ပိတ်သူ ပိတ်၍ ဖွင့်သူ ဖွင့်သည့် Lockdown များ

ပိတ်သူ ပိတ်၍ ဖွင့်သူ ဖွင့်သည့် Lockdown များ
Published 11 May 2020

ကမ္ဘာ့တစ်ဝန်း ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း လေးသန်းကျော် ရှိလာချိန်၌ ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းကို စိုးရိမ်နေကြသော်လည်း အပြင်းထန်ဆုံး ရိုက်ခတ်ခံရသည့် နိုင်ငံအချို့က မေ ၁၁ ရက်တွင် Lockdown ကန့်သတ်ချက်အချို့ကို ပြန်လည် ရုပ်သိမ်းခဲ့ကြသည်။ ကမ္ဘာတစ်လွှားမှ အစိုးရအဖွဲ့များသည် လူပေါင်း သန်းနှင့်ချီလျက် အလုပ်လက်မဲ့ ဖြစ်ကြရပြီး သမိုင်းဝင် ကျဆင်းမှုရှိနေသည့် စီးပွားရေးအပေါ် ဖိအားလျော့ပါးစေရန် စဉ်းစားနေရချိန်တွင် ရောဂါပျံ့နှံ့မှုကိုလည်း ရပ်တန့်နိုင်ရန် ကြိုးပမ်းနေရသည်။ သို့သော် သေဆုံးသူအရေအတွက်သည် ၂၈၂,၀၀၀ ကျော်လာပြီး နိုင်ငံများအနေဖြင့် ၎င်းတို့၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်များကို မနိုင်ဝန်ပိလာစေမည့် ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းကို ရှောင်လွှဲနိုင်ရန်လည်း စိတ်အား ထက်သန်နေကြသည်။

လူသေဆုံးမှု များပြားသော်လည်း ဥရောပနိုင်ငံအချို့က တိုးတက်မှုလက္ခဏာရပ်များပေါ် မူတည်လျက် ပုံမှန်ဘဝသို့ ပြန်သွားရေး ခြေလှမ်းများကို သတိကြီးကြီးဖြင့် လှမ်းလာကြသည်။ ပြင်သစ်အာဏာပိုင်များက မေ ၉ ရက်တွင် လူ ၈၀ ဦး သေဆုံးမှုသည် ဧပြီအစောပိုင်း၏နောက်ပိုင်း နေ့စဉ် သေဆုံးမှုနှုန်း အနိမ့်ဆုံးဖြစ်ကြောင်း ပြောကြားခဲ့ပြီး လွန်ခဲ့သည့် သီတင်းရှစ်ပတ်ကတည်းက ချမှတ်ထားသည့် လူထုလှုပ်ရှားမှု ကန့်သတ်ထားခြင်းများကို ပြန်လည်လျှော့ချရန် ပြင်ဆင်ခဲ့သည်။ စပိန်နိုင်ငံတွင် ဇွန်လအထိ ရှိသော ကူးပြောင်းရေးအဆင့်တစ်ရပ်ကို ရေးဆွဲထားရာ လူဦးရေ၏ ထက်ဝက်ခန့်ကို မေ ၁၁ ရက်၌ အကန့်အသတ်ရှိသော လူမှုရေးဆိုင်ရာ လှုပ်ရှားမှုများ ခွင့်ပြုမည်ဖြစ်ပြီး စားသောက်ဆိုင်များအား ပြင်ပဝန်ဆောင်မှုများ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်သည်။သို့သော် ရောဂါကူးစက်ပျံ့နှံ့မှု ပြန်လည်မြင့်မားလာမည်ကို စိုးရိမ်နေရသောကြောင့် အာဏာပိုင်များက COVID-19 ကူးစက်ပျံ့နှံ့ရာ အချက်အချာနေရာများ ဖြစ်ကြသော မက်ဒရစ်နှင့် ဘာစီလိုနာမြို့များကို ကူးပြောင်းရေး ပထမအဆင့်၌ ချန်လှပ်ထားသည်။ ဘယ်လ်ဂျီယမ်နိုင်ငံတွင်လည်း မေ ၁၁ ရက်၌ ကန့်သတ်ထိန်းချုပ်ထားမှုအချို့ကို ပြန်လည်လျှော့ပေါ့ပေးမည်ဖြစ်ပြီး ဂျာမနီနိုင်ငံက မေ ၉ ရက်တွင် အရက်ဆိုင်များနှင့် စားသောက်ဆိုင်များ ပြန်လည်ဖွင့်ခွင့်ပြုခဲ့ခြင်းနှင့်အတူ မေ ၁၁ ရက်တွင် နောက်ထပ် လျှော့ပေါ့မှုများကို ထပ်မံခွင့်ပြုသွားဦးမည် ဖြစ်သည်။

