ပြုလုပ်နေဆဲဖြစ်သည့် ပိုးသတ်ဆေးဖျန်းခြင်း

ပြုလုပ်နေဆဲဖြစ်သည့် ပိုးသတ်ဆေးဖျန်းခြင်း
Published 18 May 2020

မေ ၈ ရက် နေ့စွဲဖြင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက “COVID-19 ရောဂါကာကွယ်ရန်အတွက် လူ့ခန္ဓာကိုယ်ပေါ် ပိုးသတ်ဆေးဖျန်းခြင်း” ကို မပြုလုပ်ရန် တရားဝင်စာထုတ်ကာ တားမြစ်ထားပြီး ဖြစ်သည်။  အဆိုပါစာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် စျေးဝယ်စင်တာများ၊ စားသောက်ဆိုင်များ၊ ဖုန်းအရောင်းဆိုင်များ အစရှိသောနေရာများတွင် စျေးဝယ်သူများ၊ ဆိုင်သို့ ဝင်/ထွက်သူများကို ပိုးသတ်ဆေးဖျန်းခြင်းများ တွေ့မြင်ကြားသိနေရကြောင်း၊ ထိုသို့ ဆေးဖျန်းရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အထူးလမ်းညွှန်ချက်များ ထုတ်ပြန်ထားခြင်း မရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ထိုဖျန်းဆေးများ၏ ဘေးထွက်ဆိုးကျိုးများသည် လူကို အန္တရာယ်ဖြစ်စေနိုင်ကြောင်းလည်း ဖော်ပြခဲ့သည်။ သို့သော် ပြန်လည်ဖွင့်လှစ်လိုက်သည့် စက်ရုံ/အလုပ်ရုံအချို့တွင် အလုပ်ဆင်းရန်လာသူများကို ပိုးသတ်ဆေးဖျန်းပြီးမှ ဝင်ခွင့်ပြုသည်ဟု ကြားသိနေရဆဲဖြစ်သည်။       

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း အချို့နိုင်ငံများတွင် ပြုလုပ်နေသည့် လမ်းများပေါ်သို့ ပိုးသတ်ဆေးဖျန်းခြင်းသည် ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ်ကို မသုတ်သင်နိုင်သည့်အပြင် ကျန်းမာရေးအန္တရာယ်ပင် ဖြစ်စေနိုင်သည်ဟု မေ ၁၆ ရက်တွင် သတိပေး ပြောကြားခဲ့သည်။ ဗိုင်းရပ်စ်ကို တုံ့ပြန်ရန် တစ်စိတ်တစ်ပိုင်းအဖြစ် မျက်နှာပြင်များကို သန့်ရှင်းရေးလုပ်ခြင်းနှင့် ပိုးသတ်ခြင်းဆိုင်ရာ စာတမ်းတစ်ရပ်ကို ထုတ်ပြန်ရာတွင် ပိုးသတ်ဆေးဖျန်းခြင်းသည် ထိရောက်မှုမရှိနိုင်ဟု WHO က ပြောကြားခဲ့သည်။ “ လမ်းတွေနဲ့ စျေးတွေလို နေအိမ်ပြင်ပနေရာတွေကို ဆေးဖျန်းခြင်း ဒါမှမဟုတ် မှိုင်းတိုက်ခြင်းဟာ COVID-19 ဗိုင်းရပ်စ် ဒါမှမဟုတ် တခြားပိုးမွှားတွေကို သေစေနိုင်တယ်လို့ အကြံမပြုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပိုးသတ်ဆေးကို အညစ်အကြေးတွေနဲ့ အစအနတွေက အာနိသင်မရှိအောင် လုပ်လိုက်လို့ပါပဲ” ဟု WHO က ရှင်းပြခဲ့သည်။ “ အော်ဂဲနစ်ပစ္စည်းတွေ မရှိရင်တောင်မှပဲ ဓာတုဆေးရည်ပက်ဖျန်းခြင်းဟာ ရောဂါပိုးတွေကို မစွမ်းတော့အောင် ပြုဖို့လိုအပ်တဲ့ ထိတွေ့ချိန်အတိုင်းအတာနဲ့ပတ်သက်ပြီး မျက်နှာပြင်အားလုံးအပေါ် လုံလောက်တဲ့ လွှမ်းခြုံနိုင်မှု မရှိနိုင်ပါဘူး” ဟု WHO က ပြောကြားခဲ့သည်။

