COVID-19 ကို တုံ့ပြန်ခြင်း

COVID-19 ကို တုံ့ပြန်ခြင်း
Published 25 May 2020

လွန်ခဲ့သည့်နှစ်က Johns Hopkins တက္ကသိုလ်မှ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပညာရှင်များက အချက်အလက်များ အကြီးအကျယ် စုဆောင်းပြီးနောက် ကမ္ဘာ့နိုင်ငံတိုင်းကို ရောဂါကူးစက်ပျံ့နှံ့မှုတစ်ရပ်အတွက် ကြိုတင်ပြင်ဆင်မှုအပေါ် အဆင့်သတ်မှတ်ချက် ထုတ်ပြန်ခဲ့သည်။ နိုင်ငံပေါင်း ၁၉၅ နိုင်ငံအနက် အမေရိကန်က ပထမနှင့် ဗြိတိန်က ဒုတိယနေရာ ရခဲ့သည်။ နိုင်ငံအသီးသီး၏ COVID-19 ကူးစက်ပျံ့နှံ့မှုအပေါ် ကိုင်တွယ်ပုံများအား တိကျသည့် အကဲဖြတ်ချက်တစ်ရပ်ပေးရန် အချိန်စောလွန်းနေသေးသော်လည်း ယခုကပ်ရောဂါအလွန်ကာလသို့ ရောက်လျှင် လွန်ခဲ့သည့်နှစ်က အဆင့်သတ်မှတ်ချက်များနှင့် အကြီးအကျယ် ခြားနားသွားမည်မှာ သေချာ၍နေသည်။ အကယ်၍ ဗြိတိန်သည်သာ အဆင့်ကျဆင်းသွားခဲ့ပါက ဗြိတိန်သည် အစီအစဉ်တစ်ရပ် ရှိမထားသောကြောင့်ဟု မဆိုနိုင်ပေ။ ရေရှည်ဆန်လွန်းသော အစီအစဉ်ကြောင့်ဟုသာ ဆိုနိုင်လိမ့်မည်။

၂၀၀၉ ခုနှစ် နွေဦးကာလတွင် မက္ကဆီကိုနိုင်ငံ၌ ဗိုင်းရပ်စ်အသစ်တစ်မျိုး ထွက်ပေါ်လာခဲ့သည်။ လူ၊ ဝက်နှင့် ငှက်တို့တွင် ဖြစ်ပွားသော ဗိုင်းရပ်စ်များ ရောနှောသွားခြင်းဖြစ်ပြီး ဝက်တုပ်ကွေး (H1 N1) ဟု ခေါ်ဆိုသည်။ Imperial College မှ ရောဂါကူးစက်ပျံ့နှံံမှုဆိုင်ရာ ပညာရှင်များက အဆိုးဆုံးအနေအထားဖြစ်ခဲ့လျှင် လူပေါင်း ၆၅,၀၀၀ သေဆုံးနိုင်သည်ဟု ခန့်မှန်းခဲ့ခြင်းနှင့်အတူ ဗြိတိန်ကျန်းမာရေးအကြီးအကဲက အမြင့်ဆုံးအဆင့် တပ်လှန့်ခဲ့သည်။ ကာကွယ်ဆေးများနှင့် ဆေးဝါးများ ဝယ်ယူခြင်းအပါအဝင် ဗြိတိန်ဝန်ကြီးများက ပေါင် ၁.၂ ဘီလျံအထိ သုံးစွဲခဲ့သည်။ ဇာတ်သိမ်း၌ လူပေါင်း ၄၅၇ ဦးသာ သေဆုံးပြီး ပုံမှန်ရာသီပေါ်တုပ်ကွေးကြောင့် သေဆုံးမှု၏ တစ်စိတ်တစ်ပိုင်းသာ ရှိသည်။ ဗြိတိန်အစိုးရလည်း အလွန်အကျွံတုံ့ပြန်မှု ပြုလုပ်ခဲ့သည်ဟု အကြီးအကျယ် ဝေဖန်ခံရတော့သည်။ Tax Payers’ Alliance (အခွန်ဆောင်သူများမဟာမိတ်အဖွဲ့) က “အလွန်စျေးကြီးသည့် ဟာသ” ဟုပင် ဝေဖန်ခဲ့ပြီး လေဘာပါတီအမတ် ပေါလ်ဖလင်းက “ကြောက်လန့်တကြားဖြစ်အောင် လှုံ့ဆော်မှု” ဟု ဆိုကာ ရှုတ်ချခဲ့သည်။ ဒက်ဒရီဟိုင်း ဦးဆောင်သည့် တရားဝင်စုံစမ်းစစ်ဆေးရေးအဖွဲ့က ဖျန်ဖြေမှု ပြုလုပ်ခဲ့သကဲ့သို့ ထောက်ပြဝေဖန်မှုလည်း ပြုလုပ်ခဲ့သည်။ ယင်းအဖွဲ့က တုံ့ပြန်မှုသည် အချိုးအစားညီမျှပြီး ထိရောက်မှုလည်း ရှိသည်ဟု ဖော်ပြခဲ့သော်လည်း ဝန်ကြီးများအနေဖြင့် အဆိုးဆုံးအနေအထားကို အခြေခံတွက်ချက်လျက် တုံ့ပြန်ရန် မလိုအပ်ဟု ထောက်ပြခဲ့သည်။ ထွက်ပေါ်လာမည့် အချက်အလက်များအတိုင်းသာ အသေအချာတုံ့ပြန်ရမည်ဟု အခြားနည်းလမ်းတစ်ရပ်ကို ဟိုင်းက ပြောပြခဲ့သည်။

အကြီးအကျယ် ဝေဖန်ခံခဲ့ရခြင်းဟူသည့် အရိပ်မိုးမှုအောက်၌ ၂၀၁၁ ခုနှစ်၌  ဗြိတိန်အာဏာပိုင်များသည် ကပ်ရောဂါဆိုင်ရာ အစီအစဉ်သစ်တစ်ရပ်ကို ပြင်ဆင်ထားခဲ့သည်။ ယင်းသည် အချိုးအစားညီမျှပြီး အလွန်အကျွံမဖြစ်ရန် လိုအပ်ချက်အပေါ်သာ အကြီးအကျယ် အာရုံစိုက်ခဲ့သည်။ ယခု COVID-19 ကိစ္စတွင်လည်း ဗြိတိန်အာဏာပိုင်များ၏ အစောပိုင်း တုံ့ပြန်မှုများသည် ယင်းအတိုင်း လိုက်နာခြင်းပင် ဖြစ်နေသည်။ ၂၀၁၁ ခုနှစ် အစီအစဉ်သည် ‘လူအုပ်စုလိုက် ကိုယ်ခံအား ရရှိရေး မဟာဗျူဟာ’ (Herd Immunity Strategy) ပင် ဖြစ်သည်။ ၂၀၁၁ ခုနှစ် အစီအစဉ်တွင် “ ရောဂါကူးစက်ပျံ့နှံ့မှုကို ရပ်တန့်ရန် သို့တည်းမဟုတ် ဗိုင်းရပ်စ်ကို အပြီးချေမှုန်းရန် မဖြစ်နိုင်” ဟု ဖော်ပြထားသည်။ မည်သည့် ကပ်ရောဂါကာလအတွင်း၌မဆို ဗြိတိန်အစိုးရအနေဖြင့် နယ်စပ်များ ပိတ်ခြင်း၊ လူစုလူဝေးများကို တားမြစ်ခြင်း သို့မဟုတ် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို ထိန်းချုပ်ခြင်းတို့ မပြုလုပ်ရန် ဖော်ပြထားသည်။ (Social Distancing အကြောင်းကိုမူ ထည့်သွင်းဖော်ပြထားခြင်း မရှိပေ)။ ယင်းအစီအစဉ်သည် ပြည်သူများ အထိတ်တလန့် မဖြစ်စေရေးကို ဦးစားပေးလျက် နေ့စဉ်ဘဝနေထိုင်မှုများ ပုံမှန်အတိုင်း ဆက်သွားရေးကို အားပေးသည်။ နှာခေါင်းစည်းများ တပ်ခြင်း၊ ခရီးသွားလာမှု ပိတ်ပင်ခြင်းနှင့် ကျောင်းများ ပိတ်ခြင်းတို့ကို မကောင်းမြင်ထားသည်။ ထို့အပြင် ဗြိတိန်သည် ယခုကပ်ရောဂါဖြစ်ပွားမှုတွင် WHO များ စုဆောင်းထားရှိခြင်း၊ ဆေးရုံများမှ လျှံကျလာမည့် လူနာများအတွက် ယာယီဆေးရုံများ ပြင်ဆင်ထားရှိခြင်းတို့ကဲ့သို့သော ကြိုတင်ပြင်ဆင်မှုများလည်း ပျက်ကွက်ခဲ့သည်။ မကြာမီအတွင်း ဖြစ်လာနိုင်ဖွယ်မရှိသည့် ကိစ္စများအတွက် ပြင်ဆင်ရန် အကုန်အကျခံခြင်းအား ဖြုန်းတီးခြင်းဟူသည့် အမြင်မျိုး ဖြစ်နိုင်သည်။

မည်သို့ပင်ဆိုစေ၊ အီဘိုလာရောဂါတိုက်ဖျက်ရေးကာလ၌ WHO မှ တာဝန်ရှိသူ မိုက်ရိုင်ယန်က “ မလုပ်ရသေးခင် မှန်ကန်ဖို့ လိုအပ်တယ်ဆိုရင်တော့ ဘယ်တော့မှ အနိုင်ရမှာ မဟုတ်ဘူး” ဟု ပြောခဲ့သကဲ့သို့ပင် ကပ်ရောဂါတစ်ခုကို တုံ့ပြန်ရာတွင် အချိုးအစားညီမျှရန် မလိုအပ်ဘဲ ထိရောက်မှုရှိရန်သာ လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(မေ ၂၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent