၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၉ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ကလေးလုပ်သား အဓမ္မစေခိုင်းသည်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ ရပ်ကွက်၌ နေထိုင်သူများနှင့် ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှာ ၂၀၂၀ ပြည့်နှစ်အတွင်း ထူးခြားထင်ရှားသလို အများပြည်သူအကြား စိတ်ဝင်စားမှုမြင့် တက်ခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၉ ရက် ည ၁၂ နာရီခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ် ၈၇ ရပ်ကွက်နေ ဦးသီဟထွန်း၏ ‘လိုတရ ရွှေစံလှပေါက်စီ’ မုန့်တိုက်တွင် အလုပ်လုပ်ကိုင်နေသည့် ကလေးများအား အလုပ်ရှင်က ညှဉ်းပန်းနှိပ်စက်သဖြင့် မုန့်တိုက်အနီး၌ ရပ်ကွက်နေပြည်သူ ၄၀ ခန့် စုဝေးမှုဖြစ်ပေါ်နေကြောင်း သတင်းအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များနှင့် ပူးပေါင်း၍ သွားရောက်ဆွေးနွေး ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ လူစုကွဲသွားကြောင်း၊ ၎င်းနောက် နိုဝင်ဘာ ၂၀ ရက် နေ့လယ် ၁၂ နာရီ ခန့်တွင် မုန့်တိုက်အတွင်း ကလေးငယ်များ ကျန်ရှိနေသေးသည်ဟု ယူဆပြီး အဆိုပါမုန့်တိုက်သို့ ရပ်ကွက်နေပြည်သူ ၅၀ ခန့် ထပ်မံလာရောက်ပြီး မွန်းလွဲ ၁ နာရီခွဲခန့်တွင် ပြည်တွင်းသတင်းဌာနများမှ သတင်းထောက်များ ရောက်ရှိလာကာ မေးမြန်းခြင်းများကြောင့် အင်အား ၁၀၀ ခန့်ဖြစ်လာသဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် လူထုကိုယ်စားလှယ်များက စေ့စပ်ညှိနှိုင်းခဲ့ပြီး မုန့်တိုက်အတွင်းသို့ ဝင်ရောက်စိစစ် ရှာဖွေရာတွင်လည်း ကလေးငယ်တစ်ဦး တစ်ယောက်မျှ မတွေ့ရှိရပါကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားမှုအပေါ် အဖြစ်မှန် ပေါ်ပေါက်ရန်အတွက် အဆိုပါ မုန့်တိုက်တွင် လုပ်ကိုင်နေသည့် အလုပ်သမား ၁၈ ဦး (အမျိုးသား ၄၊ အမျိုးသမီး ၁၄) တို့အား စိစစ်ရာ ၎င်းတို့သည် မိဘအုပ်ထိန်းသူများ၏ ခွင့်ပြုချက်ဖြင့် လာရောက် အလုပ်လုပ်ကိုင်သူများ ဖြစ်ကြောင်း၊ လုပ်ခလစာကို မိဘများထံ လစဉ်ပေးပို့ နိုင်ခဲ့ကြောင်း၊ အလုပ်ရှင်ကလည်း အလုပ်သမားများအပေါ် အတင်းအဓမ္မနှိပ်စက်၍ စေခိုင်းခြင်းမရှိကြောင်း၊ အော်ဒါများကျသည့် နေ့များတွင် အချိန်ပို လုပ်ကိုင်ရလေ့ရှိပြီး နောက်ကျပါက တစ်ခါတစ်ရံ ဆူပူပြောဆို ခံရခြင်းများရှိကြောင်း၊ ၂၄ နာရီလုံး လုပ်ကိုင်ရသည့်နေ့ မရှိကြောင်း၊ နိုဝင်ဘာ ၁၅ ရက်တွင် အလုပ်ရှင်၏ ညီဖြစ်သူ အောင်ကျော်မင်းက အလုပ်သမားဖြစ်သူ စကျော်လင်းထွေး (၁၉ နှစ်) အား ပေါက်စီပြုလုပ်ရန် ကြက်သွန်အခွံခွာရာတွင် နောက်ကျသည့်ကိစ္စနှင့် ပတ်သက်၍ ဆူပူပြောဆိုပြီး ပါးရိုက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အောင်ကျော်မင်းအား ဒဂုံဆိပ်ကမ်းမြို့မရဲစခန်း၌ ဥပဒေနှင့်အညီ အမှုရေးဖွင့် ဆောင်ရွက်ထားရှိကြောင်းနှင့် အဆိုပါ မုန့်တိုက်မှာ လုပ်ငန်းလိုင်စင် မရှိသဖြင့် ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်မည် ဖြစ်ပါကြောင်း ထုတ်ပြန်ခဲ့သည်။
