၂၀၂၀ အတွင်း Mask တပ်ဆင်၍ လုယက်မှုများနှင့် သတင်းစာများပေါ်မှ လုယက်မှုဖြစ်စဉ်များ

၂၀၂၀ အတွင်း Mask တပ်ဆင်၍ လုယက်မှုများနှင့် သတင်းစာများပေါ်မှ လုယက်မှုဖြစ်စဉ်များ
မြောက်ဒဂုံမြို့နယ် CB Bank တွင် ၂၀၂၀ ဖေဖော်ဝါရီ ၇ ရက်က ဖြစ်ပွားခဲ့သည့် ဘဏ်အတွင်း သေနတ်ပြ လုယက်မှုဖြစ်စဉ်၌ တရားခံမှ ဘဏ်အတွင်းထားခဲ့သည့် ဗုံးဟုယူဆရသည့်အရာတစ်ခုအား တွေ့ရစဉ်
မြောက်ဒဂုံမြို့နယ် CB Bank တွင် ၂၀၂၀ ဖေဖော်ဝါရီ ၇ ရက်က ဖြစ်ပွားခဲ့သည့် ဘဏ်အတွင်း သေနတ်ပြ လုယက်မှုဖြစ်စဉ်၌ တရားခံမှ ဘဏ်အတွင်းထားခဲ့သည့် ဗုံးဟုယူဆရသည့်အရာတစ်ခုအား တွေ့ရစဉ်
Published 3 January 2021
သီဟအောင်

၂၀၂၀ ပြည့်နှစ်အတွင်း COVID-19 ရောဂါဖြစ်လာပြီးနောက်တွင် လုယက်သူအများစုမှာ ကျန်းမာရေးအတွက် တပ်ဆင်ရသည့် Mask များ အသုံးပြု၍ လုယက်မှုများ ကျုးလွန်လာသည်ကို တွေ့မြင်ခဲ့ရသည်မှာလည်း ထူးခြားသည့်ဖြစ်စဉ်ဖြစ်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် သေနတ်အတု၊ ဗုံးအတုအသုံးပြုပြီး ဘဏ်အတွင်းဝင်၍ လုယက်ခဲ့သည့် ဖြစ်စဉ်အပါအဝင် အခြားလုယက်မှုများစွာဖြစ်ပွားခဲ့သည်။

ဖေဖော်ဝါရီ ၇ ရက် နံနက် ၉ နာရီခန့်တွင် မြောက်ဒဂုံမြို့နယ် ၃၅ ရပ်ကွက် ပင်လုံလမ်းပေါ်ရှိ CB Bank တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဦးထုပ်နှင့် ြေျု တပ်ထားသည့် အမျိုးသားတစ်ဦးက ဘဏ်၏ဘေးဘက်အပေါက်မှ စတင်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါအမျိုးသားသည် ဘဏ်အတွင်း သေနတ်ပြကာ ဘဏ်ဝန်ထမ်းထံမှ တစ်သောင်းတန်ခြောက်စည်း စုစုပေါင်း ကျပ်သိန်း ၆၀၀ ယူဆောင်ခဲ့ကြောင်း၊ ယင်းနောက် ဘဏ်အတွင်း ဗုံးဟုယူဆရသည့်အရာ နှစ်ခုထား၍ အပြင်သို့ထွက်သွားခဲ့သည်။

ယင်းနောက် အဆိုပါအမျိုးသားမှာ ဘဏ်အပြင်သို့ထွက်ပြီး ဘဏ်အနီးပတ်ဝန်းကျင်ရှိ အငှားယာဉ်တစ်စီးပေါ်တက်၍ ထွက်ပြေးသွားခဲ့သည်။

အခင်းဖြစ်ပွားရာနေရာသို့ တပ်မတော်မှ တာဝန်ရှိသူများ၊ စသုံးလုံးမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အခြားတာဝန်ရှိသူများ လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ CB Bank က ဖြစ်စဉ်ကိုထုတ်ပြန်ခဲ့ပြီး အမျိုးသားတစ်ဦးမှာ ဘဏ်အတွင်းဝင်ပြီး ကျပ်သိန်း ၆၀၀ ယူဆောင်သွားခဲ့ကြောင်း၊ ဘဏ်ဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း၊ ဘဏ်အနေဖြင့် လုံခြုံရေးတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့အတူ  ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းကလည်း လူသွားလူလာမပြတ်သည့် ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်းရှိ ဇောတိက သင်္ဃန်းတိုက်အတွင်းသို့ လူတစ်ဦးက ဆိုင်အတွင်းသို့ ဝင်လာပြီး အရောင်းဝန်ထမ်းအမျိုးသမီးကို ဓားဖြင့်ထောက်၍ ငွေများလုယက်မှုဖြစ်ပွားခဲ့သည်။

အလားတူ ဖေဖော်ဝါရီ ၇ ရက် ညပိုင်းကလည်း ဗဟန်းမြို့နယ် ရေခဲဆိုင်မှတ်တိုင်အနီးရှိ ဖက်ရှင်ဆိုင်တစ်ဆိုင်အတွင်းသို့ အမျိုးသားတစ်ဦးက Mask တပ်၊ ဦးထုပ်ဆောင်းပြီး ကောင်တာမှ အမျိုးသားအား ဓားပြခြိမ်းခြောက်၍ ငွေများလုယက်မှု ဖြစ်ပွားခဲ့သည်။