ဗြိတိန်နိုင်ငံကမူ ပြည်ပမှ ဝင်ရောက်လာသူအားလုံးအနေဖြင့် သီတင်းနှစ်ပတ်ကြာ Quarantine ကို မဖြစ်မနေ ဝင်ရမည်ဟု မေ ၁၀ ရက်တွင် ထုတ်ပြန်ရန် စီစဉ်နေပြီး ဥရောပသမဂ္ဂက ဥရောပဇုန်ပြင်ပမှ ခရီးသွားများအတွက် နယ်စပ်ဖွင့်ပေးခြင်းများ မပြုလုပ်ကြရန် သတိပေးထားသည်။ ဥရောပတစ်လွှားတွင် နာဇီဂျာမနီ လက်နက်ချသည့် ၇၅ နှစ်ပြည့် အထိမ်းအမှတ်များ ပြုလုပ်ရန်အစီအစဉ်များကို ဖျက်သိမ်းခြင်း သို့မဟုတ် လျှော့ချခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ တောင်ကိုရီးယားနိုင်ငံသည် ဗိုင်းရပ်စ် ထိန်းချုပ်မှုအတွက် ကမ္ဘာလုံးဆိုင်ရာ စံပြတစ်ခုအဖြစ် နမူနာပြခံထားရသော်လည်း ဆိုးလ်ရှိ ညအချိန် လူစည်ကားရာအရပ်များထဲမှ တစ်ခုဖြစ်သည့် အီတေးဝမ်တွင် လူအစုလိုက် ဗိုင်းရပ်စ်ကူးစက်မှုအသစ် ဖြစ်ပွားခဲ့ပြီးနောက် မေ ၉ ရက်တွင် ဆိုးလ်မြို့တော်ဝန်က ကလပ်နှင့် ဘား အားလုံး ပိတ်ပစ်ရန် ညွှန်ကြားခဲ့ပြီး သမ္မတ မွန်းဂျေအင်းက လူထုကို   သတိဝီရိယရှိကြရန် တိုက်တွန်းခဲ့သည်။

 ဟားဗက်တက္ကသိုလ် ကူးစက်ရောဂါဗေဒဌာနပါမောက္ခ ဒေါက်တာ မက်လစ်ဆစ်က “လူတွေ ဘယ်လောက်ကြာအောင် အိမ်ထဲနေရဦးမလဲ” ဟူသည့် မေးခွန်းကို ဖြေဆိုရာတွင် “ ဒါက သိပ္ပံပညာနဲ့ပဲဆိုင်တဲ့ ရွေးချယ်စရာတော့ မဟုတ်​ဘူး။ ဒါက အဆုံးသတ်မှာ နိုင်​ငံ​ရေးနဲ့ဆိုင်တဲ့ ​ရွေးချယ်​စရာ ဖြစ်လာမှာဖြစ်ပြီး သိပ္ပံပညာက ထည့်ဝင်မှုတစ်ခုပဲ ဖြစ်ပါလိမ့်မယ်။ ဒါက သိပ်အရေးကြီးတဲ့ ထည့်ဝင်မှုတစ်ခု ဖြစ်ပါစေလို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေမဲ့ တကယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦးက အဲဒီကန့်သတ် ထိန်းချုပ်ထားမှုတွေ ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်တယ်ဆိုရင် အကျိုးဆက်​တွေ စောင့်ကြည့်ဖို့နဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးကို ဖြုတ်ချဖို့ကလွဲပြီး ရွေးချယ်နိုင်တာ များများစားစား မရှိပါဘူး။ ​မေးခွန်​းက ကာကွယ်ဆေးရတဲ့အထိ ဒါမှမဟုတ်​ ကျွန်တော်တို့အနေနဲ့ သဘာဝအတိုင်း ‘လူအုပ်စုလိုက် ကိုယ်ခံအား’ (Herd Immunity) ရဖို့ဆီ ဦးတည်ဖို့ ရောဂါကူးစက်ခံရသူတွေ စုပုံလာမှု ပိုမိုနှေးကွေးအောင် လုပ်နိုင်တဲ့အထိ ကျွန်တော်တို့အနေနဲ့ အကျိုးဆက်တွေကို ကောင်းကောင်းတောင့်ခံထားနိုင်မလား ဆိုတာပါပဲ။ ဒါပေမဲ့ ဒါဟာ နှေးကွေးတဲ့ ဖြစ်စဉ်တစ်ရပ်ပါ” ဟု ဆိုသည်။

အမှန်တကယ်၌ Lockdown ဖြစ်စေ၊ အခြားအမည်တစ်ခုဖြင့်ဖြစ်စေ မည်သို့ပင် ခေါ်စေကာမူ ကန့်သတ်ထိန်းချုပ်ထားမှုများကို အဆင့်ဆင့် ပြန်လည်ရုပ်သိမ်းရန် သို့မဟုတ် ပြန်လည်တိုးမြှင့်ရန်မှာ ‘အထောက်အထားအပေါ် အခြေခံသည့်’  (Evidence based) မူဝါဒများဖြစ်ရန် အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■ (မေ ၁၂ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent