မြန်မာနိုင်ငံ၌ COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားသည့်အချိန်မှ ယနေ့အချိန်အထိ ကိုဗစ်ရောဂါ ကုသရေးစင်တာများ၊ ပရဟိတ အဖွဲ့အစည်းများ၊ ဗော်လန်တီယာ စေတနာ့ဝန်ထမ်းများ အနေဖြင့် ရောဂါတိုက်ဖျက်ရေး၊ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ၌ အသက်က ုိပဓာနမထားဘဲ ကိုယ်ကျိုးစွန့်၍ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက် နေကြသည်။
ရောဂါတိုက်ဖျက်ရေးတွင် အရေးပါသည့် ကိုဗစ်ရောဂါ ကုသရေးစင်တာများ
ကိုဗစ်ရောဂါ တိုက်ဖျက်ကုသရေးတွင် ကိုဗစ်ရောဂါ ကုသရေးစင်တာများ အနေဖြင့် အရေးပါသည့်နေရာမှ တာဝန်ထမ်းရွက်နိုင်ခဲ့ကြပြီး ဒုတိယလှိုင်းကာလတွင် တွေ့ရှိမှုနှုန်း မြင့်မားလာသည့် အနံ့၊ အရသာ ပျောက်ဆုံးနေသူများ၊ သိသာသည ့်ရောဂါလက္ခဏာ မပြသည့် ကိုဗစ်လူနာများကို အဓိက ကုသပေးခဲ့ကြသည်။
ပုဂ္ဂလိက အလှူရှင်များ၏ လှူဒါန်းမှုများဖြင့် တည်ဆောက်ပေါ်ပေါက်လာသည့် ကိုဗစ်ရောဂါကုသရေး စင်တာများအနက် COVID-19 ရောဂါကုသရေးဌာန (သုဝဏ္ဏ) ဧရာဝတီစင်တာသည် ပထမဆုံး တည်ဆောက်သည့် စင်တာဖြစ်ပြီး စက်တင်ဘာ ၁၂ ရက်တွင် စတင်တည်ဆောက်ကာ နှစ်ပတ်အတွင်း COVID-19 လူနာများကို လက်ခံကုသပေးခဲ့သည်။
သုဝဏ္ဏ မြက်ခင်းတု အားကစားကွင်းအတွင်း တည်ဆောက်ထားသော ဧရာဝတီစင်တာကို ဧရာဝတီ ဖောင်ဒေးရှင်းက ဆောက်လုပ်လှူဒါန်းခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကုသမှုအပိုင်းကို တာဝန်ယူ ဆောင်ရွက်ကာ ကျန်အပိုင်းများကို ဧရာဝတီဖောင်ဒေးရှင်းက တာဝန်ယူ၍ ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
COVID-19 ရောဂါဖြစ်ပွားမှုနှုန်း တစ်ရှိန်ထိုး မြင့်တက်လာပြီး ဆေးရုံများ၊ ယခင် ပြင်ဆင်ထားသည့် Quarantine Centre များနှင့် လုံလောက်မှု မရှိတော့သည့်အတွက် မြို့နယ်အလိုက် ဘောလုံးကွင်းများ၊ ကျောင်းများနှင့် ဓမ္မာရုံများ စသည့်နေရာများတွင် Quarantine Centre များ တိုးချဲ့ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြရသည်။
ထိုသို့ COVID-19 ရောဂါကို အန်တုကျော်လွှားရန် စီစဉ်ဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက်နေသော်လည်း ရောဂါဖြစ်ပွားမှုနှုန်း၊ သေဆုံးနှုန်း ကျဆင်းသွားခြင်းမရှိဘဲ ထပ်တိုး၍သာ ရှိလာခဲ့သည်။