ဧပြီ ၆ ရက် နံနက်ပိုင်းတွင် ပုဇွန်တောင်မြို့နယ်၊ အနော်ရထာလမ်းနှင့် လမ်း ၅၀ ထောင့်ရှိ ABC စတိုးဆိုင်အတွင်းသို့ နှာခေါင်းစည်းတပ်ဆင်ထားသည့် အမျိုးသားနှစ်ဦး ဝင်ရောက်လာပြီး ဆိုင်ဝန်ထမ်း အမျိုးသမီးနှစ်ဦးကို ပုလင်းဖြင့်ရိုက်ကာ ကောင်တာအံဆွဲအတွင်းမှ ငွေများလုယက်မှုဖြစ်ပွားခဲ့သည်။

ထို့အတူ ရွှေပြည်သာမြို့နယ်တွင် အမျိုးသားနှစ်ဦးက အလုပ်မှပြန်လာသည့် လင်မယားနှစ်ဦးအနက် ခင်ပွန်းကို ဓားဖြင့် ခုတ်ပြီး ဇနီးဖြစ်သူအား ဓားထောက်အဓမ္မပြုကျင့်ပြီး ဖုန်းလုယက်မှုလည်း ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၇ ရက် ည ၈ နာရီ မိနစ် ၃၀ တွင် ရွှေပြည်သာမြို့နယ်၊ (၁၇/ ဒ) ရပ်ကွက်၊ အပိုင်း (၅)၊ ရှင်စောပုလမ်းနေ တရားလို မ . . . သည် ၀ါးတစ်ရာစက်မှုဇုန်၊ ၀ါးတစ်ရာ ပရီမီယာအထပ်သားစက်ရုံမှ အလုပ်ဆင်းပြီး ခင်ပွန်းဖြစ်သူနှင့်အတူ စက်ဘီးစီး၍ပြန်လာစဉ် အမည်မသိအမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး “ မင်းတို့မှာ ဘာတွေရှိလဲ။ ရှိတာထုတ်ပေး” ဟု ပြောဆိုသဖြင့် Huawei-610 အမျိုးအစား ဖုန်းတစ်လုံး ထုတ်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် လူတစ်ဦးက အမျိုးသမီး၏ခန္ဓာကိုယ်ကို ပွတ်သပ်ကိုင်တွယ်သဖြင့် ခင်ပွန်းဖြစ်သူက ထိုလူကို လက်သီးဖြင့် ထိုးခဲ့ကြောင်း၊ ထိုစဉ် အရပ်ရှည်ရှည် အမျိုးသားတစ်ဦးက အရှည်တစ်ပေခွဲခန့်ရှိ ဓားဖြင့် ခုတ်သောကြောင့် ခင်ပွန်းဖြစ်သူ၏ ယာဘက်လက်ချောင်းများတွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ထို့ပြင် အမျိုးသမီးကို “နင် မအော်နဲ့” ဟု ဆိုကာ ဓားဖြင့်ထောက်၍ ဖုန်းကို လုယူကာ ဆိုင်ကယ်ပေါ်တင်ဆောင်ပြီး ၁၉ ရပ်ကွက် လမ်းဘေးလူရှင်းသည့် နေရာအရောက်တွင် အရပ်ရှည်ရှည်အမျိုးသားက သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အရပ်ပုပု အမျိုးသားက သားမယားအဖြစ်ပြုကျင့်ရန်ပြုလုပ်စဉ် ရပ်ကွက်အတွင်းမှ ဆိုင်ကယ်မီးရောင်များကြောင့် အဆိုပါ အမည်မသိအမျိုးသားနှစ်ဦးမှာ ထွက်ပြေးသွားသဖြင့် ၎င်းတို့နှစ်ဦးအား စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့သည်။

ယင်းနောက် အဆိုပါအမှုမှ ကျူးလွန်သူ ညီညီထွန်း အမှတ် ၄၉၂၊ စွယ်တော် ၁၁ လမ်း၊ ၁၉ ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်နေသူနှင့် ဝဏ္ဏအောင် အမှတ် ၄၆၅၊ စွယ်တော် ၁၁ လမ်း၊ ၁၉ ရပ်ကွက်၊ ရွှေပြည်သာမြို့နယ် နေသူတို့နှစ်ဦးကို ဒီဇင်ဘာ ၈ ရက် နံနက် ၂ နာရီ ၂၅ မိနစ်တွင် ဖမ်းဆီးရမိခဲ့သည်။

အလားတူ သြဂုတ် ၁၀ ရက်ကလည်း ကမာရွတ်မြို့နယ်ရှိ ကွန်ဒိုတိုက်ခန်းတစ်ခန်းတွင် အမျိုးသားတစ်ဦးအား လက်ထိပ်ကို တိပ်ဖြင့်ချုပ်နှောင်ပြီး လူတစ်စုက ဖုန်းလုယက်ခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်မှ ကျုးလွန်သူများအား ဖမ်းဆီးရမိထားသည်။

ထို့အတူ ဒဂုံတောင်မြို့နယ်တွင်လည်း ဘဏ်မှ ငွေထုတ်လာသူများထံမှ ငွေများကို ဆိုင်ကယ်အသုံးပြု၍ လုယက်မှုကျုးလွန်မှု ဖြစ်စဉ်မှာ အောက်တိုဘာ ၂၄ ရက်က ဖြစ်ပွားခဲ့သည်။

၂၀၂၀ ပြည့်နှစ်အတွင်း ဖြစ်ပွားခဲ့သည့် လုယက်မှုဖြစ်စဉ်များမှ ကျုးလွန်သူအများစုမှာ Mask တပ်ဆင်ပြီး လုယက်မှုများပြားခဲ့ပြီး COVID-19 ရောဂါကာကွယ်ရေးအတွက် လူများ Mask တပ်ဆင်ရသည်ကို ပုံမှားရိုက်ကာ လုယက်မှုကျုးလွန်ခဲ့သည့် နှစ်တစ်နှစ်ဟုလည်း ဆိုနိုင်ပေသည်။

Most Read

Most Recent