သြဂုတ်လကုန်အထိ ကားအရောင်းစင်တာ ၁၄၃ ခုနှင့် ကားအရောင်းပြခန်း ၆၂ ခုတို့ကို ဖွင့်လှစ်ခွင့်ပြုထားပြီး တင်သွင်းခွင့်လျှောက်ထားမှုများကို အောက်တိုဘာ ၁ ရက်မှစ၍ Fully Online စနစ်ဖြင့် ခွင့်ပြုမည်

သြဂုတ်လကုန်အထိ ကားအရောင်းစင်တာ ၁၄၃ ခုနှင့် ကားအရောင်းပြခန်း ၆၂ ခုတို့ကို ဖွင့်လှစ်ခွင့်ပြုထားပြီး တင်သွင်းခွင့်လျှောက်ထားမှုများကို အောက်တိုဘာ ၁ ရက်မှစ၍ Fully Online စနစ်ဖြင့် ခွင့်ပြုမည်
မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီအစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ- စီးပွား/ကူးသန်း)
မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီအစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ- စီးပွား/ကူးသန်း)
Published 26 September 2020
စည်သူအောင်

၂၀၂၀ ပြည့်နှစ် သြဂုတ်လကုန်အထိ ကားအရောင်းစင်တာ ၁၄၃ ခုနှင့် ကားအရောင်းပြခန်း ၆၂ ခုတို့ကို ဖွင့်လှစ်ခွင့်ပြုထားပြီး COVID-19 ကာလအတွင်း မော်တော်ယာဉ် တင်သွင်းခွင့်လျှောက်ထားမှုများကို အောက်တိုဘာ ၁ ရက်မှစ၍ Fully Online စနစ်ဖြင့် ခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၅ ရက်တွင် ပြုလုပ်သည့် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ ၃/၂၀၂၀ ကြိမ်မြောက် အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီအနေဖြင့် ၂၀၂၀ ပြည့်နှစ် သြဂုတ်လအထိ အရောင်းစင်တာ ၁၄၃ ခု၊ အရောင်းပြခန်း ၆၂ ခုတို့ကို ဖွင့်လှစ်ခွင့်ပြုပြီးဖြစ်သည်။ ထို့အတူ ကော်မတီအနေဖြင့် ၂၀၂၁ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်းတွင် ထုတ်လုပ်ခုနှစ် (Model Year) သတ်မှတ်ချက်ကို ကော်မတီဝင်များ၏ သဘောထား မှတ်ချက်များရယူပြီး ၂၀၂၀ ပြည့်နှစ် သြဂုတ် ၃၁ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၀ ဖြင့် ထုတ်ပြန်ပြီးဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် ပြည်ပမော်တော်ယာဉ်တင်သွင်းခြင်းတွင် ထုတ်လုပ်ခုနှစ် သတ်မှတ်ချက်မှာ တစ်ဦးချင်းအစီအစဉ်ဖြင့် တင်သွင်းခြင်းဖြစ်စေ၊ ယာဉ်အိုယာဉ်ဟောင်း အစီအစဉ်ဖြင့် တင်သွင်းခြင်းဖြစ်စေ၊ လှူဒါန်းခြင်းဖြစ်စေ၊ လူစီးမော်တော်ယာဉ် တင်သွင်းခြင်းတွင် သုံးနှစ်အတွင်း ထုတ်လုပ်သည့် မော်တော်ယာဉ်၊ လုပ်ငန်းသုံးယာဉ်တင်သွင်းခြင်းတွင် ငါးနှစ်အတွင်းထုတ်လုပ်သည့် မော်တော်ယာဉ်များကို တင်သွင်းရန် သတ်မှတ်ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုလျင်မြန် ချောမွေ့စေရေးနှင့် COVID-19 ရောဂါ ဖြစ်ပွားနေသည့် အရေးပေါ်ကာလအတွင်း ကုန်သွယ်မှုလုပ်ငန်းများ အရှိန်မပျက် ဆောင်ရွက်နိုင်စေရန်အတွက် မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်ထားမှုများကို Fully Online စနစ်ဖြင့် အောက်တိုဘာ ၁ ရက်မှစတင်ပြီး ခွင့်ပြုနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိသည်။ ပထမအဆင့်အနေဖြင့် အရောင်းပြခန်းများ၏ မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်ထားမှုများကို Fully Online စနစ်ဖြင့် စတင်စမ်းသပ်ဆောင်ရွက်သွားမည်ဖြစ်သည်။ မော်တော်ယာဉ်တင်သွင်းခွင့်လိုင်စင်ကို Online စနစ်ဖြင့် စမ်းသပ်ဆောင်ရွက်စဉ်ကာလအတွင်း ဝယ်ယူခွင့်ပါမစ်များကို Manual စနစ်ဖြင့် ခွင့်ပြုထားပေးသွားမည် ဖြစ်သည်။ ဒုတိယအဆင့်အနေဖြင့် အရောင်းစင်တာများမှ မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်ထားမှုများ၊ ဝယ်ယူခွင့်ပါမစ်များကို Fully Online စနစ်ဖြင့် လိုင်စင်ထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်ဌာနများ၏ လုပ်ထုံးလုပ်နည်း၊ သတ်မှတ်ချက်များနှင့်အညီ တွေ့ကြုံနေရသည့်အခက်အခဲများကိုလည်း အဆင်ပြေစွာ ဆောင်ရွက်ပေးခြင်းဖြင့် မော်တော်ယာဉ်တင်သွင်းခြင်းနှင့်ပတ်သက်သည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် ပွင့်ပွင့်လင်းလင်းညှိနှိုင်း အကြံပြုဆွေးနွေးပေးရန် ကော်မတီအစည်းအဝေးတွင် ပြောကြားသည်။

Most Read

Most Recent