COVID-19 ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ စက်ရုံများသည် ဖွင့်တစ်ခါ၊ ပိတ်တစ်လှည့်ဖြင့် လည်ပတ်ခဲ့ရပြီး စက်ရုံများတွင် အလုပ်ဆင်းရသည့် အလုပ်သမားများသည်လည်း COVID-19 ရောဂါအကြား အလုပ်ဆင်းခဲ့ရသည့်အတွက် ယခုနှစ်၏ ထင်ရှားကျော်ကြားဖြစ်စဉ်အဖြစ် ဖော်ပြအပ်ပါသည်။
မြန်မာနိုင်ငံတွင် မတ် ၂၃ ရက်မှစတင်ပြီး COVID-19 ရောဂါအတည်ပြုလူနာ စတင်တွေ့ရှိခဲ့ပြီးနောက် ရောဂါတွေ့ရှိမှုမှာ တဖြည်းဖြည်းတိုးပွားလာခဲ့သည်။ မတ်လကုန် သင်္ကြန်ကာလဖြစ်သည့် ဧပြီလတွင် အစိုးရက သင်္ကြန်ပွဲတော်ကျင်းပခွင့်ပိတ်လိုက်ပြီး ပြည်သူများကို Stay at Home နေထိုင်ရန် အမိန့်ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။ ယင်းနောက် သင်္ကြန်ပွဲတော်ကာလပြီးနောက် ရောဂါတွေ့ရှိမှု လျော့မသွားသည့်အတွက် အလုပ်သမားများစွာလုပ်ကိုင်နေသည့် စက်ရုံ၊ အလုပ်ရုံများကို ဧပြီ ၂၀ ရက်မှ ဧပြီလကုန်အထိ လုပ်ငန်းလည်ပတ်ခွင့်မပြုဘဲ အစိုးရက ယာယီရပ်ဆိုင်းခဲ့သည်။
ဧပြီလကုန်ပြီးနောက် ရောဂါတွေ့ရှိမှုသည်လည်း သိသိသာသာကျဆင်းလာသောကြောင့် စက်ရုံ၊ အလုပ်ရုံအားလုံး ပုံမှန်အတိုင်းပြန်ဖွင့်ပြီး အလုပ်သမားများလည်း လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ကာ ပြန်လည်အလုပ်လုပ်ကိုင်ခဲ့ကြသည်။
ထိုသို့ ရောဂါတည်ငြိမ်ကာ လုပ်ငန်းများ ပြန်လည်လုပ်ကိုင်ခွင့်ရသည်မှာ လပိုင်းမျှသာဖြစ်ခဲ့သည်။ သြဂုတ်လနှောင်းပိုင်းမှ စ၍ ပြည်တွင်းကူးစက်မှု ပြန်လည်စတင်လာသည့်အတွက် COVID-19 ရောဂါ ဒုတိယလှိုင်းသဖွယ် ဖြစ်လာခဲ့သည်။ ပြန်လည်စတင်လာသည့် COVID-19 ဒုတိယလှိုင်းမှာ တဖြည်းဖြည်းကြီးထွားလာကာ တစ်စတစ်စ ရောဂါကူးစက်မှုသည်လည်း တစ်ရှိန်ထိုးမြှင့်တက်လာပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ပို၍ကူးစက်မှုမြန်ဆန်လာခဲ့သည်။
ပထမအကြိမ် အမိန့်ညွှန်ကြားစာနှင့်အတူ ယာယီပိတ်လိုက်သည့် စက်ရုံ၊ အလုပ်ရုံများ
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရောဂါကူးစက်မှု ပို၍မြန်ဆန်လာခြင်းကြောင့် အစိုးရက စက်တင်ဘာ ၂၀ ရက်ညပိုင်းတွင် အမိန့်ညွှန်ကြားစာတစ်စောင်ထုတ်ပြန်ခဲ့သည်။ ၎င်းအမိန့်ညွှန်ကြားစာမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရောဂါကူးစက်မှုပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ကိုကိုးကျွန်းမြို့နယ်မှအပ ကျန်မြို့နယ်အားလုံး စက်တင်ဘာ ၂၁ ရက်မှစတင်ကာ Stay at Home နေထိုင်ရမည့်အပြင် အစိုးရဌာနများ၊ ဆေးဝါး၊ စားသောက်ကုန်လုပ်ငန်းများနှင့် နေ့စဉ်တစ်ကိုယ်ရည်သုံးပစ္စည်း ထုတ်လုပ်သည့်စက်ရုံများမှအပ ကျန်အဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်သူများအား စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၇ ရက်အထိ နှစ်ပတ်တိတိ လုပ်ငန်းခွင်သွားရောက်ခွင့်မပြုကြောင်း ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်ကြောင့် စက်တင်ဘာ၂၄ ရက်မှစတင်၍ အစိုးရဌာနများ၊ ဘဏ်များ၊ ဆေးဝါး၊ စားသောက်ကုန်လုပ်ငန်းများနှင့် နေ့စဉ်တစ်ကိုယ်ရည်သုံးပစ္စည်းထုတ်လုပ်သည့် စက်ရုံများမှအပ ကျန်အဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် ကုန်ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်သော လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံအားလုံး ယာယီပိတ်သိမ်းခဲ့ရသည်။ ထိုသို့ CMP စက်ရုံ၊ အလုပ်ရုံများ ယာယီပိတ်သိမ်းရသဖြင့် CMP စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်ကြသော အလုပ်သမား ငါးသိန်းဝန်းကျင်မှာ Stay at Home နေထိုင်ခဲ့ရသည်။ အစိုးရက ထုတ်ပြန်သည့် အမိန့်ညွှန်ကြားစာကြောင့် စက်တင်ဘာ ၂၄ ရက်မှစ၍ Stay at Home နေရသည့် CMP စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများကို အစိုးရက လူမှုဖူလုံရေးကြေး ရာခိုင်နှုန်း ၄၀ ပေးခဲ့သည်။
အစိုးရက ရောဂါကူးစက်မှုကို ထိန်းချုပ်ရန်အတွက် ယင်းကဲ့သို့ အမိန့်ညွှန်ကြားစာဖြင့် စက်ရုံ၊ အလုပ်ရုံများကို ယာယီပိတ်လိုက်သော်လည်း အလုပ်သမားများမှာ လကုန်လျှင် အဆိုပါပိတ်လိုက်သည့် ရက်ကာလအပိုင်းအခြားကို လုပ်ခလစာမရရှိချေ။ ယင်းကာလအတွင်း လုပ်ခလစာပေးသည့် စက်ရုံမှာ အနည်းအကျဉ်းသာရှိခဲ့သည်။ စက်ရုံအများစုမှာ အစိုးရက တရားဝင်ပိတ်လိုက်ခြင်းဖြစ်သည့်အတွက် လုပ်ခလစာ မပေးခြင်းဖြစ်ကြောင်း အလုပ်သမားများ၏ ပြောကြားချက်အရ သိရသည်။
ညွှန်ကြားစာ နှစ်ပတ်ပြည့်ခါနီးအချိန်၊ အလုပ်ရှင်၊ အလုပ်သမား စက်ရုံဖွင့်ရန် မျှော်လင့်နေချိန်တွင် ထပ်မံထွက်ပေါ်လာသည့် ဒုတိယအကြိမ် အမိန့်ညွှန်ကြားစာ
စက်ရုံ၊ အလုပ်ရုံပိုင်ရှင်များသည် အစိုးရက ထုတ်ပြန်သည့် Stay at Home နှစ်ပတ်တာ ကာလနေထိုင်ပြီးလျှင် ၎င်းတို့၏ စက်ရုံ၊ အလုပ်ရုံများကို ပြန်လည်ဖွင့်လှစ်ခွင့်ရမည်ဟု မျှော်လင့်ချက်ဖြင့် နေထိုင်ခဲ့ကြသည်။ ထိုသို့ စက်ရုံ၊ အလုပ်ရုံပိုင်ရှင်များနည်းတူ ယင်းစက်ရုံ၊ အလုပ်ရုံတွင် လုပ်ကိုင်နေကြသော အလုပ်သမားများသည်လည်း Stay at Home နှစ်ပတ်တာကာလနေထိုင်ပြီးလျှင် လုပ်ငန်းခွင်များသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့် ရရှိကြမည်ဟု မျှော်လင့်ချက်ထားပြီး စောင့်ဆိုင်းခဲ့ကြသည်။ တစ်ဖက်တွင်လည်း ရန်ကုန်မြို့တွင်းရှိ ရောဂါကူးစက်မှုနှုန်းမှာ လျော့မသွားဘဲ တစ်နေ့ထက်တစ်နေ့ ပိုတိုးလာခဲ့သည်။
