၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ မတ်လကုန်ပိုင်းအချိန်မှစတင်ကာ COVID-19 ကပ်ရောဂါ ကူးစက်ခံရသူများ တွေ့ရှိခဲ့ခြင်းကြောင့် နှစ်စဉ်ကျင်းပလေ့ရှိသည့် ဘာသာရေးပွဲတော်များ၊ ရိုးရာဓလေ့ပွဲတော်များကို အကျဉ်းချုံးသာ ကျင်းပခဲ့ကြသည်။
မြန်မာနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ် မတ် ၂၄ ရက်တွင် ပထမဆုံး COVID-19 ရောဂါကူးစက်ခံရသူ လူနာ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဧပြီလတွင် ပြုလုပ်လေ့ရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြိတ်ကြိတ်တိုးစည်ကားသည့် မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို ကပ်ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးများ မဖြစ်ပေါ်စေရန်အတွက် ကျင်းပနိုင်ခဲ့ခြင်း မရှိခဲ့ပေ။
အထူးသဖြင့် ထိုအချိန်မှစတင်ကာ လက်ရှိအချိန်အထိ ကပ်ရောဂါကူးစက်မှု အများဆုံးဖြစ်ပွားရာဒေသဖြစ်သည့် ရန်ကုန်မြို့အား မဟာသင်္ကြန်ကာလအတွင်းတွင် Stay at Home နေထိုင်ရန် သတ်မှတ်ခဲ့ခြင်းကြောင့် နှစ်စဉ် တိုးမပေါက်အောင် စည်ကားလေ့ရှိသည့် ရန်ကုန်သင်္ကြန်ပွဲတော်သည် တိတ်ဆိတ်စွာဖြင့်သာ ပြီးဆုံးခဲ့ပြီး အခြားသော ဒေသများတွင်လည်း မဟာသင်္ကြန်ပွဲတော်ကို ယခင်နှစ်များကဲ့သို့ စည်စည်ကားကားဖြင့် ကျင်းပနိုင်ခြင်း မရှိပေ။
အလားတူပင် COVID-19 ရောဂါပိုး ကူးစက်ခံရသူအား ပြည်တွင်း၌ စတင်တွေ့ရှိပြီးနောက် ရန်ကုန်မြို့အပါအဝင် တစ်နိုင်ငံလုံးတွင်ရှိသည့် ဘုရားဖူးများစွာ လာရောက်ဖူးမြော်လေ့ရှိသည့် စေတီပုထိုးများကို ပိတ်ထားရသဖြင့် သင်္ကြန်ပွဲတော်အပြီးတွင် ပြုလုပ်လေ့ရှိသည့် ကဆုန်ညောင်ရေသွန်းပွဲတော်ကိုလည်း လူနေရပ်ကွက်အလိုက်သာ အကျဉ်းချုံး ကျင်းပနိုင်ခဲ့သည်ကို တွေ့ရသည်။
COVID-19 ပထမလှိုင်းကို ကောင်းစွာ ထိန်းချုပ်နိုင်ခဲ့သည့် မြန်မာနိုင်ငံသည် သြဂုတ်လမတိုင်မီကာလများ၌ ကပ်ရောဂါကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် ဘုရားစေတီပုထိုးများ၊ ချပ်စ်ကျောင်းများ၊ ဗလီများ၊ ဘုရားကျောင်းများကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန် အခြေအနေဖြစ်ပေါ်ခဲ့သော်လည်း သြဂုတ်လလယ်တွင် ကိုဗစ်ဒုတိယလှိုင်းစတင်၍ ပြန်လည်ဖြစ်ပွားလာသဖြင့် အထက်ပါအခြေအနေများကြောင့် ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန်အခြေအနေ မပေးတော့ပေ။
ယင်းကြောင့် သြဂုတ်လနောက်ပိုင်း ကာလများတွင် သီတင်းကျွတ်ပွဲတော်၊ တန်ဆောင်တိုင်ပွဲတော်များကိုလည်း ပြည်သူများအနေဖြင့် အကျဉ်းချုံးသာ ပြုလုပ်နိုင်ခဲ့ကြပြီး ပိတ်ထားရသည့် ဘုရားစေတီများ၏ အပြင်ဘက်တံခါးဝများတွင်သာ အခါကြီးရက်ကြီးများ၌ ပြည်သူများက လာရောက်၍ ဘုရားစေတီပုထိုးများကို ဖူးမြော်ခဲ့ကြရသည်။
အလားတူ အခြားသောဘာသာဝင်များ၏ ဘာသာရေးပွဲတော်များသည်လည်း COVID-19 ရောဂါဖြစ်ပွားနေခြင်းကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း ယခင်နှစ်များကဲ့သို့ ကျင်းပနိုင်ခဲ့ခြင်းမရှိဘဲ အကျဉ်းချုံးပြုလုပ်ခဲ့ရကြောင်း သိရသည်။
COVID-19 ဒုတိယလှိုင်းဖြစ်ပွားမှုမှာ ဒီဇင်ဘာကုန်ပိုင်းအထိပင် ကောင်းစွာထိန်းချုပ်နိုင်ခြင်းမရှိသေးသဖြင့် ဒီဇင်ဘာ ၂၅ ရက်တွင် ပြုလုပ်လေ့ရှိပြီး ခရစ်ယာန်ဘာသာဝင်များအတွက် အထွတ်အမြတ် ခရစ္စမတ်ပွဲတော်သည်လည်း စည်ကားခြင်းမရှိဘဲ တိတ်တဆိတ်ဖြင့်သာ မိသားစုအလိုက် အကျဉ်းချုံး စီစဉ်ကျင်းပခဲ့ကြရကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် တစ်ခုလုံးသည် COVID-19 ရောဂါ၏ သက်ရောက်ရိုက်ခတ်မှုများကြောင့် သက်ဆိုင်ရာ ဘာသာအသီးသီးမှ ဝတ်ပြုကိုးကွယ်ကြသူများသည် ၎င်းတို့အထွတ်အမြတ်ထားရာ ဘာသာရေး အဆောက်အအုံနေရာများသို့ သွားရောက်ဝတ်ပြုနိုင်ခဲ့ခြင်းမရှိဘဲ နေအိမ်များတွင်သာ ဝတ်ပြုဆုတောင်းကိုးကွယ်မှုများကို ပြုလုပ်ခဲ့ကြရသည်ဟု သိရသည်။
နေဝန်းထက်