ထို့နောက် သာကေတမြို့နယ်ရှိ Fortune Plaza မှ Myanmar Expo ခန်းမကို COVID-19 ကုသရေး စင်တာအဖြစ် Golden Environmental ဆောက်လုပ်ရေး ကုမ္ပဏီက လှူဒါန်းကာ ပြုပြင်ပြောင်းလဲခဲ့ပြီး Fortune Happy COVID-19 ကုသရေးစင်တာအဖြစ် ပေါ်ထွက်လာကာ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ လိုအပ်ချက်များအရ ကမ္ဘောဇဘဏ်နှင့် ရွှေသံလွင်ကုမ္ပဏီတို့၏ ပူးပေါင်းလှူဒါန်းမှုဖြင့် မရမ်းကုန်းမြို့နယ်ရှိ Yangon Convention Centre ခန်းမကို COVID-19 ကုသရေးစင်တာအဖြစ် ပြောင်းလဲခဲ့ပြီး COVID-19 ရောဂါကုသရေးဌာန (မရမ်းကုန်း) အင်းလျားစင်တာအဖြစ် ထပ်မံပေါ်ထွက်လာကာ လက္ခဏာမပြသည့် COVID-19 အတည်ပြုလူနာများကို လက်ခံကုသပေးခဲ့သည်။
ထို့ပြင် ဗိုလ်တထောင်မြို့နယ်တွင်လည်း Time City Centre စီမံကိန်းနေရာ၌ Yangon Crown ကုမ္ပဏီ၏ လှူဒါန်းမှုဖြင့် COVID-19 ရောဂါကုသရေးဌာန (ဗိုလ်တထောင်) တည်ဆောက်နိုင်ခဲ့ပြီး လူနာများ လက်ခံကုသ ပေးနေဆဲဖြစ်သည်။
ကုသရေးစင်တာများ အနေဖြင့် လက္ခဏာမပြသည့် လူနာများစွာကို ပြည်သူ့ဆေးရုံကြီးများထံမှ လွှဲပြောင်းလက်ခံကာ ကုသပေးနိုင်သဖြင့် ပြည်သူ့ဆေးရုံကြီးများ အနေဖြင့် ကိုဗစ်ရောဂါပြင်းထန်သည့် လူနာများကို ကုသရာတွင် ပိုမိုလုပ်ဆောင် လာနိုင်ခဲ့သည်။
အဆိုပါ ပုဂ္ဂလိက အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ပေါ်ထွက်လာသည့် ကိုဗစ်ကုသရေးစင်တာများ ရှိသလို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့်အတူ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အစိုးရ၏ စီစဉ်မှုနှင့်အတူ ကိုဗစ်ကုသရေး စင်တာများလည်း ဒေသအသီးသီးတွင် တည်ဆောက် ပေါ်ထွက်လာသည်။
ပေးဆပ်နှလုံးသားနှင့် ပရဟိတ အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများ
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်ကတည်းက ယနေ့အချိန်အထိ သာမက ရောဂါကူးစက်မှု ရပ်တန့်သွားသည်အထိ ပရဟိတ အဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းများက ပေးဆပ်နှလုံးသားဖြင့် ကိုဗစ်ရောဂါ အတည်ပြုလူနာများကို ကူညီစောင့်ရှောက်သွားမည့် သူများ၌ ပါဝင်သည်။
COVID-19 ရောဂါ လူနာများအား ဆရာဝန်များ၊ သူနာပြုများက အနီးကပ်နေထိုင်ပြီး ကျန်းမာရေးကုသမှုများ ဆောင်ရွက်ကာ ၎င်းတို့အနေဖြင့် အချိန်မရွေး ရောဂါကူးစက်နိုင်ခြေ အလွန်မြင့်မားသည့် အခြေအနေတွင် တာဝန်ထမ်းဆောင် နေကြသူများ ဖြစ်ကြသည်။
ထို့အတူ လူနာများကို လူနာတင်ယာဉ်များဖြင့် သွားရောက်ခေါ်ဆောင် ကူညီပေးသည့် ပရဟိတ အဖွဲ့အစည်းများ၊ ကိုဗစ်ရောဂါ ကုသရေး စင်တာများနှင့် Quarantine Centre များမှ ဝေယျာဝစ္စတာဝန်များ၊ စားသောက်ရေးမှအစ နေထိုင်ရေးအဆုံး သက်သောင့်သက်သာ ဖြစ်စေရေး ကူညီပေးသည့် စေတနာ့ ဝန်ထမ်းများ အနေဖြင့်လည်း အချိန်မရွေး ရောဂါကူးစက်ခံရမှုများကို အန်တုကာ ပေးဆပ်နေသူများဖြစ်သည်။
