မြေပြိုမှုသမိုင်းတွင် စံချိန်တင်ခဲ့သည့် ဖားကန့် ဝှေခါမှော်မှ လူ ၁၉၀ ကျော် မြေပြိုသေဆုံးမှုဖြစ်စဉ်

မြေပြိုမှုသမိုင်းတွင် စံချိန်တင်ခဲ့သည့် ဖားကန့် ဝှေခါမှော်မှ လူ ၁၉၀ ကျော် မြေပြိုသေဆုံးမှုဖြစ်စဉ်
ဖားကန့်ဒေသတွင် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂ ရက်က မြေပြိုကျမှု ဖြစ်စဉ်အတွင်း သေဆုံးသူများအား ရှာဖွေနေစဉ် (ဓာတ်ပုံ-အောင်ရဲဇော်)
ဖားကန့်ဒေသတွင် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂ ရက်က မြေပြိုကျမှု ဖြစ်စဉ်အတွင်း သေဆုံးသူများအား ရှာဖွေနေစဉ် (ဓာတ်ပုံ-အောင်ရဲဇော်)
Published 28 December 2020
ထွန်းလင်းအောင်

မြေပြိုမှုသမိုင်းတွင် စံချိန်တင်သေဆုံးခဲ့သည့် ဖားကန့်ဝှေခါမှော် မြေပြိုမှုကြီးတစ်ခု ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂ ရက် နံနက် ၆ နာရီ ခန့်က ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှု များပြားခဲ့ခြင်း ကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း ထင်ရှားသော ဖြစ်ရပ်အဖြစ် ဖော်ပြပါသည်။