ထိုသို့ရောဂါကူးစက်မှု လျော့မသွားခြင်းကြောင့် အစိုးရက ယခင်ထုတ်ပြန်ထားသော CMP အလုပ်သမားများအား လုပ်ငန်းခွင် သွားရောက်ခွင့်မပြုသော အမိန့်ညွှန်ကြားစာ နှစ်ပတ်ပြည့်ခါနီးချိန် အောက်တိုဘာ ၅ ရက်ညပိုင်းတွင် အမိန့်ညွှန်ကြားစာတစ်စောင် ထပ်မံထုတ်ပြန်ခဲ့သည်။ ထပ်မံ ထုတ်ပြန်သည့် အမိန့်ညွှန်ကြားစာမှာ ကုန်ကြမ်းယူ၊ ကုန်ကြမ်းပေးဆောင်ရွက်သော CMP စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်သည့် အလုပ်သမားများကို အောက်တိုဘာ ၈ ရက်မှ အောက်တိုဘာ ၂၁ ရက်အထိ နှစ်ပတ်တာကာလကို လုပ်ငန်းခွင် သွားရောက်ခွင့်မပြုရန် ရက်တိုးပြီး ထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်ကြောင့် စက်ရုံ၊ အလုပ်ရုံပိုင်ရှင်များ၏ စက်ရုံပြန်လည်ဖွင့်လိုသည့်အခွင့်အရေး၊ အလုပ်သမားများ၏ ပြန်လည်အလုပ်လုပ်ကိုင်လိုသည့် မျှော်လင့်ချက်များမှာ နှစ်ပတ်ထပ်စောင့်ခဲ့ရသည်။
အဆင့်သတ်မှတ်ချက်များဖြင့် ဖွင့်ခွင့်ပြုလိုက်သည့် စက်ရုံများနှင့် ကိုဗစ်ရောဂါအကြား အလုပ်ဆင်းရသည့် အလုပ်သမားများ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အောက်တိုဘာ ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လက်ခစားလုပ်ငန်း CMP စက်ရုံ၊ အလုပ်ရုံများ၊ အသေးစား၊ အလတ်စားလုပ်ငန်းများ အဆင့် A ရရှိအောင် ပြင်ဆင်ထားပါက အောက်တိုဘာ ၁၂ ရက်မှစ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ပြန်လည်လုပ်ကိုင်ခွင့်ပြုမည်ဟု ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်ကြောင့် အောက်တိုဘာ ၁၂ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အဆင့် A ရရှိသည့် လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်ခဲ့သည်။
ထိုသို့ အဆင့်သတ်မှတ်ချက်များဖြင့် ပြန်လည်ဖွင့်လှစ်ခဲ့သည့် စက်ရုံအများစုမှာ ယခင်ကိုဗစ်ပထမလှိုင်းတွင် အဆင့် A ရရှိထားသည့် စက်ရုံများဖြစ်သည်။ ယင်းစက်ရုံများ၏ အဆင့်သတ်မှတ်ချက်များသည် ပြီးခဲ့သည့် ကိုဗစ်ပထမလှိုင်းကာလ ဧပြီလကတည်းက သတ်မှတ်ထားသည့် စက်ရုံများဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လတ်တလော ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ထားခြင်းမရှိခြင်းကြောင့် စက်ရုံများ ပြန်လည်ဖွင့်လှစ်သည့်အပေါ် ဝေဖန်မှုများ ရှိခဲ့သည်။
အဆင့် A ရရှိပြီး ဖွင့်လှစ်ခွင့်ရခဲ့သည့် စက်ရုံများနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအနေဖြင့် တရားဝင်ထုတ်ပြန်ပေးထားခြင်းမရှိသလို စက်ရုံမည်မျှကို မည်သည့်အဆင့်သတ်မှတ်ချက်များနှင့် ပြန်လည်လုပ်ကိုင်ခွင့် ပြုမည်ဆိုခြင်းကိုလည်း ထုတ်ပြန်ပေးထားခြင်းမရှိကြောင်း We Generation Network ၏ ဒါရိုက်တာဖြစ်သူ ဦးနန္ဒာစစ်အောင်က ပြောကြားသည်။