ထိုသို့ ထုတ်ပြန်ပြီးနောက် နိုဝင်ဘာ ၂၀ ရက် ညပိုင်းတွင် ရပ်ကွက်အတွင်း နေထိုင်သူများက နေအိမ်ထဲတွင် ကလေးလုပ်သားများ ရှိနေသေးသည် ဟုဆိုကာ ထပ်မံရှာဖွေရန် တောင်းဆိုခဲ့ပြီး ခဲများ၊ တုတ်များဖြင့် ရဲတပ်ဖွဲ့ဝင်များကို ပစ်ပေါက်ခဲ့ပြီး ရုန်းရင်းဆန်ခတ် ဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင် ၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ရုန်းရင်းဆန်ခတ် ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ရပ်ကွက်နေသူ အချို့လည်း ဒဏ်ရာရရှိခဲ့သည်။
ရုန်းရင်းဆန်ခတ်ဖြစ်စဉ်နှင့် ရပ်ကွက်အတွင်း နေထိုင်သူတို့က နေအိမ်အတွင်း ဝင်ရောက်ရှာဖွေမှုများကြောင့် လုပ်ငန်းအဆောက်အအုံ ပြတင်းပေါက်များ၊ အတွင်းရှိ ရေခဲသေတ္တာများ၊ ပစ္စည်းအသုံးအဆောင်များနှင့် အဆောက်အအုံ ပြင်ပတွင် ရပ်ထားသည့် မော်တော်ယာဉ်သုံးစီး ပျက်စီးဆုံးရှုံးခဲ့သည်။
ထို့နောက် ရုန်းန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်မှ ပါဝင်သူ ၁၂ ဦးကို ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၄၄၀/၄၂၇/၃၃၃/၃၃၂/၃၃၈/၁၅၂/၁၁၄ တို့ဖြင့် အမှုဖွင့် ဖမ်းဆီးထားပြီး အလုပ်ရုံမှ အလုပ်သမား ၁၈ ဦးအား ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ရာ ၁၀ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း နိုဝင်ဘာ ၂၁ ရက်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စွာက အတည်ပြု ပြောကြားခဲ့သည်။
ယင်းနောက် ပေါက်စီနှင့် ကိတ်မုန့်ပိုင်ရှင်ဖြစ်သူအား လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ငန်းလုပ်ကိုင်သည့်အတွက် စည်ပင်သာယာရေး ကော်မတီက တရားလိုပြုလုပ်ကာ စည်ပင်သာယာ ဥပဒေပုဒ်မ ၃၂၃ (ဋ) ဖြင့် အမှုဖွင့်ထားပြီး ၎င်း၏ညီဖြစ်သူမှာ ၁၉ နှစ်အရွယ် အလုပ်သမား တစ်ဦးအား ကိုယ်ထိလက်ရောက် ကျုးလွန်ခဲ့သည့်အတွက် ၎င်းအား ရာဇသတ်ကြီးပုဒ်မ ၂၉၄/၃၂၃/၅၀၆ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။
အဆိုပါ ရုန်းရင်းဆန်ခတ်ဖြစ်စဉ်နှင့် ပတ်သက်၍ ဒဂုံဆိပ်ကမ်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသိန်းလှိုင်ထွန်းက နိုင်ငံရေး ပယောဂများ ပါဝင်ပြီး ဆူပူအုံကြွမှုဖြစ်အောင် တမင်လုပ်ဆောင်ခဲ့သည့် လုပ်ရပ်ဖြစ်ကြောင်း သတင်းမီဒီယာများကို ပြောကြားခဲ့သည်။









