မူဝါဒနှင့် လုပ်ငန်းစဉ်

မူဝါဒနှင့် လုပ်ငန်းစဉ်
Published 28 May 2020

မည်သည့်လုပ်ငန်းကဏ္ဍဖြစ်သည်ဟူသည်နှင့် မဆိုင်ဘဲ ထိရောက်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ကောင်းစွာရေးသားထားသည့် မူဝါဒနှင့် လုပ်ငန်းစဉ်များ လိုအပ်သည်။ အဖွဲ့အစည်းခေါင်းဆောင်များအနေဖြင့် မည်သည့်ကိစ္စအတွက်မဆို မူဝါဒနှင့် လုပ်ငန်းစဉ်များ ဖြစ်နိုင်သမျှ အမြန်ဆုံး ချမှတ်ထားရန် လိုအပ်သည်။ ခေါင်းဆောင်တို့သည် မိမိအဖွဲ့အစည်းနှင့် ဝန်ထမ်းများကို မူဝါဒနှင့် လုပ်ငန်းစဉ်များအား လိုက်နာရေးကို ကြီးကြပ်ရသကဲ့သို့ အဖွဲ့အစည်း၏ ဓလေ့ထုံးတမ်းတစ်ရပ်ကိုလည်း သတ်မှတ်အကောင်အထည်ဖော်ရသည်။ လုပ်ငန်းကဏ္ဍအလိုက် မူဝါဒနှင့် လုပ်ငန်းစဉ်များ မလိုက်နာမှုသည် ဒဏ်ရိုက်ခံရခြင်း၊ တရားစွဲခံရခြင်းနှင့် ကောင်းသော ဂုဏ်သတင်း ဆုံးရှုံးရခြင်းတို့ဆီ ဦးတည်သွားစေနိုင်သည့်အပြင် မိမိဝန်ထမ်းများအပေါ်သို့ပင် အန္တရာယ်များ ကျရောက်လာစေနိုင်သည်။ ယင်းအကျိုးဆက်များအပြင် မသိသေးသည့် အခြားအန္တရာယ်များသည်လည်း အချိန်မရွေး ရုတ်တရက် မမျှော်လင့်ဘဲ ကျရောက်လာနိုင်သောကြောင့် တစ်စုံတစ်ရာ မဖြစ်ပေါ်မီ ကြိုတင်လုပ်ဆောင်ထားခြင်းနှင့် တားဆီးကာကွယ်ထားခြင်းတို့သည် အမြော်အမြင်အရှိဆုံး ဆောင်ရွက်ရာလမ်းကြောင်းဖြစ်သည်။ မိမိအဖွဲ့အစည်းကို ဖြစ်နိုင်သမျှ ကာကွယ်စောင့်ရှောက်မှုပြုနိုင်ရန် မူဝါဒနှင့် လုပ်ငန်းစဉ်များ အဆက်မပြတ် ဆင့်ကဲပြောင်းလဲနိုင်ရန်လည်း လိုအပ်သည်။ မူဝါဒနှင့် လုပ်ငန်းစဉ်များသည် မိမိအဖွဲ့အစည်းနှင့်အတူ ကြီးပြင်းလာရန် လိုအပ်သကဲ့သို့ အပြောင်းအလဲများအပေါ် ထင်ဟပ်နိုင်ရန်လည်း လိုအပ်သည်။ ယင်းတွင် မူဝါဒနှင့် လုပ်ငန်းစဉ်တို့၏ ကွဲပြားခြားနားချက်များကို နားလည်ရန်လည်း အရေးကြီးလာသည်။

မူဝါဒဟူသည် အထွေထွေလမ်းညွှန်ချက်တစ်စုံဖြစ်သည်။ အချို့သော ကိစ္စရပ်များကို ကိုင်တွယ်ရန်အတွက် မိမိအဖွဲ့အစည်း၏ အစီအစဉ်ကို အနှစ်ချုပ်ဖော်ပြထားခြင်းဖြစ်သည်။ အနှစ်သာရသဘောအရ မူဝါဒများသည် အဖွဲ့အစည်း၏ စံတန်ဖိုးများ၊ အတွေးအခေါ်များနှင့် ဓလေ့ထုံးတမ်းများတို့နှင့် ဆက်သွယ်ထားခြင်းဖြစ်သည်။ ယင်းတို့တွင် ဝန်ထမ်းများအနေဖြင့် အဖွဲ့အစည်းမှနေ၍ မည်သည်တို့ကို မျှော်လင့်နိုင်သနည်း (ဝန်ထမ်းအကျိုးခံစားခွင့်၊ အားလပ်ရက်မူဝါဒ)၊ အဖွဲ့အစည်းအနေဖြင့် ဝန်ထမ်းများထံမှ မည်သည်တို့ကို မျှော်လင့်နိုင်သနည်း (ကျင့်ဝတ်၊ လျှို့ဝှက်သဘောတူညီချက်များ) နှင့် ဖောက်သည်များနှင့် လူ့အဖွဲ့အစည်းတို့အနေဖြင့် အဖွဲ့အစည်းထံမှ မည်သည်တို့ကို မျှော်လင့်နိုင်သနည်း (ဖောက်သည်ဝန်ဆောင်မှုမူဝါဒ) အစရှိသည်တို့ ပါဝင်သည်။ ထိရောက်သည့် မူဝါဒများသည် Healthy ဖြစ်သည့် အလုပ်ယဉ်ကျေးမှုတစ်ရပ်လည်း ဖြစ်သည်။ မူဝါဒများက ဓလေ့ထုံးတမ်းအပေါ် လွှမ်းမိုးပြီး ဝန်ထမ်းတို့၏ မျှော်လင့်ချက်များနှင့် ဆက်သွယ်ပေးကာ နေ့စဉ်လုပ်ငန်းဆောင်ရွက်ချက်များအတွက် လမ်းညွှန်ချက်များလည်း ဖြစ်သည်။ ကောင်းမွန်သည့် မူဝါဒတစ်ရပ်သည် စည်းမျဉ်းစာရင်းတစ်ရပ်မျှသာ မဟုတ်ပေ။ ဝန်ထမ်းများအား ၎င်းတို့၏ အလုပ်များနောက်ကွယ်ရှိ ရည်ရွယ်ချက်များကို ပြသပေးပြီး အောင်မြင်မှုကို တိုင်းတာနိုင်သည့် နည်းလမ်းများကို ပေးသည်။ မူဝါဒကောင်းတစ်ရပ်သည် ရှင်းလင်း၊ တိကျ၊ ရိုးရှင်းသည့် ဘာသာစကားဖြင့် ရေးသားထားခြင်း ရှိရမည်။ စည်းမျဉ်းများကို ရှင်းလင်းဖော်ပြထားခြင်းဖြစ်ပြီး ယင်းစည်းမျဉ်းများကို အကောင်အထည်ဖော်ပုံအား ဖော်ပြထားခြင်းမျိုး မဟုတ်ပေ။ ဝန်ထမ်းများအနေဖြင့် အချိန်မရွေး အလွယ်တကူ သိရှိနိုင်ရမည်ဖြစ်သည်။ ခိုင်မာပြီး ယုတ္တိရှိသည့် လုပ်ငန်းမူဘောင်ကို ဖော်ပြသည်။

