ဏားကျွန်းသို့သွားရောက်ခဲ့သည်။ သြဂုတ် ၁၂ ရက်တွင် ၄င်းသည် အဖျားအနာရောဂါစွဲပြီး အနံ့ပျောက်သွားသည်။ စစ်တွေဆေးရုံ ကြီးကြပ်ရေးမှူး ဒေါက်တာဇော်လွင်က လူနာနှင့် သူမ၏အသက် ၄၀ အရွယ် မိခင်ဖြစ်သူအား ဆေးကုသမှု ခံယူနေသည့်ဆေးရုံသို့ တင်ထားရသည်ဟု စစ်တွေဆေးရုံအုပ်ကြီးထံမှ သိရသည်။
ယင်းနောက် လမ်းတချို့နှင့် နေအိမ်တချို့ကို Lockdown ပြုလုပ်ခဲ့သည်။ ခရီးသွားလာခြင်းများကို ရပ်နားထားခဲ့ရပြီး ရခိုင်ပြည်နယ်အနှံ့တွင် အဆိုပါရောဂါပျံ့နှံ့လာခဲ့သည်။ ယင်းသို့ဖြင့် ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ပထမလှိုင်း စတင်ကြီးထွားလာခဲ့သည်။ နိုဝင်ဘာလတွင် အနည်းငယ်လျော့ကျသွားခဲ့ပြီးနောက် ဒီဇင်ဘာလကုန်ပိုင်းတွင် ဒုတိယအကြိမ် ပြန်လည်ကာ ပိုးတွေ့လူနာများပြားလာခဲ့ပြီး သေဆုံးလည်း ပိုမိုများလာခဲ့သည်။
ဒီဇင်ဘာ ၁၉ ရက်စာရင်းများအရ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါပိုးကူးစက်ခံရသူပေါင်း ၄၀၁၀ ကျော်ရှိခဲ့ကာ သေဆုံးသူ ၃၂ ဦးအထိရှိခဲ့သည်။ ယင်းအနက် စစ်တွေပြည်သူ့ဆေးရုံတွင် ကုသမှုခံယူခဲ့သူ ၁၃၆၀ ရှိခဲ့ရာ သေဆုံးသူ ၁၇ ဦးရှိခဲ့ပြီး ယင်းအနက် ရောဂါအခံရှိသူ ၁၄ ဦးပါဝင်ကြောင်း စစ်တွေဆေးရုံအုပ်ကြီးထံမှ သိရသည်။
မြန်မာနိုင်ငံတွင် COVID-19 ကမ္ဘာ့ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့မှုမှာ အမေရိကန်နိုင်ငံမှ ပြန်ရောက်လာခဲ့သည့် အမျိုးသားတစ်ဦးထံက မတ် ၂၃ ရက်၌ ရောဂါပိုး စစ်ဆေးတွေ့ရှိရာမှ စတင်ခဲ့ခြင်းဖြစ်ပြီး မန္တလေးခရိုင်အတွင်း COVID-19 ကပ်ရောဂါစတင် ဖြစ်ပွားခဲ့မှုမှာလည်း အမေရိကန်နိုင်ငံမှပင် ပြန်ရောက်လာခဲ့သည့် အမျိုးသားတစ်ဦးထံမှ မတ် ၂၇ ရက်တွင် ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
မန္တလေးခရိုင်တွင် မတ် ၂၇ ရက်က COVID-19 ကပ်ရောဂါစတင်တွေ့ရှိခဲ့ခြင်းဖြစ်ရာ ရောဂါပိုးတွေ့ရှိခဲ့သည့် အမျိုးသားကို ကန်တော်နဒီ ကူးစက်ရောဂါဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုများဆောင်ရွက်ပေးခဲ့ပြီး ၎င်းအမျိုးသားနေထိုင်ခဲ့ရာ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ မြရည်နန္ဒာတိုက်ခန်းအချို့ကို တိုင်းအစိုးရက Semi Lockdown ချမှတ်ခဲ့သည်။ မန္တလေးမြို့တွင် အဆိုပါ အမျိုးသားထံမှ COVID-19 ရောဂါပိုးစစ်ဆေးမတွေ့ရှိမီ အချိန်ကပင် မန္တလေးခရိုင်အတွင်း ကန့်သတ်တားဆီးမိန့်အချို့ကို တိုင်းအစိုးရက ထုတ်ပြန်ခဲ့သည်။ ယင်းကဲ့သို့ ပထမအကြိမ် COVID-19 ကပ်ရောဂါစတင်ဖြစ်ပွားစဉ်က ပြည်သူလူထူအကြားစိုးရိမ်မှုများ မြင့်တက်ခဲ့သည့်အပြင် စျေးဝယ်စင်တာများ စျေးဆိုင်များတွင် လူစုလူဝေးဖြင့် တိုးဝှေ့ဝယ်ယူခြင်းများ ဖြစ်ပေါ်ခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလက COVID-19 ကပ်ရောဂါစတင်ဖြစ်ပွားခဲ့သည့် တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ပိတ်မိနေခဲ့သဖြင့် အစိုးရကအထူးလေယာဉ်အစီအစဉ်ဖြင့် သွားရောက်ခေါ်ဆောင်ခဲ့ပြီးနောက် ပြန်လည်ရောက်ရှိလာသည့် မြန်မာကျောင်းသားများကို လက်ရှိ COVID-19 လူနာများကို ကုသစောင့်ရှောက်မှုများပေးလျက်ရှိသည့် မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံတွင် ၁၄ ရက် Facility Quarantine ထားရှိခဲ့သည်။
COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့စဉ်က ရန်ကုန်နှင့်အခြားဒေသအချို့များ၌ ရောဂါဖြစ်ပွားသူဦးရေ မြင့်တက်နေသော်လည်း မန္တလေးတိုင်းဒေသကြီးနှင့် ခရိုင်အတွင်းတွင် တိုင်းဒေသကြီးအစိုးရက တားဆီးကန့်သတ်မိန့်များဖြင့် ထိန်ချုပ်ထားနိုင်ခဲ့ပြီး ရောဂါဖြစ်ပွားမှုနှုန်းမှာလည်း ရောဂါပိုး စတင်တွေ့ရှိခဲ့သည့် မတ်လမှ သြဂုတ်လလယ်ပိုင်းအထိ ဖြစ်ပွားသူဦးရေ လေးဦအထိသာရှိခဲ့ပြီး သေဆုံးသူမရှိခဲ့ပေ။ ထိုသို့ရောဂါထိန်းချုပ်မှုများ ပြုလုပ်နိုင်ခဲ့ခြင်းကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း ထုတ်ပြန်ထားသည့် စည်းကမ်းချက်များထဲမှ ဆိုင်ထိုင်စားသောက်ခွင့်ပြုခြင်း ခရီးသည်တင်ကားများ ပြေးဆွဲခွင့်ပြုခြင်း အစရှိသည့် စည်းကမ်းချက်အချို့ကို ဇွန်လအတွင်းက ဖြေလျော့မှုများပြုလုပ်ပေးခဲ့သည်။ သို့သော် သြဂုတ်လလယ်နောက်ပိုင်း ရခိုင်ပြည်နယ်မှ တစ်ကျော့ပြန်ဖြစ်ပွားလာခဲ့သည့် COVID-19 ကပ်ရောဂါမှစတင်ကာ ရောဂါဖြစ်ပွားသူဦးရေမှာ သြဂုတ်လနှောင်းပိုင်းနှင့် စက်တင်ဘာလဆန်းပိုင်းမှစတင်ကာ ရန်ကုန်နှင့် မန္တလေးတို့တွင် ဖြစ်ပွားမှုနှုန်းမြင့်တက်လာခဲ့သည်။
သြဂုတ်လတွင် ရခိုင်ပြည်နယ်မှ စတင်ခဲ့သည့် COVID-19 ဒုတိယလှိုင်းစတင်ခဲ့ချိန်မှ စတင်ကာ မန္တလေးတိုင်းဒေသကြီးနှင့် မန္တလေးခရိုင်အတွင်း ရောဂါဖြစ်ပွားသူဦးရေမှာ တဖြည်းဖြည်းမြင့်တက်လာခဲ့သည်။ မန္တလေးတိုင်းဒေသကြီးအတွင်း COVID-19 ဒုတိယလှိုင်းစတင်ဖြစ်ပွားရာတွင် မြင်းခြံမြို့နယ်အတွင်း ဖြစ်ပွားမှုများခဲ့ပြီးနောက် မန္တလေးခရိုင်အတွင်း၌ပါ ရောဂါပိုးတွေ့ရှိမှု မြင့်တက်လာခဲ့သည်။ မန္တလေးတိုင်းဒေသကြီးနှင့် မန္တလေးခရိုင်အတွင်း COVID-19 ရောဂါဖြစ်ပွားပြီး ပထမဆုံး လူသေဆုံးမှုမှာ စက်တင်ဘာ ၁၆ ရက်တွင် မဟာအောင်မြေမြို့နယ်မှ အသက် ၈၀ အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဒုတိယသေဆုံးခဲ့သူမှာ အောက်တိုဘာ ၃ ရက်တွင် အောင်မြေသာစံမြို့နယ်မှ အသက် ၇၆ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့သည်။
ထိုသို့ မန္တလေးခရိုင်အတွင်း ရောဂါဖြစ်ပွားမှုများပြားလာခြင်းကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စက်တင်ဘာ ၂၅ ရက်က ရောဂါဖြစ်ပွားသည့်မြို့နယ်များအား နေအိမ်တွင်နေထိုင်ရေး (Stay at Home) အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့ရာ ယင်းသို့ထုတ်ပြန်ခဲ့သည့်မြို့နယ်များအတွင်း မန္တလေးခရိုင်အတွင်းမှ အမရပူရ၊ ချမ်းအေးသာစံနှင့် မဟာအောင်မြေမြို့နယ်တို့ကို စက်တင်ဘာ ၂၆ ရက်မှ စတင်ကာ Stay at Home မြို့နယ်အဖြစ် အမိန့်ထုတ်ပြန်ရာ၌ ပါဝင်ခဲ့သည်။