ဖားကန့်မြို့နယ် ဆိပ်မူအုပ်စုဝှေခါကျေး ရွာ၊လခူးချောင်တွင် ယခင်က ကုမ္ပဏီပေါင်း ၂၀ ကျော် တူးခဲ့သည့် နေရာမှာ မိုင်ဝက်ခန့်ကျယ်သည့် ရေကန်ကြီးတစ်ခုအဖြစ် တစ်ဆက်တည်း ကျန်းရှိခဲ့ခြင်းဖြစ်သည်။ မြေပြိုချိန်တွင် သက်တမ်းရှိ ကုမ္ပဏီသုံးခုက မိုးရာသီအတွင်း လုပ်ငန်းများ နားနေစဉ်မှာ ကျောက်စိမ်းရှာသူ အများစုက တစ်သုံးလုံးကုမ္ပဏီ လုပ်ကွက်အတွင်း မိမိတူးဖော်မည့်နေရာများ လုယက်မှတ်သားမှုများ ပြုလုပ်နေစဉ် မြေပြိုကျမှုများ ဖြစ်ပွားခဲ့သဖြင့် အသေအပျောက် များခဲ့ခြင်းဖြစ်သည်။ လဂူချောင်ထိပ်မှစ၍ ပေ ၃၀၀ ကျော် ကျင်းကမ်းပါး တစ်ခုလုံး လျှောဆင်းခဲ့ပြီးနောက် ကန်အတွင်းရေပြင်မှာ ရေလှိုင်းလုံးကြီးများအဖြစ် လိမ်းဆင်းခဲ့ပြီး မျက်နှာချင်းဆိုင်မှ ကျောက်စိမ်းလုပ်ကွက် အလုအယက် သတ်မှတ်နေသည့် ကျောက်စိမ်းရှာဖွေသူအား ရေလှိုင်းနှင့် ရိုက်ချလိုက်ခြင်းဖြစ်သည်။ အစိုးရစာရင်းအရ သေဆုံး ၁၇၂ ဦး၊ ဒဏ်ရာရ ၅၄ ဦးအထိ ရှိခဲ့ပြီး ဒေသတွင်း လူမှုအသင်းအဖွဲ့ မှတ်တမ်းအရ ပျောက်ဆုံး ၁၉ ဦးရှိခဲ့သဖြင့် လူပေါင်း ၁၉၁ ဦး သေဆုံးမှုမှာ ဖားကန့်မြေပြိုမှု သမိုင်းတွင် အများဆုံး လူသေဆုံးမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။ ယခင်စံချိန်တင် သေဆုံးမှုမှာ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက် နံနက်အစောပိုင်းတွင် ကန်ခါမြေစာပုံ လျှောဆင်းခဲ့ပြီး တဲငယ်၂၀ ခန့်မြေစာအောက် ရောက်သွားကာ ၁၁၄ ဦး၏ အလောင်းများကို ရရှိခဲ့ကာ ပျောက်ဆုံးသူ အများအပြားရှိခဲ့ကြောင်း ဒေသတွင်း လူမှုအသင်းအဖွဲ့များက ဆိုပါသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တစ်ကမ္ဘာလုံးကပါ အံ့သြတုန်လှုပ်ခဲ့ပြီး လူအမှုအဖွဲ့အစည်းများ သံရုံးများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး သယံဇာတနှင့် ပတ်သက်၍ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှုများရှိခဲ့သည်။ ယင်းဖြစ်စဉ်ကို နိုင်ငံတော်သမ္မတရုံးက စုံစမ်းရေး ကော်မရှင်ဖွဲ့ကာ တာဝန်ရှိသူ အဆင့်ဆင့်ကို ဖော်ထုတ်ရန်၊ သေဆုံးသူနှင့် ဒဏ်ရာရသူများကို ကူညီထောက်ပံ့ရန်၊ နောင်အလားတူ ဖြစ်ရပ်များ မဖြစ်ပွားစေရေးအတွက် လုံခြုံရေးအပါအဝင် ဆောင်ရွက်ရမည့် အစီအမံများ အကြံပြုတင်ပြရန် ရည်ရွယ်ချက်ဖြင့် ဥက္ကဋ္ဌအဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အပါအဝင် ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ကျောက်မျက်ရောင်းဝယ်ရေးညွှန်ချုပ်၊ ကချင်ပြည်နယ် အတွင်းရေးမှူး ဦးထွန်းဇော်တို့ ပါဝင်သည့် အဖွဲ့ဝင်များသည် ဇူလိုင် ၄ ရက် ညနေပိုင်းတွင် ဖားကန့်မြို့သို့ ရောက်ရှိခဲ့ပြီး ဇူလိုင် ၅ ရက်တွင် ကွင်းဆင်းစစ်ဆေးမှု  များ ပြုလုပ်ခဲ့သည်။ ကွင်းဆင်းစစ်ဆေးရာတွင် ဥက္ကဋ္ဌဖြစ်သူက လောဘကြောင့် သေဆုံးရခြင်း ဖြစ်ကြောင်း ပြောကြားချက်ကြောင့် ဝေဖန်မှုများလည်း မြင့်တက်ခဲ့သည်။ အစီရင်ခံစာအရ   မြေပြိုကျမှုမှာ အောက်ဘက်အစွန် ကျောက်စိမ်းကျော ရှိနေခြင်း၊ အပေါ်မှ ကျောက်ပုတ်လွှာများ ရှိနေခြင်း၊ မိုးရေချိန် ၃၀ လက်မနီးပါး ရွာသွန်းခဲ့ခြင်းနှင့် အက်ကွဲကြောင်းများအတွင်း မိုးရေဝင်ခြင်း၊ အန္တရာယ် သတိပေး ဆိုင်းဘုတ်များ ရှိနေသော်လည်း အတင်းဝင်ရောက် တူးဖော်ခြင်း၊ ကုမ္ပဏီများက လုပ်ကွက်ကို ခြံစည်းရိုး လုံခြုံစွာ မကာထားခြင်း စသည့်အကြောင်းအရင်းများကြောင့် ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့က သတင်းစာ ရှင်းလင်းခဲ့သည်။

