အာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၅) ကာလလယ်ပြန်လည်သုံးသပ်ရန် အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့၏ မျက်နှာစုံညီအစည်းအဝေး ပြုလုပ်

အာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၅) ကာလလယ်ပြန်လည်သုံးသပ်ရန် အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့၏ မျက်နှာစုံညီအစည်းအဝေး ပြုလုပ်
အာဆီယံခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့၏ မျက်နှာစုံညီအစည်းအဝေးကို Video Conferencing ဖြင့် ပြုလုပ်စဉ်
အာဆီယံခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့၏ မျက်နှာစုံညီအစည်းအဝေးကို Video Conferencing ဖြင့် ပြုလုပ်စဉ်
Published 14 October 2020

အာဆီယံခရီးသွားလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုအတွက် အာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၅) ကို ရေးဆွဲဆောင်ရွက်ခဲ့ရာ ငါးနှစ်ကာလသို့ ရောက်ရှိပြီးဖြစ်သဖြင့် ကာလလယ်ပြန်လည်သုံးသပ်ရေးဆိုင်ရာ အာဆီယံခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့၏ မျက်နှာစုံညီအစည်းအဝေးကို ၂၀၂ဝပြည့်နှစ် အောက်တိုဘာ ၁၄ရက်၊ နံနက် ၇ နာရီ ၃၀ တွင် Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံမှ ဦးဆောင်နိုင်ငံအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံခရီးသွားလုပ်ငန်းအာဏာပိုင် အဖွဲ့ခေါင်းဆောင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ အာဆီယံ-တရုတ် ဗဟိုဌာန၊ အာဆီယံ-ဂျပန်ဗဟိုဌာန၊ အာဆီယံ-ကိုရီးယား ဗဟိုဌာန၊ အာဆီယံမိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အာဆီယံနိုင်ငံများရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိက ခရီးသွားလုပ်ငန်းအဖွဲ့များဖြစ်သည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းတို့မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။

အဆိုပါအစည်းအဝေးတွင် အာဆီယံခရီးသွားလုပ်ငန်းမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၅) ၏ လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံချက်များအပေါ် ကာလလယ်သုံးသပ်နိုင်ရန်အတွက် အဖွဲ့ဝင်နိုင်ငံများ၏ စစ်တမ်းကောက်ယူခဲ့သည့် ရလာဒ်များနှင့် တွေ့ရှိချက်များအရ အာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာစီမံကိန်း ၂၀၂၁-၂၀၂၅ တွင် ဦးစားပေး ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်များ၊ COVID-19 အခြေအနေအရ အသစ်ထပ်မံထည့်သွင်းသွားမည့် လုပ်ငန်းစီမံချက်များကို အာဆီယံခရီးသွားလုပ်ငန်းအာဏာပိုင်များက ပဏာမညှိနှိုင်းဆွေးနွေးခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ အကြံပြုချက်များကို ရယူခဲ့ကြောင်း သိရသည်။

အဆိုပါအာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာစီမံကိန်း ၂၀၂၁-၂၀၂၅ ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကုန်ခန့်တွင် အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်များ၏ ထောက်ခံအတည်ပြုချက်ဖြင့် အာဆီယံ ခရီးသွားလုပ်ငန်း ဝန်ကြီးများက ၂၀၂၁ခုနှစ်တွင် ကျင်းပပြုလုပ်မည့် အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးတွင် အတည်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက ၃၇ ကြိမ်မြောက် အာဆီယံ+တရုတ်၊ ဂျပန်၊ ကိုရီးယား ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့အစည်းအဝေးကို ပြုလုပ်ခဲ့ရာ အာဆီယံ+၃ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု မူဘောင်အရ တရုတ်၊ ဂျပန်၊ ကိုရီးယားတို့နှင့် ပူး ပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများ၏ ဖြစ်ပေါ်တိုးတက်မှု အအခြေအနေများ၊ အာဆီယံ+၃ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး Work Plan (၂၀၂၁-၂၀၂၅) ရေးဆွဲမှုအခြေအနေများ၊ အဆိုပါလုပ်ငန်းအစီအစဉ်များအရ ဦးဆောင်အကောင်အထည်ဖော်ဆောင်ရွက်မည့် နိုင်ငံ သတ်မှတ် အတည်ပြုခြင်းများနှင့် ဆက်လက်ဆောရွက်သွားမည့် အခြေအနေများ၊ COVID-19 ကြောင့် အာဆီယံ+၃ နိုင်ငံများ၏ ခရီးသွားလုပ်ငန်းအပေါ် ဆိုးကျိုးသက်ရောက်မှု အခြေအနေများကို မျှဝေခြင်းနှင့် အတွေ့အကြုံကောင်းများ ဆွေးနွေးဖလှယ်ခြင်းများ၊ ၂၀၂၁ခုနှစ်အတွင်း အာဆီယံခရီးသွားလုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများမှ ကူညီဆောင်ရွက်ပေးမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။