ကိုရိုနာဗိုင်းရပ်စ်သည် မည်သည့်အခါမျှ ပျောက်ကွယ်သွားဖွယ်မရှိဘဲ ကမ္ဘာသူ ကမ္ဘာသားများအနေဖြင့် HIV ဗိုင်းရပ်စ်နှင့် ဆက်လက်နေထိုင်နေရသကဲ့သို့ ကိုရိုနာဗိုင်းရပ်စ်နှင့် နေထိုင်ရန် သင်ယူရတော့မည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က မေ ၁၄ ရက်တွင် သတိပေးခဲ့သည်။ COVID-19 ကာကွယ်ဆေးကို ရရှိခဲ့ပါက ကမ္ဘာ့ နိုင်ငံများအတွက် Lockdown များ ပြန်လည် ရုပ်သိမ်းရန် အထောက်အကူပြုမည်ဖြစ်ပြီး ကာကွယ်ဆေးထုတ်လုပ်သူများကိုလည်း ဒေါ်လာသန်းပေါင်းများစွာ ရရှိစေနိုင်သည်။ သို့သော်လည်း ကိုရိုနာဗိုင်းရပ်စ်သည် လုံးဝ ပျောက်ကွယ်သွားဖွယ် မရှိဟု WHO က ပြောကြားခဲ့သည်။ “ဒီဗိုင်းရပ်စ်က ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် နောက်ထပ် ကပ်ဘေးအဆင့် ဗိုင်းရပ်စ် ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ ဒီဗိုင်းရပ်စ်က ပျောက်သွားတယ်ဆိုတာမျိုးလည်း ဘယ်တော့မှ ဖြစ်လာနိုင်ဖွယ် မရှိပါဘူး” ဟု WHO ၏ အရေးပေါ် စီမံခန့်ခွဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး မိုက်ကယ် ရိုင်ယန်က ပြောကြားခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်၏ တွယ်ကပ်နေနိုင်သည့် အလားအလာသည် ဗိုင်းရပ်စ်တိုက်ဖျက်ရေးနှင့် စီးပွားရေး ပြန်လည်ဖွင့်လှစ်ရေးတို့အကြား အတိမ်းအစောင်းမခံသည့် မျှခြေတစ်ရပ်ကို ကမ္ဘာတစ်ဝန်းရှိ အစိုးရများအနေဖြင့် ရှာဖွေရန်ဖြစ်လာစေခဲ့သည်။ ကမ္ဘာတစ်ဝန်း မေ ၂၈ ရက် အထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅.၇ သန်းကျော် ရှိပြီး သေဆုံးသူ ၃၅၇,၀၀၀ ကျော်ရှိကြောင်း AFP သတင်းဌာနက စာရင်းပြုစုထုတ်ပြန်ခဲ့သည်။
ပြင်သစ်နှင့် ဗြိတိန်တို့အပါအဝင် ဥရောပနိုင်ငံအများအပြားသည် ကိုရိုနာဗိုင်းရပ်စ်အား တားဆီးရန် ချမှတ်ထားသော Lockdown စီမံချက်များကို ထပ်မံရုပ်သိမ်းရန် မေ ၂၈ ရက်တွင် ပြင်ဆင်နေကြစဉ် အာရှ၏ဒေသအချို့က ကန့်သတ်ချက်သစ်များ ချမှတ်ခဲ့ရမှုသည် ကပ်ရောဂါ အကျပ်အတည်းပြီးဆုံးရန် ဝေးကွာနေသေးကြောင်း ပြသနေသည်။ လူပေါင်းသိန်းနှင့်ချီအား သေဆုံးစေခဲ့ပြီဖြစ်သော ကပ်ရောဂါသည် ဒေသအချို့တွင် ဆက် လက်ပျံ့နှံ့နေပြီး ကာကွယ်ဆေးရရှိရန်လည်း ဝေးကွာနေသေးစဉ် ကမ္ဘာ၏နေရာအများ အပြားတွင် ရှေ့ဆက်ရမည့်နည်းလမ်းအတွက် ရုန်းကန်နေရချိန်၌ ဥရောပတိုက်သည် သီးခြားနေရမှုမှခွဲထွက်လျက် ဖြည်းဖြည်းချင်း ပြန်လည်ဖြေလျှော့မှုများ ပြုလုပ်နေသည်။
