မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ကပ်ဘေးကာလ အကျပ်အတည်းများနှင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု ဖြစ်စဉ်များ

မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ကပ်ဘေးကာလ အကျပ်အတည်းများနှင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု ဖြစ်စဉ်များ
ထိုင်းနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာလုပ်သားများအား ၂၀၂၀ ဇွန် ၁၈ ရက်က တွေ့ရစဉ်
ထိုင်းနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာလုပ်သားများအား ၂၀၂၀ ဇွန် ၁၈ ရက်က တွေ့ရစဉ်
Published 28 December 2020
လွင်မျိုးသူ

ကပ်ဘေးကာလတွင် ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ တိုင်းတစ်ပါး၌ ပိတ်မိနေသည့် ဖြစ်စဉ်များနှင့် ပြည်တွင်းသို့ အလုံးအရင်းနှင့် ပြန်လည်ဝင်ရောက် လာကြခြင်းကလည်း ၂၀၂၀ ပြည့်နှစ်အတွင်း ထူးခြားသည့် ဖြစ်စဉ်အဖြစ် ရေးသားဖော်ပြ အပ်ပါသည်။ 

ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်း ကတည်းက စတင်ပျံ့နှံခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကိုရိုနာဗိုင်းရပ်စ်ကို ကပ်ရောဂါ တစ်ခုအဖြစ် မတ်လအတွင်းက သတ်မှတ်လိုက်ပြီးနောက် မကြာမီ နိုင်ငံအသီးသီးက အပြည်ပြည်ဆိုင်ရာ လေဆိပ်များကို ပိတ်လိုက်ပြီး လေယာဉ်ပြေးဆွဲမှုကို ရပ်နားခဲ့သည်။

ထို့ကြောင့် ပြည်ပနိုင်ငံ အသီးသီးတွင် ရောက်ရှိ၊ ပိတ်မိနေသည့် ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားများကို ဧပြီလကုန် မေလဆန်းတွင် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များနှင့် ခေါ်ဆောင်ခဲ့ရသည်။

ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ ဗြိတိန်၊ အမေရိကန်နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အိန္ဒိယ၊ အီဂျစ်၊ အစ္စရေးနိုင်ငံ၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူနှင့် ထိုင်းတို့မှာ ပိတ်မိနေသော မြန်မာနိုင်ငံသားများကို ခေါ်ဆောင်ခဲ့သည်။

ကယ်ဆယ်ရေး လေယာဉ်များနှင့် ခေါ်ဆောင်ရာတွင် သွားရောက်ခေါ်ဆောင်သည့် ခရီးစဉ်စရိတ်ကို နိုင်ငံတော်ဘက်က ကုန်ကျခဲ့ပြီး အပြန်ခရီးစဉ်စရိတ်ကိုတော့ လိုက်ပါမည့်သူဘက်မှ ကျခံရကြောင်း သိရသည်။

ပြည်တော်ပြန် ရောက်လာသည့် မြန်မာနိုင်ငံသားများကို သီးခြားသတ်မှတ် ပေးထားသည့်နေရာ သို့မဟုတ် သတ်မှတ်ဟိုတယ်၌ ၂၁ ရက်တာ အသွားအလာ ကန့်သတ်ထားခဲ့သည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများကလည်း အလုံးအရင်းနှင့် ထိုင်း-မြန်မာ နယ်စပ်မှ ပြည်တော်ပြန်ဝင် လာကြသည်။

နေ့စဉ် လူတစ်ထောင်ထက်မနည်း ထိုင်းနယ်စပ်မှ ပြန်လည်ဝင်ရောက် လာကြခြင်းလည်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ကိုဗစ်ကူးစက်မှု ပထမလှိုင်းတွင် ကူးစက်ခံရသူ အတော်များများသည် ပြည်တော်ပြန်များ ဖြစ်သည်ဟု ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံကို ပြည်တော် ပြန်ဝင်လာသူများသည် ယနေ့အချိန်အထိ တစ်သိန်းကျော် ရှိနေပြီ ဖြစ်သည်။

ကိုဗစ်ကြောင့် ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား သုံးသိန်းကျော် အလုပ်လက်မဲ့ဖြစ်နေသည်ဟု Migrants Working Group (MWG) ၏ စစ်တမ်းတွင် ဖော်ပြထားသည်။

အလားတူ မလေးရှားရောက် မြန်မာများသည်လည်း ကိုဗစ်ကာလအတွင်း အလုပ်လက်မဲ့ ဖြစ်ခဲ့ကြသည်။

ထိုသို့ အလုပ်လက်မဲ့ဒဏ်ကြောင့် စားဝတ်နေရေး ကျပ်တည်းလာကာ နေရပ်ပြန်၍ မရခြင်းများ၊ တရားမဝင် လုပ်သားများကို ဖမ်းဆီးခြင်းများကြောင့် စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုများ ရှိလာခဲ့သည်။

မေလနှောင်းပိုင်းကစတင်ပြီး မလေးရှားတွင် အဆုံးစီရင်သည့် မြန်မာလုပ်သား နှစ်ဦး၊ ဇွန်တွင် ရှစ်ဦး၊ ဇူလိုင်တွင် တစ်ဦး၊ သြဂုတ်တွင် နှစ်ဦး၊ စက်တင်ဘာတွင် သုံးဦး၊ အောက်တိုဘာတွင် တစ်ဦးနှင့် နိုဝင်ဘာတွင် တစ်ဦး စုစုပေါင်း ၂၀ ဦးအထိ ရှိခဲ့သည်။

ဇွန်လအတွင်းက မလေးရှားတွင် အခက်အခဲဖြစ်နေသည့် မြန်မာများကို နေရပ်ပြန်နိုင်ရေးအတွက် မြန်မာသံရုံးက စာရင်းကောက်ခဲ့သည်။

ထိုသို့ သံရုံးက စာရင်းကောက်ရာတွင် နေရပ်ပြန်ရန်အတွက် တရားမဝင် မြန်မာနိုင်ငံသား သုံးထောင်ဝန်းကျင် စာရင်းပေးသွင်းခဲ့သည်။

ထို့ပြင် အထောက်အထားမဲ့ မြန်မာများကို ပြန်ခေါ်နိုင်ဖို့ မြန်မာအစိုးရနှင့် မလေးရှားအစိုးရ ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းများ၌ ထိန်းသိမ်းခံနေရသည့် မြန်မာ ၉၆၀ ကိုလည်း မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ခဲ့သည်။

ကိုဗစ်ကာလတွင် နိုင်ငံအသီးသီးက အဝင်အထွက်ဂိတ်များ ပိတ်ထားသည့်အပြင် နိုင်ငံတကာ ပျံသန်းပြေးဆွဲနေသည့် လေယာဉ်များ၊ လေဆိပ်များ ပိတ်ထားခြင်းကြောင့် အိမ်ပြန်ခွင့် မရကြသေးဘဲ ပင်လယ်ပြင်၌ သောင်တင်နေကြသည့် ကမ္ဘာတစ်ဝန်းက သင်္ဘောသား နှစ်သိန်းကျော်တွင် မြန်မာသင်္ဘောသား ၇၀၀၀ ကျော်လည်း သောင်တင်နေသည်ဟု သိရသည်။

စာချုပ်သက်တမ်း ပြည့်သွားသော်လည်း ကိုဗစ်ကာလအတွင်း ကြုံတွေ့နေရသည့် အခက်အခဲများကြောင့် အိမ်ပြန်ခွင့်မရဘဲ ပင်လယ်ပြင်၌ သောင်တင်နေကြခြင်းလည်း ဖြစ်သည်။

 

Most Read

Most Recent