လှိုင်သာယာမြို့နယ်၊ လှိုင်သာယာစက်မှုဇုန်တွင် အောက်တိုဘာ ၁၂ ရက်မှစ၍ လေးရက်တာကာလအတွင်း စက်ရုံ ၅၀ အထိ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သလို စက်ရုံ၊ အလုပ်ရုံ ၄၀၀ ကျော်ရှိသည့် ရွှေလင်ဗန်း စက်မှုဇုန်တွင်လည်း အောက်တိုဘာ ၁၂ ရက်မှစတင်၍ လေးရက်တာကာလအတွင်း အဆင့် A,B သတ်မှတ်ချက်ရရှိသည့် စက်ရုံ၊ အလုပ်ရုံ ၇၆ ရုံအထိ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း စက်မှုဇုန် ကော်မတီအတွင်းရေးမှူးများ၏ ပြောကြားချက်အရ သိရသည်။
စက်ရုံ၊ အလုပ်ရုံများအား အစိုးရက သတ်မှတ်ပေးသည့် အဆင့်သတ်မှတ်ချက်တွင် အချက် ၁၀ ချက် ပါဝင်သည့်အပြင် အခြေခံအချက်များဖြစ်သည့် ဖယ်ရီကားပေါ် စတက်သည့်အချိန်မှစတင်ကာ လုပ်ငန်းခွင်အတွင်း ဝင်ရောက်ခြင်း၊ Mask တပ်ရခြင်း၊ Face shield တပ်ရခြင်း၊ လက်ဆေးရခြင်း၊ စက်ရုံအတွင်း ကိုဗစ်အသိပညာပေးဗွီနိုင်းများ ကပ်ထားရခြင်းနှင့် ထမင်းစားရာတွင် သုံးပေခွာရခြင်း စသည့် အခြေခံအချက်များလည်း ပါဝင်သည်။
ယင်းကဲ့သို့ အဆင့်သတ်မှတ်ချက်များဖြင့် စက်ရုံများပြန်လည်ဖွင့်လှစ်သော်လည်း ယင်းစက်ရုံများသို့ သွားရောက်အလုပ်လုပ်ကိုင်သည့် အလုပ်သမားများမှာ လူအင်အားများသည့်အတွက် ၎င်းတို့၏ကျန်းမာရေး အာမခံချက်များနှင့်ပတ်သက်၍လည်း အလုပ်သမားသမဂ္ဂအဖွဲ့အစည်းများက မေးခွန်းထုတ်ခဲ့ကြသည်။
စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများမှာ စုပ်လည်းစူး၊ စားလည်းရူးအခြေအနေသို့ ရောက်ရှိနေကြောင်း၊ ကိုဗစ်ရောဂါကူးစက်မှု များပြားနေသည့်အတွက် စက်ရုံများမဖွင့်လျှင် အစိုးရသည် လုပ်ခလစာကို တာဝန်ယူပေးနိုင်ခြင်းမရှိကြောင်း၊ စက်ရုံ၊ အလုပ်ရုံများ ပြန်ဖွင့်သည့်အခါတွင်လည်း အစိုးရအနေဖြင့် ဘေးအန္တရာယ်ကင်းပြီး လုံခြုံစိတ်ချရသည့် လုပ်ငန်းခွင်ဖြစ်အောင် ဖန်တီးပေးနိုင်ခြင်းမရှိကြောင်း မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်မှ ကိုသက်နှင်းအောင်က ပြောကြားသည်။
လက်ရှိအချိန်တွင် ရန်ကုန်တိုင်းအတွင်း ကိုဗစ်ရောဂါတွေ့ရှိမှုမှာ လျော့ကျသွားခြင်းမရှိဘဲ ပုံမှန်အတိုင်း တိုးပွားနေသည်ကို တွေ့ရသည်။ တစ်ဖက်တွင်လည်း CMP စက်ရုံ၊ အလုပ်ရုံများမှာလည်း အားလုံး ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နေပြီး အလုပ်သမားများမှာလည်း ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းခွင်သို့ ပုံမှန်ဝင်ရောက်နေကြသည်။ ကိုဗစ်ရောဂါကြောင့် အချို့စက်ရုံများ ဆက်လက်လည်ပတ်နိုင်ခြင်းမရှိသည့်အတွက် လုံးဝပိတ်သိမ်းခဲ့ရသည်။