WHO က လမ်းများနှင့် ပလက်ဖောင်းများကို COVID-19 ဗိုင်းရပ်စ်ပိုး ခိုအောင်းရာများအဖြစ် သတ်မှတ်မထားကြောင်းနှင့် ပြင်ပ၌ ပိုးသတ်ဆေးဖျန်းခြင်းသည် လူတို့၏ ကျန်းမာရေးအတွက် အန္တရာယ်ပင် ရှိနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။ WHO က ထုတ်ပြန်သည့် စာတမ်း၌ လူများပေါ်သို့ ပိုးသတ်ဆေးဖျန်းခြင်းကိုမူ မည်သည့်အခြေအနေရပ်မျိုးမဆို ခွင့်မပြုရန် အထူးသတိပေးထားသည်။ “ ဒါဟာ ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ထိခိုက်စေနိုင်ပြီး ရောဂါကူးစက်ခံထားရသူကနေ အမှုန်အမွှားတွေကတစ်ဆင့် ဒါမှမဟုတ် ထိတွေ့မှုကတစ်ဆင့် ဗိုင်းရပ်စ်ပျံ့နှံ့နိုင်စွမ်းကို လျှော့ချပေးနိုင်စွမ်း မရှိပါဘူး” ဟု WHO က ထုတ်ပြန်သည့် စာတမ်း၌ ပြောကြားထားသည်။ ကလိုရင်း သို့မဟုတ် အခြားအဆိပ်ရှိသည့် ဓာတုဆေးရည်များကို ပက်ဖျန်းခြင်းသည် အရေပြားကို ထိခိုက်စေခြင်း၊ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေခြင်းနှင့် အစာအူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်စေခြင်းတို့ ဖြစ်စေနိုင်သည်ဟု ဆိုသည်။

နေအိမ်နှင့် အဆောက်အအုံများအတွင်း မျက်နှာပြင်များကို စနစ်ပိုင်းဆိုင်ရာအရ ဆေးဖျန်းခြင်း သို့မဟုတ် မှိုင်းတိုက်ခြင်းကိုလည်း ပြင်ပတိုက်ရိုက်ဆေးဖျန်းရာ နေရာများနှင့် ပတ်သက်သော လေ့လာချက်က ထိရောက်မှုမရှိကြောင်း ပြနေသည်ကို ကိုးကားလျက် WHO က ဆန့်ကျင်ခဲ့သည်။ “ ပိုးသတ်ဆေးတွေကို သုံးမယ်ဆိုရင် အဝတ်စ ဒါမှမဟုတ် သုတ်စရာတစ်ခုခုနဲ့ ဆေးရည်ကို ဆွတ်ပြီး သုတ်ရပါမယ်” ဟု ဆိုသည်။ သို့သော် ဗိုင်းရပ်စ်များအနေဖြင့် မျက်နှာပြင်အမျိုးမျိုးပေါ်၌ ရှိနေပြီး ရောဂါကူးစက်စေနိုင်သည့် အချိန်အတိုင်းအတာနှင့် ပတ်သက်သော အချက်အလက်များအား ယခုအထိ တိတိကျကျ မသိရသေးပေ။ ဗိုင်းရပ်စ်သည် မျက်နှာပြင်အမျိုးမျိုးပေါ်၌ ရက်အတန်ကြာ နေနိုင်ကြောင်းကိုမူ လေ့လာချက်များက ပြနေသည်။ သို့သော် ယင်းလေ့လာချက်ရလဒ်များသည် ဓာတ်ခွဲခန်းအတွင်း အနေအထား၌ မှတ်တမ်းတင်ထားခြင်းဖြစ်ပြီး တကယ့်ပြင်ပကမ္ဘာတွင် သတိထားကာ အညွှန်းပြုရမည်ဖြစ်သောကြောင့် ယင်းအမြင့်ဆုံး အချိန်အတိုင်းအတာများ ဟူသည်မှာလည်း သဘောတရားသက်သက်သာ ဖြစ်နိုင်သည်ဟု ဆိုသည်။  

ထို့ကြောင့် ပိုးသတ်ဆေးဖျန်းခြင်းသည် ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ်ကို မသုတ်သင်နိုင်သည့်အပြင် ကျန်းမာရေးအန္တရာယ်ပင် ဖြစ်စေနိုင်သည်ကို အထူးသတိပြုရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

 (မေ ၁၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent