COVID-19 ကို ထိန်းချုပ်ကာကွယ်ကုသနိုင်ရေး ကမ္ဘာနှင့်အဝှမ်း အပတ်တကုတ် ကြိုးစားနေသကဲ့သို့ အခြားစစ်မျက်နှာတွင်လည်း စီးပွားရေးပြိုလဲလာနိုင်မှု၏ စိုးရွံ့ဖွယ်အန္တရာယ်က ရှိနေပြန်သည်။ ၂၀၂၀ ပြည့်နှစ် နှစ်စပိုင်းမှစ၍ ကျဆင်းလာသည်ဟုဆိုရမည့် ကမ္ဘာ့စီးပွားရေးအခြေအနေသည် လက်ရှိအချိန်တွင် အနာဂတ်မျှော်မှန်းရခက်စေသော အနေအထားအဖြစ်သို့ပင် ရောက်နေသည်ဟု စီးပွားရေးပညာရှင်များက သုံးသပ်နေကြသည်။ ကမ္ဘာ့ထိပ်သီးအမေရိကန်မှစ၍ စီးပွားပြိုလဲနိုင်ခြေရှိသည့် အရိပ်အမြွက် အခြေအနေများက တုန်လှုပ်စရာဖြစ်နေသည်။ ဒေါ်လာဘီလျံနှင့်ချီသော လုပ်ငန်းများ လေကြောင်းလိုင်းကဲ့သို့သော လုပ်ငန်းကြီးများ ပြိုလဲတော့မည့် သတင်းများလည်း တွေ့မြင်နေကြရပြီဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ကမ္ဘာ့စီးပွားရေးသည် နာလန်ထရန်လာမည့် နှစ်အတန်ကြာ အချိန်ယူရမည်ဟု စီးပွားပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုအဖွဲ့ OECD က ဧပြီ ၂၃ ရက်တွင် သတိပေးခဲ့သေးသည်။ ပြင်းထန်သည့်ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ကမ္ဘာ့စီးပွားရေး ကျဆင်းသွားမှုသည် မခန့်မှန်းနိုင်အောင်ဖြစ်နိုင်ပြီး အလုပ်အကိုင်ဆုံးရှုံးမှုများနှင့် ကုမ္ပဏီများ၏ ကျရှုံးမှုများမှာ အရေအတွက်အရ သေချာစွာ သိရှိရခြင်းမရှိသေးသော်လည်း နိုင်ငံများအနေဖြင့် စီးပွားရေးထိုးကျမှုများကို လာမည့်နှစ်ပေါင်းအတန်ကြာ ရင်ဆိုင်ရလိမ့်မည်ဟု OECD အတွင်းရေးမှူးချုပ်ကလည်း ပြောကြားခဲ့သည်။ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံများစွာသည် လာမည့်လများတွင် စီးပွားရေးပျက်ကပ်အတွင်း သက်ဆင်းရလိမ့်မည်ဖြစ်ကြောင်းနှင့် သုံးလပတ်နှစ်ခုဆက်တိုက် ကျဆင်းလိမ့်မည်ဖြစ်ကြောင်း သုံးသပ်ကြသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း ရောဂါကာကွယ်ထိန်းချုပ်ကုသရေးထက် စီးပွားရေး ပြိုလဲမသွားစေရန် အဓိကထား လုပ်ဆောင်ရမည့် အခြေအနေမျိုးနှင့် ရင်ဆိုင်နေရသည်။ COVID-19 ရောဂါကြောင့် ဖြစ်ပေါ်လာမည့် စီးပွားရေးဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများကို အဆိုးရွားဆုံးခံစားရမည့်သူများမှာ ဆင်းရဲနွမ်းပါးသော ပြည်သူများဖြစ်သဖြင့် မြန်မာကဲ့သို့ ဖွံ့ဖြိုးမှုနောက်ကျသောနိုင်ငံအနေဖြင့် ဒုက္ခသုက္ခတို့နှင့် ကြုံရမည်မှာ အမှန်ပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းကိုကြည့်လျှင် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၃ ရာခိုင်နှုန်းရှိသည်ဟုဆိုသော်လည်း ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် နှစ်ရာခိုင်နှုန်းအထိ ကျဆင်းနိုင်သည့် အန္တရာယ်ရှိနေပြီဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။ အချို့ကလည်း ရောဂါကပ်ဆိုး၏ နောက်ဆက်တွဲဂယက်ကြောင့် မြန်မာ၏ စီးပွားရေးကျဆင်းနှုန်းသည် နှစ်ရာခိုင်နှုန်းအောက်ပင် ထိုးဆင်းသွားနိုင်သည်ဟု သုံးသပ်နေကြသည်။ မြန်မာနိုင်ငံ၌ နွမ်းပါးပြီး ထိခိုက်လွယ်သော ပြည်သူများမှာ စိုက်ပျိုးရေးကဏ္ဍ၊ အထည်ချုပ်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် လုပ်သားအင်အား ထက်ဝက်ခန့် ဝင်ရောက်လုပ်ကိုင်လျက်ရှိပြီး ယင်းတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအပေါ် ခြိမ်းခြောက်မှုသည် ကြီးမားနိုင်သည်ဟု တွက်ချက်နေကြသည်။
ပဋိပက္ခဒေသများတွင် စီးပွားရေး၏ဂယက်သည် ပိုမိုပြင်းထန်နိုင်ပြီး နာလန်ထူနိုင်ရန် နှစ်ရှည်လများ ရုန်းကန်ကြရမည့်ကိန်း ဆိုက်နေသည်။ ကပ်ရောဂါကာကွယ်တားဆီးနိုင်မှု မရှိသေးသည့်အခြေအနေတွင်ပင် ပြည်သူများအနေဖြင့် မိမိတို့၏နေ့စဉ်ဝင်ငွေနှင့် စီးပွားရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရေးတို့အတွက် လုပ်ငန်းခွင်သို့ ဝင်နေကြရသည်။ ထိုအခြေအနေများကြောင့် မြန်မာနိုင်ငံအနေဖြင့် ရောဂါကပ်အပြင် စီးပွားပျက်ကပ်နှစ်မျိုးစလုံးအတွက် ပြင်ဆင်၍ ချမ်းသာသော နိုင်ငံများထက် ပိုမိုရုန်းကန်နေကြရသည်။ လက်ရှိတွင် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် စီးပွားရေးပျက်ကပ်တစ်ရပ် မကြုံတွေ့ရလျှင်ပင် ကမ္ဘာ့နိုင်ငံအတော်များများ၏ စီးပွားရေးမှာ အနုတ်လက္ခဏာပြမှုကြာရှည်နိုင်သည်မှာ သေချာပေသည်။ နိုင်ငံကြီးများ စီးပွားရေးနာလန်ထရန် အချိန်နှစ်နှစ်ခန့် ယူရလိမ့်မည်ဟု တွက်ချက်နေချိန်တွင် ဆင်းရဲသော နိုင်ငံများအနေဖြင့် အလုပ်လက်မဲ့နှုန်း မြင့်တက်ပြီး စီးပွားပျက်မှုကို နှစ်ရှည်လများ ရင်ဆိုင်ကြုံတွေ့ရနိုင်သည်။
သို့ဖြစ်ရာ အာဏာပိုင်များအနေဖြင့် ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ကာကွယ်ရေးအပြင် အလုပ်သမားများ၊ လုပ်ငန်းများနှင့် နိုင်ငံစီးပွားရေးကို ထောက်ပံ့ရန် အလျင်အမြန် လုပ်ကြရမည်ဖြစ်သည်။ ယင်းအခြေအနေတွင် စီးပွားရေးအကျပ်အတည်းကို အစိုးရက မည်သို့ ကိုင်တွယ်မည်နည်းဆိုသည့် အချက်သည် အရေးကြီးသည်။ မလွဲမသွေဖြစ်ပေါ်လာမည့် စီးပွားရေးကျဆင်းမှုကို ကုစားရန် မူဝါဒချမှတ်သူများအနေဖြင့် မှန်ကန်၍ မြန်ဆန်သော အကောင်အထည်ဖော်မှုမျိုးသည် အရေးကြီးပါကြောင်း The Daily Eleven သတင်းစာမှ ရေးသားအပ်ပါသည်။
■ (မေ ၂၁ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)