သို့သော် အိန္ဒိယတွင် ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၁၇၅ ဦး ထပ်မံ သေဆုံးခဲ့ပြီး မေ ၂၉ ရက်တွင် သေဆုံးသူစုစုပေါင်း ၄,၇၀၆ ဦး အထိ ရှိလာသောကြောင့် အိမ်နီးချင်းတရုတ်နိုင်ငံထက် ကျော်လွန်သွားခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။ ကမ္ဘာ့ လူဦးရေအထူထပ်ဆုံးမြို့များ တည်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေသော အိန္ဒိယနိုင်ငံတွင် မကြာသေးမီရက်များအတွင်း ကူးစက်ခံရသူအရေအတွက် စံချိန်တင် မြင့်တက်လာခဲ့ပြီး ကူးစက်မှုဗဟိုချက်သစ်အဖြစ် ထွက်ပေါ်လာခဲ့သည်။ COVID-19 အတည်ပြုလူနာအရေအတွက် တစ်ရှိန်ထိုး မြင့်တက်လာနေသော်လည်း အိန္ဒိယသည် စီးပွားရေးနှင့် နိုင်ငံ၏ အဆင်းရဲဆုံး ပြည်သူများအား အလွန်အမင်း ထိခိုက်စေခဲ့သော တင်းကျပ်သည့် Lockdown စည်းမျဉ်းများအား ဖြည်းဖြည်းချင်း ဖြေလျှော့ပေးနေသည်။ ထိုကန့်သတ်မှုများအား ထပ်မံဖြေလျှော့ပေးရန်အတွက် ပြည်ထဲရေးဝန်ကြီး အာမစ်ရှားသည် မေ ၂၉ ရက်တွင် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။
အာရှနိုင်ငံအချို့တွင် ကူးစက်မှုသစ် မြင့်တက်လာမှုကြောင့် ကူးစက်မှုဒုတိယလှိုင်းကို စိုးရိမ်နေကြစဉ် တောင်ကိုရီးယားနှင့် သီရိလင်္ကာတို့၌ ကန့်သတ်ချက်များကို ပြန်လည် ချမှတ်ခဲ့ရသည်။ ယခုဗိုင်းရပ်စ်အား တိုက်ဖျက်မှုတွင် ကမ္ဘာက စံပြုထားသည့် တောင်ကိုရီးယားနိုင်ငံ၌ မြို့တော်ဆိုးလ်၌ ကူးစက်သူသစ်အများအပြား ပါဝင်သော လူအစုလိုက် ကူးစက်မှုသစ်များ ဖြစ်ပွားခဲ့မှုကြောင့် Social Distancing စည်းမျဉ်းအချို့ကို ပြန်လည် ချမှတ်ခဲ့ရသည်။ ပြတိုက်များ၊ ပန်းခြံများနှင့် အနုပညာပြခန်းများအား မေ ၂၉ ရက်မှ စတင်၍ သီတင်းနှစ်ပတ်ကြာ ပိတ်ထားမည်ဖြစ်ပြီး အခြားအရေးယူဆောင်ရွက်မှုများတွင် ကုမ္ပဏီများကိုလည်း ပြောင်းလွယ်ပြင်လွယ်သော အချိန်ဇယားများဖြင့် လည်ပတ်ရန် ညွှန်ကြားခဲ့သည်။ သီရိလင်္ကာတွင် ကူဝိတ်မှ ပြန်လာသူ ၂၅၀ ကျော်၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူများ တွေ့ရှိခဲ့ရမှုကြောင့် မေ ၃၁ ရက်မှစ၍ Lockdown စည်းမျဉ်းအချို့ကို ပြန်လည်ချမှတ်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ၊ COVID-19 နှင့်အတူ နေထိုင်ရာ၌ မူဝါဒရေးရာ ဆုံးဖြတ်ချက်မှန်သမျှသည် ရောဂါကူးစက် ပျံ့နှံ့မှုထိန်းချုပ်ရေးနှင့် စီးပွားရေးတို့အကြား မျှခြေ တစ်ရပ်အပေါ်တွင် အခြေပြုရမည်ဖြစ်ရာ မှန်ကန်သည့် အချက်အလက်များ ရရှိရေးက လွန်စွာ အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ (မေ ၃၀ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)