ဖားကန့်တွင် မြေပြိုလူသေမှုများ၏ ပင်မအကြောင်းအရင်းမှာ နှစ်ပေါင်း ၂၀ ကျော် စက်ယန္တရားကြီးများဖြင့် ပရမ်းပတာ တူးဖော်ခဲ့သည့် အကျိုးဆက်သာ ဖြစ်သဖြင့် ဥပဒေအရရော၊ မူဝါဒပိုင်းဆိုင်ရာပါ ပြုပြင်ပြောင်းလဲရန် လိုအပ်ခဲ့သည်။ NLD အစိုးရ လက်ထက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် ကျောက်မျက်ဆိုင်ရာ ဥပဒေသစ်ကို ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုခဲ့သော်လည်း ခြောက်လအတွင်း နည်းဥပဒေ မထွက်နိုင်ဘဲ နှစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ကူညီမှုများအဖြစ် သေဆုံး ၁၇၂ ဦး၊ ဒဏ်ရာရ ၄၇ ဦးကို ထောက်ပံ့မှု အနေဖြင့် သေဆုံးသူ ၁၄၄ ဦးအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တစ်ဦးလျှင် ကျပ်သုံးသိန်းနှုန်း၊ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေမှ တစ်ဦးလျှင် နှစ်သိန်းကျပ်နှုန်း၊ စုစုပေါင်း ၇၂၀ သိန်း၊ ဒဏ်ရာရှိသူ ၄၇ ဦးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တစ်ဦးလျှင် တစ်ဦးနှုန်း ကျပ်တစ်သိန်းနှုန်း၊ အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ကော်မတီက တစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ် ၉၄ သိန်းနှုန်းဖြင့် ကနဦး ထောက်ပ့ံခဲ့သည်။

ဖားကန့်မြို့နယ် သဘာဝဘေး ရန်ပုံငွေ ရှာဖွေရေးနှင့် ရန်ပုံငွေ ထိန်းသိမ်းရေး ကော်မတီအနေဖြင့် ဖားကန့်မြေပြိုမှုကြောင့် လှူ ဒါန်းသည့် ပြည်တွင်း၊ ပြည်ပအလှူရှင် အဖွဲ့အစည်း ၃၆ ခုတို့၏ လှူဒါန်းငွေ ကျပ် ၆၇၉၅ သိန်းကို ဖားကန့်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် လည်းကောင်း၊ ယင်းငွေမှာ ဒဏ်ရာရသူ ၄၇ ဦးအတွက် တစ်ဦးလျှင် ငါးသိန်းနှုန်းဖြင့် ကျပ်ငွေ ၂၃၅ သိန်း၊ သေဆုံးသူ ၁၇၂ ဦး အနက် ဆွေမျိုးမိသားစုများ ဖော်ထုတ်ရရှိသည့် သေဆုံးသူ ၁၄၉ ဦးအတွက် တစ်ဦးလျှင် ကျပ်သိန်း ၃၀ နှုန်းဖြင့် ကျပ်သိန်းပေါင်း ၄၄၇၀ သိန်းကို ထောက်ပံ့ခဲ့သည်။ အစီရင်ခံစာတင်ပြီးနောက် ဖားကန့်ဒေသတွင် မြေပြိုသေဆုံးမှုများ ထပ်မံမဖြစ်ပွား စေရေးအတွက် ဖားကန့်မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ကော်မတီက အဖွဲ့ခြောက်ဖွဲ့ခွဲကာ အန္တရာယ်ရှိသည့် နေရာများကို ကွင်းဆင်းမှတ်တမ်းယူပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့သို့ အပတ်စဉ် တင်ပြနေကြောင်း၊ ယင်းမှတစ်ဆင့် ပြည်ထောင်စု အစိုးရသို့ အစီရင်ခံကာ ပြန်လည်ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်နေရသည်။

 

Most Read

Most Recent