နိုင်ငံအချို့တွင် COVID- 19 ကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်းများ ကျဆင်းမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မေ ၁၁ ရက်တွင် ဂုဏ်ပြုခဲ့သော်လည်း ယင်းနိုင်ငံများတွင် ထိန်းချုပ်ကန့်သတ်ချက်များ စတင်ဖြေလျှော့ပေးနေစဉ် အလွန်အမင်း သတိထားကြရန်လည်း တိုက်တွန်းခဲ့သည်။ ဥရောပ၏ နေရာအများအပြားတွင် မေ ၁၁ ရက်မှ စတင်၍ Lockdown စီမံချက်များအား ဖြေလျှော့သော ရှည်လျားသည့်လုပ်ငန်းစဉ်ကို စတင်ခဲ့ကြသည်။ ပြင်သစ်နှင့် စပိန်ကဲ့သို့သော နိုင်ငံများတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက် ကျဆင်းခဲ့မှုက ယင်းကဲ့သို့ ဖြေလျှော့ရန် ရဲဆေးတင်ပေးခဲ့သည်။ ဗိုင်းရပ်စ်ကူးစက်မှုအား နှေးကွေးစေရန်နှင့် နောက်ဆုံး၌ လူ့အသက်များအား ကယ်တင်နိုင်ရန် အောင်မြင်မှု ကြီးကြီးမားမားရရှိခဲ့ခြင်းက သတင်းကောင်းဖြစ်ကြောင်း WHO အကြီးအကဲ တက်ဒရိုအက်ဟာနွမ်ဂေဘရီယေဆက်က ပြောကြားခဲ့သည်။ Lockdown စီမံချက်များအား တဖြည်းဖြည်းဖယ်ရှားပေးမှုသည် မျှော်လင့်ချက် အမှတ်လက္ခဏာ ဖြစ်ကြောင်း WHO ၏ အရေးပေါ်အခြေအနေ တုံ့ပြန်ဖြေရှင်းမှုဆိုင်ရာ အကြီးအကဲ မိုက်ကယ်ရိုင်ယန်က ပြောကြားခဲ့သည်။ သို့သော် အလွန်အမင်း သတိရှိမှု လိုအပ်ကြောင်း ၎င်းက သတိပေးခဲ့သည်။
နိုင်ငံအများအပြားတွင် အကောင်အထည်ဖော်ခဲ့ကြသော ပြင်းထန်သည့် တုံ့ပြန် ဆောင်ရွက်ချက်များသည် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအား အစမ်းသဘော ထိန်းသိမ်းကိုင် တွယ်ခွင့်ရရှိခဲ့ပြီး ကူးစက်မှုလှိုင်းသစ်များ ဖြစ်ပေါ်လာမည်ကို ကျယ်ကျယ်ပြန့်ပြန့် စိုးရိမ်ခဲ့ကြသည်။ ကူးစက်မှုဒုတိယလှိုင်းကို ရှောင်လွှဲနိုင်ရန်အတွက် နိုင်ငံများအနေဖြင့် ကူးစက်မှုအသစ်များအား ဖော်ထုတ်ခြင်း၊ ခြေရာခံခြင်းနှင့် ထိတွေ့မှုရှိသူအားလုံးကို သီးသန့်ခွဲထားခြင်းတို့ လုပ်ဆောင်နိုင်ရေးအတွက် အများပြည်သူကျန်းမာရေးဆိုင်ရာ တုံ့ပြန်မှုများကို တိုးမြှင့်ရန် ရိုင်ယန်က တိုက်တွန်းခဲ့သည်။ နိုင်ငံအများအပြားတွင် ၎င်းတို့၏ အများပြည်သူဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု စွမ်းရည်ကို တိုးမြှင့်ရန်အတွက် အလွန်စနစ်ကျသော ရင်းနှီးမြှုပ်နှံမှုများကို လုပ်ဆောင်နေကြသော်လည်း အချို့နိုင်ငံများကမူ ဆောင်ရွက်ခြင်းမရှိကြကြောင်း ၎င်းက သတိပေးခဲ့သည်။ အစုလိုက် ကူးစက်မှုများအား စစ်ဆေးရန်နှင့် ဖော်ထုတ်ရန် စွမ်းရည်နိမ့်ပါးသော နိုင်ငံများတွင် ရောဂါကူးစက်မှု ဆက်လက်ဖြစ်ပွားနေပါက ရောဂါတစ်ဖန်ဖြစ်ပွားမှု အန္တရာယ်သည် အမြဲတမ်း ရှိနေမည်ဖြစ်ကြောင်း ရိုင်ယန်က ပြောကြားခဲ့သည်။ နိုင်ငံအချို့သည် ၎င်းတို့တွင် အခွင့်အလမ်းများ ရှိနေချိန်၌ ရောဂါစစ်ဆေးမှုနှင့် ခြေရာခံမှုလုပ်နိုင်စွမ်းကို တိုးမြှင့်ခြင်းမရှိဘဲ မျက်ကွယ်ပြုထားကြကြောင်း ၎င်းက ဝေဖန်ပြောကြားခဲ့သည်။
ဗိုင်းရပ်စ်ပျံ့နှံ့မှုအား ဟန့်တားရန်အတွက် လိုအပ်သော တုံ့ပြန်ဆောင်ရွက်မှုများအား ပြုလုပ်ခြင်းမရှိသော်လည်း နိုင်ငံအချို့တွင် ၎င်းတို့၏ ပြည်သူများအား Herd Community ဟုခေါ်သော လူအစုလိုက် ကိုယ်ခံအား အလျင်အမြန်ရရှိစေရန် လုပ်ဆောင်နေသည့်မူကို WHO က သတိပေးခဲ့သည်။ လူတစ်ဦးသည် ကူးစက်ခံရခြင်း ရှိ မရှိ ဆုံးဖြတ်ရန်အတွက် သွေးထဲတွင် ပဋိပစ္စည်းများရှိမှုကို ဖော်ထုတ်သော သွေးရည်ကြည်ဗေဒဆိုင်ရာ လေ့လာမှုများကို နိုင်ငံအများအပြားတွင် ဆောင်ရွက်နေကြသည်။ ထိုလေ့လာမှုများအား WHO က အရေးပေါ် ခန့်မှန်းတွက်ချက်မှု မလုပ်ရသေးသော်လည်း ကနဦးတွင် ထုတ်ပြန်ထားသောရလဒ်များအရ လူများ၏ တစ်ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအကြား ရောဂါကာကွယ်နိုင်သော ပဋိပစ္စည်းများ ရှိနေကြောင်း ပြသခဲ့သည်ဟု WHO ၏ COVID-19 ဆိုင်ရာ လုပ်ထုံးလုပ်နည်းဆိုင်ရာ အဖွဲ့ဦးဆောင်သူ မာရီယာဗန်ကက်ဟော့က ပြောကြားခဲ့သည်။ ယင်းအတွက်ကြောင့် လတ်တလောအထိ လူအချိုးအစားအနည်းငယ်ကသာ ရောဂါကာကွယ်နိုင်စွမ်း ရရှိထားကြောင်းကို အဆက်မပြတ် ညွှန်းဆိုမှုရှိနေဖွယ်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ Lockdown များကို သတိကြီးစွာဖြင့် ဖြည်းဖြည်းချင်း ပြန်လည်ဖြေလျှော့ ပေးရမည်ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း ရောဂါစစ်ဆေးမှုနှင့် ခြေရာခံမှု လုပ်နိုင်စွမ်းကို တိုးမြှင့်သွားရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ (မေ ၁၃ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)