ကိုဗစ်ရောဂါ ဒုတိယလှိုင်းကာလ၌ နေ့စဉ်ကူးစက်ခံရသူ အရေအတွက် ထောင်ဂဏန်းခန့်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်နေဆဲဖြစ်ပြီး ကူးစက်ခံရသူများကို ကုသရေးအတွက် သက်ဆိုင်ရာ Quarantine စင်တာများ၊ ကိုဗစ်ကုသရေးစင်တာများ၊ ပြည်သူ့ဆေးရုံများသို့ လူမှုကူညီရေး ပရဟိတ အသင်းအဖွဲဲ့များက နေ့စဉ်သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြဆဲဖြစ်သည်။
အဆိုပါ အသင်းအဖွဲ့များ အနေဖြင့် ပြင်ပအလှူရှင်များ၏ အထောက်အပံ့၊ လှူဒါန်းမှုများဖြင့် ရပ်တည်နေရခြင်းဖြစ်ပြီး COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် လူနာများကို သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအပြင် ရောဂါကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းများကို လုပ်ဆောင်ပေးနေကြသည်။
ကိုဗစ်ရောဂါ အတည်ပြုလူနာများကို ပရဟိတစိတ်ဓာတ်ဖြင့် ကူညီစောင့်ရှောက်ရင်း လူမှုကူညီရေး အသင်းအဖွဲ့များမှ ယာဉ်မောင်းနှင့် အသင်းအဖွဲ့ဝင်များ၊ ကုသရေး စင်တာများနှင့် Quarantine စင်တာများမှ စေတနာ့ ဝန်ထမ်းများကိုယ်တိုင် ရောဂါကူးစက်ခံရမှု ဖြစ်စဉ်များ ရှိခဲ့သော်လည်း ၎င်းတို့အနေဖြင့် မွန်မြတ်သော စိတ်ထားဖြင့် ပရဟိတ လုပ်ငန်းများကို ဆက်လက်တာဝန် ထမ်းဆောင်လျက် ရှိကြသည်။
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဖြစ်ပွားမှု ကိုးလကျော် ကြာမြင့်နေပြီဖြစ်ပြီး ယနေ့အချိန်အထိ ကူးစက်မှုနှုန်း အနည်းငယ်သာ ကျဆင်းသည်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရပြီး ကူးစက်ခံရသူ တစ်သိန်းကျော်နှင့် သေဆုံးသူ နှစ်ထောင်ကျော် ရှိလာပြီဖြစ်ရာ ကာလရှည်ကြာလာသည့်အတွက် ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများ၌ ရှေ့တန်းက ပါဝင်နေကြရသည့် ဆရာဝန်များ၊ သူနာပြုများ အပါအဝင် ကျန်းမာရေး ဝန်ထမ်းများနည်းတူ လူမှုကူညီရေး အသင်းအဖွဲ့များသည်လည်း မောပန်းနွမ်းနယ်နေကြပြီဖြစ်သည်။
မြန်မာနိုင်ငံ၏ COVID-19 ရောဂါ တိုက်ပွဲသည် မပြီးဆုံးသေးသလို ဆက်လက်ရင်ဆိုင် တိုက်ခိုက်သွားရမည်ဖြစ်၍ ကိုဗစ်ရောဂါ ကုသရေးစင်တာများ၊ ပရဟိတ အဖွဲ့အစည်းများ၊ ဗော်လန်တီယာ စေတနာ့ဝန်ထမ်းများ အနေဖြင့် ရောဂါတိုက်ဖျက်ရေး၊ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက်နေကြ ရဦးမည်ဖြစ်ရာ ၂၀၂၀ ပြည့်နှစ်အတွင်း ၎င်းတို့၏ စွမ်းဆောင်မှုများက မမေ့နိုင်စရာများနှင့် အမြဲထင်ရှား နေဦးမည်သာဖြစ်သည်။