နိုဝင်ဘာ ၈ ရက်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့ပြီးနောက် NLD ပါတီမှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အနိုင်ရရှိခဲ့ရာ ပါတီကို ဝန်းရံထောက်ခံသူများက လူစုလူဝေးများဖြင့် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များအတွင်း လှည့်လည်အောင်ပွဲခံမှုများလည်း ပြုလုပ်ခဲ့ကြသည်။ ထိုသို့ လူစုလူဝေးများဖြင့် လှည့်လည်အောင်ပွဲခံနေခြင်းကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နိုဝင်ဘာ ၁၀ ရက်က အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက်တွင် လူ ၃၀ ထက် ပိုမိုစုဝေးခြင်းမပြုရန် ထုတ်ပြန််ခဲ့သည်။ မန္တလေးတိုင်းဒေသကြီး အစိုးရမှလည်း အလားတူအမိန့်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ မန္တလေးတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလကုန်အထိ ရောဂါဖြစ်ပွားသူ စုစုပေါင်း ၆၀၀၀ ကျော်နှင့် သေဆုံးသူ စုစုပေါင်း ၅၄ ဦးအထိ ရောက်ရှိလာခဲ့ပြီး မန္တလေးခရိုင်မှာ ရောဂါဖြစ်ပွားသူ ၄၈၅၉ ဦးနှင့် သေဆုံးသူ ၄၇ ဦးတို့ဖြင့် တိုင်းအတွင်း အမြင့်ဆုံးစံချိန်အဖြစ် တည်ရှိနေခဲ့သည်။
မန္တလေးခရိုင်အတွင်း၌ COVID-19 ရောဂါဖြစ်ပွားသူဦးရေနှင့် သေဆုံးသူဦးရေ များပြားလာနေခြင်းကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီဇင်ဘာ ၂ ရက်တွင် အချက် ၁၇ ချက်ပါ အသိပေးကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး မန္တလေးခရိုင် ခုနစ်မြို့နယ်ကို Stay at Home အစီအစဉ် ကြေညာခဲ့သည်။ မန္တလေးခရိုင်အတွင်း Stay at Home သို့မဟုတ် Semi Lockdown အစီအစဉ်ကို တိုင်းဒေသကြီးအစိုးရက ဒီဇင်ဘာ ၅ ရက်မှ ၁၈ ရက်အထိ သီတင်းနှစ်ပတ်ကြာ ပြုလုပ်ခဲ့ကာ ထုတ်ပြန်ထားသည့် အမိန့် ညွှန်ကြားချက်များအား လိုက်နာခြင်းမရှိသူများကို ငွေဒဏ်အဖြစ် ကျပ် ၅၀၀၀ ရိုက်ခဲ့သည်။ မန္တလေးခရိုင်အတွင်း Semi Lockdown ပြုလုပ်ရာတွင် စီမံခန့်ခွဲမှုအားနည်းချက်များကြောင့် ဝေဖန်မှုများထွက်ပေါ်ခဲ့ပြီး မြို့နယ်ကျော်လွန်ကာ ဝင်ထွက်သွားလာခွင့်ကတ် ပြုလုပ်ရာ၌ လူစုလူဝေးများ အချိန်ကြာမြင့်စွာဖြစ်ပေါ်ခဲ့သည်။ တိုင်းဒေသကြီးအစိုးရ၏ Stay at Home အစီအစဉ်ကြောင့် အခြေခံလူတန်းစားများ အပါအဝင် ပြည်သူများ အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့သဖြင့် ဝေဖန်ထောက်ပြမှုများစွာ ဖြစ်ပေါ်ခဲ့ရသည်။
ထိုသို့ ဝေဖန်မှုများအကြား မန္တလေးခရိုင်အတွင်း သီတင်းနှစ်ပတ်ကြာပြုလုပ်ခဲ့သည့် Stay at Home အစီအစဉ်ကို တိုင်းအစိုးရက ဒီဇင်ဘာ ၁၈ ရက်တွင် ရုပ်သိမ်းပေးခဲ့ပြီး Stay at Home ကာလအတွင်း စည်းကမ်း မလိုက်နာသူများအား ငွေဒဏ်ရိုက်၍ အရေးယူရာမှ ငွေကျပ် သိန်း ၆၀၀ ကျော် ရရှိခဲ့ပြီး အဆိုပါ ငွေကြေးများကို မန္တလေးခရိုင်အတွင်းရှိ ပြည်သူလူထုအတွက် ပြန်လည်အသုံးပြုမည်ဟု တိုင်းအစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။
လက်ရှိတွင် တိုင်းဒေသကြီးအစိုးရက မန္တလေးခရိုင်အတွင်း COVID-19 စည်းကမ်းချက်များနှင့်ကိုက်ညီသည့် စားသောက်ဆိုင်များကို ဆိုင်ထိုင်စားသောက်ခွင့်ပြုပေးခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက Stay at Home ထုတ်ပြန်ထားသည့် အမရပူရ၊ မဟာအောင်မြေနှင့် ချမ်းအေးသာစံမြို့နယ်များရှိ ဆိုင်များအား ပါဆယ်စနစ်သာ ရောင်းချခွင့်ပြုပေးထားသည်။ မန္တလေးခရိုင်အတွင်း ပိုးတွေ့ရှိမှုအများဆုံးမြို့နယ်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Stay at Home အမိန့်ထုတ်ပြန်ကြေညာထားရာတွင် ပါဝင်ခြင်းမရှိသည့် အောင်မြေသာစံမြို့နယ်ဖြစ်ပြီး အဆိုပါမြို့နယ်မှာ ဒီဇင်ဘာ ၂၁ ရက်အထိ ပိုးတွေ့ရှိသူ ဦးရေစုစုပေါင်း ၁၈၇၀ ကျော်နှင့် သေဆုံးသူ ၄၀ ကျော်ဖြင့် အမြင့်ဆုံးဖြစ်နေကြောင်း စာရင်းများအရ သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာ တတိယအပတ်အထိ COVID-19 ရောဂါဖြစ်ပွားသူ စုစုပေါင်း ၁၁၇၀၀ ကျော်နှင့် သေဆုံးသူ ၁၈၀ ကျော်သို့ ရောက်ရှိနေကြောင့် တိုင်းဒေသကြီး ကိုဗစ်ကော်မတီ၏ စာရင်းမှတ်တမ်းများအရ သိရသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါဖြစ်ပွားသူဦးရေနှင့် သေဆုံးမှုဦးရေ အများဆုံးမှာ မန္တလေးခရိုင် ခုနစ်မြို့နယ်အတွင်းဖြစ်ပြီး မန္တလေးခရိုင်အတွင်း ဒီဇင်ဘာ ၂၁ ရက်အထိ ရောဂါဖြစ်ပွားသူ စုစုပေါင်း ၉၅၇၄ ဦးနှင့် သေဆုံးသူ ၁၅၂ ဦးဖြင့် အများဆုံးဖြစ်ကြောင်း သိရသည်။
ထို့ပြင်စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်ပေါင်း ၃၁ မြို့နယ်တွင် COVID-19 ကူးစက်ခံခဲ့ရမှုကြောင့် လူနာပေါင်း ၁၁၈၃ ဦးအထိ ရှိခဲ့သည့်အနက် သေဆုံးသူ လူနာပေါင်း ၁၂ ဦး ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
တိုင်းအတွင်း COVID-19 ရောဂါကူးစက်ခံခဲ့ရမှုအများဆုံးမြို့နယ်များမှာ ရွှေဘိုမြို့နယ်၊ ကလေးမြို့နယ်နှင့် စစ်ကိုင်းမြို့နယ်တို့ ဖြစ်ကြပြီး ရွှေဘိုမြို့နယ်တွင် COVID-19 အတည်ပြုလူနာ ၁၆၅ ဦး၊ ကလေးမြို့နယ်တွင် ၃၃၂ ဦး စစ်ကိုင်းမြို့နယ်တွင် ၃၂၈ ဦးတို့ ဖြစ်ကြကြောင်း သိရသည်။
COVID-19 ကူးစက်ခံခဲ့ရမှုကြောင့် လူနာသေဆုံးခဲ့သည့်မြို့နယ်များမှာ ကလေးမြို့နယ်တွင် သုံးဦး၊စစ်ကိုင်းမြို့နယ်တွင် တစ်ဦး မုံရွာမြို့နယ်တွင် တစ်ဦး ၊ရွှေဘိုမြို့နယ်တွင် နှစ်ဦး၊ ကန့်ဘလူမြို့နယ်တွင် တစ်ဦး၊ အရာတော်မြို့နယ်တွင် တစ်ဦးတို့ ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။