မူဝါဒများ ချမှတ်ထားပြီးနောက် နောက်တစ်ဆင့်မှာ လုပ်ငန်းစဉ်များ ရေးဆွဲခြင်းဖြစ်သည်။ မူဝါဒများသည် ဆုံးဖြတ်ချက်ချမှတ်ခြင်းအတွက် လမ်းညွှန်ဖြစ်သော်လည်း လိုက်လျောညီထွေသဘောဆောင်ရမည်ဖြစ်သည်။ မူဝါဒများအနေဖြင့် အရေးယူဆောင်ရွက်မှုတစ်ခု၏ နောက်ကွယ်တွင်ရှိသော အကြောင်းရင်းကို ဖော်ပြသည်။ အခြားတစ်ဖက်၌ လုပ်ငန်းစဉ်များက မည်သို့မည်ပုံ ပြုလုပ်ရမည်ကို ရှင်းပြသည်။ လုပ်ငန်းစဉ်များသည် သက်ဆိုင်ရာ ပုံမှန်လုပ်ငန်းတာဝန်များအတွက် အဆင့်ဆင့် ညွှန်ကြားချက်များ ဖြစ်ကြပြီး စစ်ဆေးရန်စာရင်းတစ်ရပ် သို့မဟုတ် လိုက်နာရန်အဆင့်များ ဖြစ်ကြသည်။ သို့သော် လုပ်ငန်းစဉ်များတွင် အနည်းဆုံးအနေဖြင့် လုပ်ငန်းတာဝန်အသီးသီးအတွက် မည်သူက တာဝန်ရှိသနည်း၊ လုပ်ဆောင်ရန်အတွက် မည်သည့်အဆင့်များ လိုအပ်သနည်းနှင့် အစီရင်ခံရန်အတွက် မည်သည့်အဖွဲ့က တာဝန်ရှိသနည်း အစရှိသည်တို့ ပါဝင်ရမည်ဖြစ်သည်။ ရေးဆွဲထားသည့် လုပ်ငန်းစဉ်များသည် ဝန်ထမ်းများအနေဖြင့် မည်သည့်အရာများ လုပ်ဆောင်ရမည်ကို သိရှိရေး သေချာစေရန် လိုအပ်ပြီး အဓိကဝန်ထမ်းများရုံး၌ မရှိလျှင်ပင် မိမိအဖွဲ့အစည်းကို အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေးအား ထိန်းသိမ်းပေးနိုင်ရမည်ဖြစ်သည်။ လုပ်ငန်းစဉ်များကိုလည်း ရှင်းလင်း၊ တိကျ၊ ရိုးရှင်းသည့် ဘာသာစကားဖြင့် ရေးသားထားရမည်ဖြစ်သည်။ မူဝါဒများအား မည်သို့မည်ပုံ အကောင်အထည် ဖော်ရမည်ကို ရှင်းလင်းဖော်ပြထားရမည်။ ဖတ်ရှုသူအနေဖြင့် အကြောင်းအချက်များကို နားလည်သဘောပေါက်စေရမည်ဖြစ်သည်။ မလိုအပ်သည့် ထိန်းချုပ်ကန့်သတ်မှုများ မပါဝင်ဘဲ ဖြစ်နိုင်ပါက ရွေးချယ်စရာများ ထည့်သွင်းထားရမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ မူဝါဒနှင့် လုပ်ငန်းစဉ်များ ရေရေရာရာ တိတိကျကျမရှိသည့် အဖွဲ့အစည်းတစ်ရပ်သည် သံလိုက်အိမ်မြှောင်မပါဘဲ ကမ်းမမြင် လမ်းမမြင် ပင်လယ်သမုဒ္ဒရာအတွင်း စမ်းတဝါးဝါး သွားလာနေသည့် သို့မဟုတ် ရမ်းသန်းရွက်လွှင့်နေသည့် သင်္ဘောတစ်စင်းနှင့်သာ တူနေလိမ့်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(မေ ၂၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent